သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံ့အရေးလုပ်မယ့်သူတွေ မကြာခင် လွတ်ဖွယ်ရှိ


နိုင်ငံ့အရေးလုပ်မယ့်သူတွေ မကြာခင် လွတ်ဖွယ်ရှိ
နိုင်ငံ့အရေးလုပ်မယ့်သူတွေ မကြာခင် လွတ်ဖွယ်ရှိ

မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့သူတွေထဲက နိုင်ငံ့အရေးဆောင်ရွက်မယ့်သူမျိုးကို ဦးစားပေးလွှတ်သွားဖို့ နီးပါပြီလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောလိုက်ပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ရန်ကုန်ရုံးခွဲ ဖွင့်ပွဲမှာ သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက လွှတ်တော်ကိုသွားပြီး လေ့လာဖို့ ဒီဇင်ဘာလ ၁၁ ရက်ကနေ ၁၈ ရက်နေ့အထိ သွားမယ့်အစီအစဉ်ကိုလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အသိပေးခဲ့တဲ့ အကြောင်းကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က အစီရင်ခံထားပါတယ်။

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့နေရာမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရေးဟာ အဓိကဖြစ်တယ်လို့ အမေရိကန်က ပြောနေချိန်မှာ မကြာခင် လွှတ်ပေးဖို့ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) ကို ပြည်သူ့လွှတ်တော်မှာ တွေ့ဆုံစဉ်က ပြောခဲ့တဲ့အကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောလိုက်တာဖြစ်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ ယုဇနတာဝါမှာလုပ်တဲ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေး ကော်မရှင် ရုံးခွဲဖွင့်ပွဲမှာ သူက ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားဆိုတာ မြန်မာနိုင်ငံမှာ မရှိပါဘူးဆိုတဲ့ မြန်မာအစိုးရနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ အမေရိကန်ကြား အခေါ်အဝေါ် အငြင်းပွားနေမှုကို ဘေးဖယ်ထားဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးရွှေမန်းက ပြောခဲ့ပါတယ်။

“ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ၊ နိုင်ငံရေးအကျဉ်းသား စတဲ့ စကားရပ်တွေအပေါ်မှာ ဘာမှ အငြင်းပွားမနေနဲ့။ အားလုံးပါဝင်နိုင်ဖို့အတွက် နိုင်ငံ့အရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားပြီးတော့လုပ်မယ့် ပုဂ္ဂိုလ်မျိုးကို အထူး ဦးစားပေး စဉ်းစားရေးအတွက် ဆောင်ရွက်ပါ့မယ်လို့ ဒီလိုပြောခဲ့တာရှိပါတယ်။ နောက်တစ်ခု ဘယ်ရက်လဲ ဆိုတာကျတော့ နီးလာပြီလို့ပဲ ပြောလို့ရတယ်လေ။”

ဒီဇင်ဘာလ ၁ ရက်နေ့က နေပြည်တော်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့စဉ်မှာ နိုင်ငံရေး အကျဉ်းသားတွေကိစ္စနဲ့ ပတ်သက်လို့ ပြောခဲ့တာကို သတင်းထောက်တွေကို ဦးရွှေမန်းက ပြန်ရှင်းပြခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၃၀ ကနေ ဒီဇင်ဘာလ ၂ ရက်နေ့အထိလာသွားတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း မြန်မာအာဏာပိုင်တွေနဲ့ ဒီကိစ္စ ဆွေးနွေးမှုဟာ အားတက်စရာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို အသိပေးခဲ့ပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့ ယုဇနတာဝါမှာ သတင်းထောက်တွေနဲ့ အမေးအဖြေလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်နေတာနဲ့ ပတ်သက်လို့လည်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဥပဒေပိုင်းနဲ့ ပတ်သက်လို့တော့ -

“တည်ဆဲဥပဒေတွေကို လေ့လာကြည့်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူး၊ ပြီးတဲ့အခါမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်လို့ ထိခိုက်နေမယ်ဆိုရင်လဲ၊ ပြီးတဲ့အခါမှာ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အကျိုးမဖြစ်ဘူး၊ ကာကွယ်စောင့်ရှောက်မှု မရှိဘူးဆိုတဲ့ ဥပဒေတွေကို ကျနော်တို့က အမြန်ဆုံး ဖျက်သိမ်းစေချင်တယ်။ ပြင်စရာရှိရင် အမြန်ဆုံး ပြင်မယ်။ ဒါကြောင့်မိုလို့ ကျနော်က ခုနကပြောတဲ့ လာမယ့်လွှတ်တော်တွင်းမှာ အရေးကြီးတဲ့ဟာတွေကို ပြုပြင်ဖို့ အဆိုလည်းတင်၊ တဘက်ကလည်း ခင်ဗျားတို့ ကျုပ်တို့လည်း လုပ်မယ်ဆိုရင် တိုးတက်မှုတွေ ရှိလာမှာပဲ။”

လွှတ်တော်တာဝန်ရှိသူတချို့၊ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အဖွဲ့ဝင်တချို့နဲ့အတူ ဒီဇင်ဘာလ ၁၁ ရက်ကနေ ၁၈ ရက်အထိ အိန္ဒိယကိုသွားဖို့ ရှိတယ်ဆိုတာကိုလည်း ဦးရွှေမန်းက ခုလို အသိပေးခဲ့ပါတယ်။

“ကျနော်တို့က လေ့လာချင်တာကတော့ လွှတ်တော်။ လွှတ်တော်ကို လေ့လာတဲ့အခါမှာ လွှတ်တော်နဲ့ အစိုးရအဖွဲ့ ဆက်သွယ်ရေး ဆက်ဆံရေး၊ လွှတ်တော်နဲ့ အခြားလွှတ်တော်များ ဆက်သွယ်ရေး ဆက်ဆံမှု၊ ပြီးတဲ့အခါမှာ ဒီထဲမှာ တကယ်လို့များ ကျနော်တို့က အချိန်ရမယ်ဆိုရင် တကယ်ကို လေ့လာသင့်တဲ့ကိစ္စက အိန္ဒိယနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်တယ်။”

သူ့ခရီးစဉ်အတွင်းမှာ အိန္ဒိယလွှတ်တော်ကို အဓိကထား လေ့လာမယ့်အပြင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းတွေ ဘယ်လိုပေးနေလဲ၊ နိုင်ငံရဲ့ အသုံးစရိတ် ဘက်ဂျက်ကိစ္စတွေကို လွှတ်တော်ထဲမှာဘယ်လို ဆွေးနွေး ဆောင်ရွက်ကြသလဲ၊ ဒါ့အပြင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လွှတ်တော်က ဘယ်အတိုင်းအတာအထိ လုပ်သလဲဆိုတဲ့ ကိစ္စတွေကို အိန္ဒိယခရီးစဉ်မှာ အဓိကထား လေ့လာသွားမယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးစနစ် ကောင်းမွန်တဲ့ ဗြိတိန်နိုင်ငံဆီက အမွေရထားတဲ့ အိန္ဒိယအုပ်ချုပ်ရေးစနစ်ကို လေ့လာဖို့ လိုအပ်တယ်လို့လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးရွှေမန်းက သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။ နိုင်ငံတကာဆက်ဆံရေး မဟာဗျူဟာတွေ ချမှတ်တဲ့နေရာမှာလည်း လွှတ်တော်တာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ပေါင်းပြီး စဉ်စားသွားဖို့ လိုအပ်တယ်လို့လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG