သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ကချင်ပြည်နယ် သွားရောက်


ကချင်ဒုက္ခသည်စခန်း
ကချင်ဒုက္ခသည်စခန်း
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းရေးအတွက် ပဏာမ ဆွေးနွေးမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် လွှတ်တော်အဆင့်မြင့် တာဝန်ရှိသူတွေ ပဋိပက္ခဖြစ်ရာ ဒေသကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းနဲ့အဖွဲ့ ကချင်ပြည်နယ်ကို သွားရောက်ခဲ့ကြတဲ့အတွက် ငြိမ်းချမ်းရေး ရရှိရေးမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့လည်း ကချင်ပြည်နယ်က နိုင်ငံရေးသမားတချို့က မျှော်လင့်နေကြတာပါ။ တချိန်တည်းမှာပဲ တိုက်ခိုက်မှုတွေ ကြိုကြားကြိုကြားဆိုသလို ရှိနေဆဲဖြစ်တဲ့ ဒေသတွင်းမှာ ငြိမ်းချမ်းရေး ရဖို့ဆိုရင် အစိုးရဘက်က တပ်အင်အားတွေ လျှော့ချဖို့ လိုမယ်လို့လည်း မြင်ကြပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌရဲ့ ကချင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်ပြီး ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ သတင်းထောက် ကိုမိုးဇော်က အခုလို တင်ပြထားပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းနဲ့အဖွဲ့ဟာ ကချင်ပြည်နယ် ပူတာအိုနဲ့ မြစ်ကြီးနားမြို့တွေကို သွားရောက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးကိစ္စအပါအဝင် လိုအပ်ချက်တွေ၊ အခက်အခဲတွေ၊ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်းမှာ မနေ့ မနက်ပိုင်းကတော့ ပူတာအိုမြို့က ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ သလို နေ့ခင်းပိုင်းမှာတော့ မြစ်ကြီးနားမြို့က ကယ်ဆယ်ရေးစခန်းကို သွားရောက်ခဲ့ပြီး၊ ညနေပိုင်းမှာတော့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ညနေပိုင်း မြစ်ကြီးနားမြို့က မြို့တော်ခန်းမဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO ဒုဥက္ကဌဟောင်းဖြစ်တဲ့ ဒေါက်တာတူးဂျာ က ပြည်သူ့လွှတ်တော်ဥက္ကဌရဲ့ ခရီးစဉ်အပေါ် အခုလို သုံးသပ်ပါတယ်။

“သူကလေ ကချင်ပြည်နယ်က အခြေအနေကို ကိုယ်တိုင်လာပြီးတော့ လေ့လာချင်တယ်ပေ့ါ။ ကချင်ပြည်နယ်က ပြည်သူတွေရဲ့အသံကို ကြားချင်တယ်။ တင်ပြခိုင်းတဲ့နေရာမှာလည်း သူက နှစ်ပိုင်းခွဲတယ်ခင်ဗျ။ ငြိမ်းချမ်းရေးနဲ့ဆိုင်တာကို အရင် တင်ပြခိုင်းတယ်။ ပြီးတာနဲ့ ဒေသလိုအပ်ချက်တွေပေါ့။ ဘာတွေရှိလဲပေါ့။ ခွဲပြီး တင်ပြခိုင်းတယ်။ လာရောက်တဲ့ ပရိသတ်ထဲကလည်း ပွင့်ပွင့်လင်းလင်းပဲ တင်ပြကြတာပဲ။ တင်ပြကြတဲ့သူတွေလည်း တော်တော် များပါတယ်။ ကျနော်တယောက်အနေနဲ့ ကတော့ အားရကျေနပ်ပါတယ်။ နောက်ပြီးတော့မှ သူက ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး အရိပ်အယောင် လာပြသွားတာပဲ။ ဆက်လက်ပြီး တိုက်ပွဲတွေ မရှိနိုင်တော့ဘူးဆိုတာကို အရိပ်အယောင် လာပြသွားတာလို့ ကျနော် အဲ့လို မြင်ပါတယ်။”

အခြားတက်ရောက်သူတဦးဖြစ်တဲ့ ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ဦးစိုင်းကျော်ထွေး ကတော့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အထောက်အကူ ဖြစ်စေ တယ်လို့ ပြောပါတယ်။

“သူက ပြည်သူလူထု အသံ ကြားချင်တယ်ဆိုတော့ ပြည်သူလူထုကတော့ ပြောတာပေါ့နော့်၊ ငြိမ်းချမ်းရေး လိုချင်တယ်။ ကချင်ပြည်နယ်မှာ ဒါတွေဟာ ဘ၀ လုံခြုံမှုမရှိဘူးပေါ့။ ပြည်သူလူထု အသံတွေကတော့ ပြည်နယ် ဖွံ့ဖြိုးရေးတွေအတွက် တင်ပြလိုက်ရတာတော့ ကောင်းတာပေါ့နော်။ သူ လာတဲ့ ခရီးစဉ်အပေါ်မှာတော့ ငြိမ်းချမ်းရေးအတွက် အထောက်အပံ့တော့ အတိုင်းအတာ တခုထိတော့ ဖြစ်တယ်လို့တော့ ပြောရမှာပေါ့လေ။ မကြာမကြာလေး လာစေချင်တယ် ကျနော်တို့ကတော့။”

ဒီဆွေးနွေးပွဲကို လူ ၄၀၀ ကျော်လောက် တက်ရောက်ပြီး၊ ၄နာရီခွဲလောက် ကြာအောင် ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးတာရှီလဆိုင်းကတော့ ငြိမ်းချမ်းရေး ရဖို့ဆိုရင် အစိုးရစစ်တပ်တွေ ရုပ်သိမ်းဖို့ လိုအပ်ကြောင်း အခုလို ပြောပါတယ်။

“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးမှ ကျနော်တို့ ပြောချင်တာကတော့ - စစ်တပ်တွေ ရုပ်သိမ်းမယ်ဆိုရင် ဒါ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာနိုင်မယ်လို့ ကျနော်တို့ကတော့ ဒီလို မြင်တယ်လေ။ အခုအနေအထားမှာ ကလည်း တပ်မတော်ကတော့ စစ်တပ်တွေ အလုံအရင်းနဲ့ ပြန်ပို့နေတာ၊ အခု ဒီ ဖားကန့်ဘက်မှာ ဆိုရင်လည်း တပ်ရင်းပေါင်း ၁၀ ရင်းလောက်ကို သူတို့က ပို့ထားတာရှိတယ်။ တဘက်မှာလည်း KIA တပ်ရင်းကလည်း လက်နက်ကိုင်တဲ့ အဖွဲ့အစည်းဆိုတော့ ထိပ်တိုက် တွေ့သွားတဲ့အချိန်ကျတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ပြန်ဖြစ်လာနိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်လေ။”

ဒီလ ၉ ရက်နေ့ကလည်း ဖားကန့်ဒေသမှာ ပစ်ခတ်မှု ဖြစ်တာကြောင့် လူငယ်တယောက် ထိခိုက်ခဲ့တယ်လို့ ဦးတာရှီလဆိုင်း က ဆက်ပြောပါတယ်။

“၉ ရက်နေ့ကလည်း ည ၁၀ နာရီလောက်မှာ သူတို့ဟာသူတို့ ထင်ယောင်ထင်မှားနဲ့ ပစ်တော့ ပြည်သူတဦး ဒဏ်ရာ ရတာပေါ့နော်။ တိုက်ခိုက်ရေးတပ်ရင်းက ဖားကန့်မြို့ပေါ်မှာ သူတို့ တံတားမှာ နေရာယူထားတာပေါ့နော်။ အဲ့ဒီနေရာမှာ နေရာယူထားတော့ အဲ့ဒီကလေးက အဲ့ဒီညမှာ တရုတ်နှစ်သစ်ကူးညဆိုတော့ အဲ့ဒီ ကလေးက ပွဲသွားရင်းနဲ့ အဲ့မှာ ည မိုးချုပ်တော့ လမ်းပိတ်ထားတာ သူက မသိဘူး။ အဲ့ဒီမှာ သွားတဲ့အချိန်မှာ သေနတ်သံတွေ သူက ကြားလာတော့ သူလဲ ပြေးရင်း လွှားရင်းနဲ့ အဲ့ဒီမှာ သူ့ကို KIA အထင်နဲ့ လှမ်းပစ်တယ်လို့ပြောတယ်။ အဲ့ဒီမှာ သူ ထိတော့ ဒဏ်ရာနဲ့ ဆေးရုံဘက်ကို ပြေးသွားပြီးမှ ဆေးရုံမှာ သွားနေထားတာ။”

ဒီရက်ပိုင်းတွေအတွင်းမှာတော့ KIA နဲ့ အစိုးရတပ်အကြား တိုက်ခိုက်တာတွေဟာ အတော်လေး ငြိမ်သက်နေပါတယ်။ ဒီလ ၄ ရက်နေ့ကတော့ နှစ်ဘက်ကိုယ်စားလှယ်တွေဟာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံပြီး နှစ်ဘက် စစ်ရေး တင်းမာမှုတွေ လျှော့ချနိုင်ဖို့၊ ခိုင်မာတဲ့ စစ်ပြေငြိမ်းရေးကို ဖော်ဆောင်နိုင်ဖို့အတွက် ပဋိပက္ခ ဖြစ်ပွားတဲ့နေရာတွေမှာ စောင့်ကြည့်လေ့လာရေး စနစ်တွေ ထားရှိဖို့နဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဆက်လက်ဆောင်ရွက်သွားဖို့ သဘောတူညီထား ပါတယ်။
XS
SM
MD
LG