သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြုပြင်ပြောင်းလဲရေး အတုယူဖို့ သူရဦးရွှေမန်းတိုက်တွန်း


တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကနေ မြန်မာနိုင်ငံအတွက် သင်ခန်းစာအဖြစ် အတုယူစရာတွေ ရှိနေတဲ့အကြောင်း လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာစတင်မယ့် တရုတ်နိုင်ငံခရီးစဉ် မတိုင်မီမှာပဲ တရုတ်ခေါင်းဆောင်တွေရဲ့ ပြုပြင်ပြောင်းလဲ မှုတွေမှာ အားကျစရာတွေ ရှိနေတဲ့အကြောင်း အာဏာရပါတီ ထိပ်တန်းခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ဦးရွှေမန်းက ပြောဆိုခဲ့တာပါ။ တရုတ်-မြန်မာ ဆက်ဆံရေး အခြေအနေနဲ့ စိန်ခေါ်မှုတွေအကြောင်းကိုတော့ ကျွမ်းကျင်သူတွေရဲ့ အမြင်တွေကို ကိုဝင်းမင်းက စုစည်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ အထက်နဲ့အောက် လွှတ်တော်နှစ်ရပ်ပေါင်းဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ရှေ့ဆက်တိုးမြှင့်လုပ်ဆောင်ရာမှာ တရုတ်နိုင်ငံ ဖွံ့ဖြိုးရေးအတွေ့အကြုံတွေကို လေ့လာသင်ခန်းစာယူသွားဖို့ ဆန္ဒရှိတယ်လို့ တနင်္ဂနွေနေ့က ထုတ်ပြောလိုက်ပါတယ်။

ဧပြီလ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၅ ရက်တာသွားမယ့် တရုတ်ခရီးစဉ် မတိုင်ခင်နေ့မှာပဲ အောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်၊ လက်ရှိ အစိုးရပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးရွှေမန်းက တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ တိုးတက်လာမှုတွေကို လေးစားအားကျမိတယ်လို့ တရုတ်အစိုးရရုပ်မြင်သံကြား CCTV ကို ထုတ်ပြောလိုက်တာပါ။

ဦရွှေမန်းက တရုတ်မှာပြုပြင်ပြောင်းလဲမှုကို လုပ်ငန်းစဉ်တခုအဖြစ် ဆက်တိုက် လုပ်ခဲ့မှုရဲ့ အရေးပါပုံကို သင်ခန်းစာယူသင့်တယ်လို့ ခုလိုပြောလိုက်ပါတယ်။

“ဒီကနေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပြုပြင်ပြောင်းလဲရေးကို ဆက်တိုက် ဆောင်ရွက်နေပါတယ်။ အဲဒါတွေဟာ မြန်မာနိုင်ငံအတွက် အတုယူစရာတွေပါ။ တကယ်တန်းကျတော့ ပြုပြင်ပြောင်းလဲရေးက လိုပါတယ်။ ဒီကနေ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်တဲ့အတွက် တရုတ်ပြည်ဟာ ဒီလို တိုးတက်တာ ဖြစ်ပါတယ်။”

ဦးရွှေမန်းကပဲ မြန်မာနိုင်ငံမှလဲ ပြုပြင်ပြောင်းလဲရေးတွေကို တိုးမြှင့်လုပ်ဆောင်နေရာမှာ စီးပွားရေးဖွံ့ဖြိုးမှု ရလဒ်တွေကိုလည်း ပြည်သူလူထုခံစားနိုင်ဖို့ လုပ်ပေးရမယ်လို့ ထောက်ပြလိုက်ပါတယ်။

“ပြီးခဲ့တဲ့ ၃ နှစ်ကစပြီးတော့ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုများ များစွာ ရှိပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုပေါ့။ သို့ပေမယ့် စီးပွားရေးနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲတဲ့ နေရာမှာ မြန်မာနိုင်ငံသားတွေဟာ အကျိုးအမြတ် သိပ်ပြီးတော့ ရရှိလာခြင်း မရှိသေးပါဘူး။”

ဦးရွှေမန်းကဆက်ပြီး မြန်မာ့စီးပွားရေးတိုးတက်ဖို့လုပ်ရာမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံဖြစ်တာမို့ တရုတ်ရဲ့ အကူအညီအရပဲ မြန်မာ့စီးပွားဖွံဖြိုးဖို့ ခက်ခဲလိမ့်မယ်၊ အခုသူ့ခရီးစဉ်ဟာလည်း နှစ်နိုင်ငံချစ်ကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကြိုးပမ်းဖို့ဖြစ်တယ်လို့ ဆက်ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံ Harvard တက္ကသိုလ်ရဲ့ ကနေဒီအစိုးရပညာဌာနက အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်း အကြံပေး Thomas Vallely ကလည်း မြန်မာနိုင်ငံအနေနဲ့ တရုတ်ဆီက လေ့လာနိုင်စရာတွေ အများကြီးရှိတယ်၊ ဘာလို့လဲဆိုတော့ တရုတ်က တကယ့်ကို ထူးထူးခြားခြား တိုးတက်သွားခဲ့တာဖြစ်တယ်၊ ဒီနေရာမှာ တရုတ်နဲ့ဆက်ဆံရေးကောင်းဖို့လည်း အရေးကြီးတယ် လို့ဆိုပါတယ်။ မြန်မာအနေနဲ့ တရုတ်ဆီက သင်ခန်းစာယူနိုင်တဲ့ အထဲမှာ ပထမဆုံးအရေးကြီးတာက ဖွံ့ဖြိုးရေးမဟာဗျူဟာမှာ လျှပ်စစ်မီး တဖြည်းဖြည်း တိုးရလားရေး ထည့်သွင်းပြီး ဖြစ်အောင်လုပ်ဖို့လိုတယ်လို့ Mr. Vallely က ထောက်ပြလိုက်ပါတယ်။

“တရုတ်က စီးပွားရေးတိုးတက်မှု တနှစ်ကို ၁၀ % နှုန်းနဲ့ နှစ်ပေါင်း သုံးဆယ်ဆက်တိုက် တိုးတက်အောင်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ခုလို နှစ်ပေါင်း ၃၀ ဆက်တိုက် ၁၀% တိုးတက်ဖို့ဆိုရင် လျှပ်စစ်မီးက နှစ်စဉ် ၂၀% တိုးတက်အောင် ပြင်ဆင်ဖို့လိုတယ်လေ။ အဲ့ဒီတော့ ပထမဆုံး မြန်မာနိုင်ငံဘက်က သင်ခန်းစာယူလိုက်လုပ်သင့်တာက လျှပ်စစ်မီးတိုးရအောင် ဘယ်လိုပြင်ဆင်မလဲဆိုတာပါ။”

Mr. Vallely ကပဲ ဒုတိယ သင်ခန်းစာအနေနဲ့ မြန်မာအနေနဲ့ တရုတ်အစိုးရလို ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေတဲ့ အုပ်ချုပ်မှုဆိုင်ရာ တိုးတက်မှု ရှိလာဖို့ကြိုးပမ်းသင့်တယ်၊ ဒီနေရာမှာ တာဝန်ယူတာဝန်ခံမှုက အရေးကြီးတယ်၊ ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ တရုတ်က တပါတီအုပ်ချုပ်မှု ဖြစ်ပေမယ့် အုပ်ချုပ်မှုကောင်းမွန်မှုမှာ အဆင့် ၂၅၀ အထိမြင့်မားနေချိန်မှာ မြန်မာနိုင်ငံ ကတော့ အဆင့် ၅၀ နားမှာပဲ ရှိသေးတယ်လို့ ထောက်ပြလိုက်ပါတယ်။

ဒါ့အပြင် အခု ဦးရွေမန်းရဲ့ တရုတ်နိုင်ငံ ခရီးစဉ်မှာ နှစ်နိုင်ငံဆက်ဆံရေးတိုးမြင့်ဖို့ မှာ မြှစ်ဆုံဆည်ကို မြန်မာဘက်က ရွှေ့ဆိုင်းခဲ့မှုကြောင့် ကသိကအောင့်ဖြစ်နိုင်ပါလားလို့မေးရာမှာ -

“ရေကာတာတည်ဆောက်လုပ်မှုကို ဆိုင်းထားလိုက်တာက မြန်မာသမ္မတကချခဲ့တဲ့ အရေးပါတဲ့ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်ပါ။ ဒီဆုံးဖြတ်ချက်ကြောင့် ဦးရွှေမန်းရဲ့ အခုခရီးစဉ်က ပိုအားကောင်းသွားပါတယ်။ ဘာလို့လဲဆိုတော့ အရင်လို စဉ်းစားချက်မျိုးနဲ့ မလုပ်နိုင်တော့ဘူး၊ ရှေ့မှာတော့ မြန်မာအတွက်ရော တရုတ်အတွက်ပါ အကျိုးရှိတာမျိုး ပြောင်းလုပ်သွားမယ်လို့ ပြောဖို့အားပိုရှိသွားလို့ပါ။”

အင်္ဂါနေ့မှာ တရုတ်ပြည်ကိုရောက်မဲ့ ဦးရွှေမန်း အနေနဲ့လည်း မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကြောင့် တရုတ်နဲ့ဆက်ဆံရေး မထိခိုက်စေရဘူးလို့ ကတိပေးခဲ့ပါတယ်ခင်ဗျာ။
XS
SM
MD
LG