သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူရ ဦးရွှေမန်း တရုတ်ခရီးစဉ် စတင်


သူရ ဦးရွှေမန်း တရုတ်ခရီးစဉ် စတင်
သူရ ဦးရွှေမန်း တရုတ်ခရီးစဉ် စတင်

တရုတ်နိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုကို တိုးမြင့်ဖို့ သွားရောက်မှာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။ သူရ ဦးရွှေမန်းဟာ မနေ့က နေပြည်တော်ကနေ တရုတ်နိုင်ငံကို ၅ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက်တာဖြစ်ပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးထားပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဟာ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဌ Wu Bangguo ရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံကို သွားရောက်တာဖြစ်သလို တရုတ်နိုင်ငံဟာ လိုအပ်တဲ့အချိန်မှာ မြန်မာနိုင်ငံအတွက် အိမ်နီးချင်းကောင်း ပီသစွာ ရပ်တည်ပေးခဲ့တဲ့အတွက် အခုလို သွားရောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

"တရုတ် - မြန်မာ နှစ်နိုင်ငံဟာ အင်မတန်မှ ချစ်ခင် ရင်းနှီးတဲ့ နိုင်ငံများ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဟောင်း မိတ်ဆွေစစ် နိုင်ငံ ဖြစ်ပါတယ်။ အရေးကြုံလာလို့ ရှိရင်လည်း မြန်မာ နိုင်ငံဖက်က မှန်မှန် ကန်ကန် ရပ်တည် ဆောင်ရွက်ပေးတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီတပတ် ခရီးစဉ်မှာ တရုတ်နိုင်ငံကို သွားရောက်ခြင်း ဖြစ်ပါတယ်။ မိမိတို့ နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို တိုးမြင့်စေရေးအတွက် ရည်ရွယ်ပါတယ်။"

တရုတ်နိုင်ငံက လိုအပ်တဲ့အချိန်မှာ မြန်မာနိုင်ငံဘက်က ရပ်တည်ပေးခဲ့တယ် ဆိုပေမယ့် ဘယ်လို အခြေအနေ မျိုးတွေမှာ ရပ်တည်ပေးခဲ့တယ် ဆိုတာကိုတော့ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ခြင်း မရှိပါဘူး။

တရုတ်နိုင်ငံအနေနဲ့ မကြာခင်ကပဲ မြန်မာလွှတ်တော်မှာ အသုံးပြုဖို့အတွက် ကွန်ပြူတာတွေကို လှုဒါန်း ခဲ့ပါတယ်။ အဲဒီမှာလည်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးကို လက်ခံတွေ့ဆုံပြီး တရုတ်နဲ့မြန်မာဟာ စစ်မှန်တဲ့ မိတ်ဆွေ နိုင်ငံတွေဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မနှစ်ကစလို့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်လာပြီးတဲ့နောက် အနောက်နိုင်ငံတွေ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး ကောင်းမွန်လာခဲ့ပါတယ်။

ဒါကြောင့်လည်း အိမ်နီးချင်း တရုတ်နဲ့ ဆက်ဆံရေးမှာ ထိခိုက်လေမလား တွက်ဆမှုတွေရှိလာခဲ့ပါတယ်။ အထူးသဖြင့်တော့ သမ္မတ ဦးသိန်းစိန်က သူ့အစိုးရ သက်တမ်းတလျောက် မြစ်ဆုံဆည် တည်ဆောက်ရေး ကိစ္စကို ယာယီ ရပ်ဆိုင်းထားဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်တဲ့ ကိစ္စဟာ အခုအစိုးရသစ် သက်တမ်းအတွင်း တရုတ် မြန်မာ ဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်ကို ရောက်သွားခဲ့တယ်လို့ ခန့်မှန်း ပြောဆိုမှုတွေ ထွက်လာနေတာပါ။

မြန်မာအာဏာပိုင်တွေဖက်ကတော့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကြောင့် တရုတ် မြန်မာဆက်ဆံရေးကို ထိခိုက်မှာမဟုတ်ဘူးလို့ တုန့်ပြန်ထားကြပါတယ်။

လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းဟာ ဗုဒ္ဓဟူးနေ့က တရုတ်ပြည်ကို မထွက်ခွာခင် အခုသီတင်းပတ်အတွင်း ကျင်းပနေတဲ့ လွှတ်တော် စည်းဝေးပွဲတွေမှာ ပြည်သူ့ဝန်ထမ်းလစာ တိုးပေးရေးကိစ္စကို အဆိုတင်သွင်း ထားပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အတွင်း မနေ့က ပြုလုပ်တဲ့ စည်းဝေးပွဲ အတွင်းမှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူ့အကျိုး မကြည့်ဘူး၊ မဆောင်ရွက်ဘူး ဆိုရင် သူကိုယ်တိုင် အပါအဝင် ဘယ်သူ့ကိုမှ ခွင့်မလွှတ်ကြဖို့ကိုလည်း တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG