သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူရဦးရွှေမန်း ကော်မရှင် ပြည်ထောင်စုအဆင့် တိုးမြှင့်


 (Photo-NLD Chairman facebook)
(Photo-NLD Chairman facebook)

သူရဦးရွှေမန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာစမ်းစစ် သုံးသပ်ရေး ကော်မရှင်ကို ပြည်ထောင်စုအဆင့် ဖွဲ့စည်းဖို့ မနေ့က ပြည်ထောင်စုလွတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြပါတယ်။ ဒီကော်မရှင်ဟာ ပထမအကြိမ်လွတ်တော်သက်တမ်းမှာ ပြည်သူ့လွတ်တော် အဆင့်သာရှိပြီးတော့အခုလို ဒုတိယအကြိမ် လွတ်တော်ကျမှ ပြည်ထောင်စုလွတ်တော်မှာ အတည်ပြုလိုက်တာဟာ အမျိုးသားလွတ်တော်နဲ့ ပြည်သူ့လွတ်တော်တွေရဲ့ တည်ဆဲဥပဒေတွေကို လေ့လာစမ်းစစ်သုံးသပ်ရေးတွေမှာ ပိုမိုအားကောင်းလာနိုင်တယ်လို့ လွတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက သုံးသပ်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ဖေဖဝါရီလ ၄ ရက်နေ့က ဒုတိယအကြိမ် ပြည်သူ့လွတ်တော်မှာ ဖွဲ့စည်းခဲ့တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို ပြည်ထောင်စုအဆင့်ပြဌာန်းဖို့ မနေ့ မတ်လ ၁ ရက်နေ့က ကန့်ကွက်သူမရှိ ပြည်ထောင်စု လွတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်က ဖွဲ့လိုက်တဲ့ ကော်မရှင်မှာတော့ အရင် ပြည်ထောင်စု လွှတ်တော်နာယကဟောင်း သူရဦးရွှေမန်းကို ဥက္ကဋ္ဌ အဖြစ် ခန့်အပ် ထားခဲ့ပြီး။ အဖွဲ့ဝင်အများစုဟာ သူရဦးရွှေမန်းနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။

ပြည်သူ့လွှတ်တော်အဆင့် ကော်မရှင်ကနေ အခုလို ပြည်ထောင်စု အဆင့် အတည်ပြုပြဌာန်းလိုက်တာဟာ လွတ်တော် ၂ ရပ်လုံးရဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေကို ပိုမိုထိန်းကျောင်းလာနိုင်တယ်လို့ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခိုင်မောင်ရည်က ပြောပါတယ်။

“ဒီကော်မရှင်ထဲမှာပါတဲ့သူတွေက ဆောင်ရွက်မှုတွေကို သက်ဆိုင်ရာ ဝန်ကြီးကဏ္ဍ တွေကို ခေါ်ယူပြီး ကြားနာလို့ရတဲ့ ကိစ္စတွေ ရှိတယ်ဆိုတော့ ဒီကော်မရှင်ရဲ့ ဥက္ကဋ္ဌကလည်း အရင်ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဖြစ်တဲ့အတွက် ဒီကော်မရှင်ဟာ အင်အားကောင်းကောင်း ဒီလွှတ်တော်ကို ပံ့ပိုး အင်အားကောင်းကောင်းလူတွေကို တစုတဝေးထဲ စုစည်းထားတဲ့အဖွဲ့အစည်းလို့ အဲလိုပဲမြင်တယ်ဗျာ။ အဲဒီအတွက်တော့ ပိုပြီးတော့ မှ လုပ်ဆောင်မှုတွေ ဥပဒေရေးရာ ကိစ္စတွေနဲ့ လွှတ်တော်ကို ထိန်းကျောင်းနိုင်တဲ့ကိစ္စ ပိုအားကောင်းလာမယ်လို့ ကျနော်ထင်ပါတယ် ခင်ဗျ။”

ပြီးခဲ့တဲ့ ပထမအကြိမ် လွတ်တော်သက်တမ်းမှာတုန်းက ဒီကော်မရှင်ကို ပြည်သူ့ လွတ်တော်မှာ ပြဌာန်းထားပြီးတော့ အဲဒီ့ အချိန်တုန်းကတော့ ဦးရွှေမန်းရဲ့သား ဦးတိုးနိုင်မန်းနဲ့ ဥပဒေပညာရှင်အများစုက ဆောင်ရွက်ခဲ့ကြတာပါ။ သူရဦးရွှေမန်း ပြည်သူ့လွှတ်တော်ဥက္ကဌဖြစ်ချိန်တုန်းက ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်ဖြစ်သလို၊ သူရဦးရွှေမန်းစိတ်ကြိုက် ဖွဲ့စည်းထားတဲ့ ကော်မရှင်ဖြစ်တယ်ဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်ဥပဒေပြဌာန်းရေးကိစ္စရပ်တွေမှာလည်း ဒီကော်မရှင်ဟာ အရေးပါခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီ့အချိန်တုန်းက ပြည်သူ့လွတ်တော် မှာပဲ ဆောင်ရွက်ခဲ့တာဖြစ်ပြီး အမျိုးသားလွတ်တော်မှာတော့ သီးခြားကော်မတီဖွဲ့ပြီး လုပ်ဆောင်ခဲ့ကြတာပါ။ လက်ရှိမှာတော့ ဒီကော်မရှင်ကို ပြည်ထောင်စု လွတ်တော်မှာ အတည်ပြု ပြဌားန်လိုက်တာနဲ့ ပတ်သတ်လို့ ကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌ လည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၄ က အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြတ်အေးက အခုလိုပြောပါတယ်။

“တည်ဆဲဥပဒေတွေကို လေ့လာဆန်းစစ်သုံးသပ်ပြီးတော့ ပြင်ဆင်သင့်တာ ထည့်သင့်တာ အသစ်ပြဌာန်းသင့်တာတွေကို လုပ်မှာပေါ့နော်။ ဒါပေမယ့် တခု ထူးခြားတာကတော့ သူက ပြည်ထောင်စုလွှတ်တော်တို့ ပြည်သူ့လွှတ်တော်တို့ အမျိုးသားလွှတ်တော်တို့နဲ့ မကိုင်တွယ်တဲ့ တချို့ဟာလေးတွေလည်း ဒီမှာ ပါမှာပေါ့နော်၊ အဲဒီသဘောမျိုးပေါ့။ ဒါပေမယ့် ကျနော်တို့ လုပ်မယ့်ဟာတွေကတော့ ရှင်းပါတယ်။ ဒီနိုင်ငံသူ နိုင်ငံသားအကျိုးအတွက်ပဲ လုပ်မှာပဲလေ။”

ဒီကော်မရှင်ဟာ တည်ဆဲဥပဒေတွေကို လေ့လာဆန်းစစ်သုံးသပ်ပြီးပြင်ဆင်ရေး၊ ပယ်ဖျက်ရေး အသစ်ပြဌာန်းရေးတွေကို ပြည်ထောင်စုလွတ်တော် နာယက ၊ ပြည်သူ့လွတ်တော်နဲ့ အမျိးသားလွတ်တော် ဥက္ကဌတို့ကနေတစ်ဆင့် သက်ဆိုင်ရာ လွတ်တော်တွေကို တင်ပြရမှာဖြစ်ပါတယ်။ ကော်မရှင်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်လို့ ဒေါက်တာဝင်းမြတ်အေး ပြောတာက

“ပြည်ထောင်စု လွှတ်တော်မှာပဲ ဒီဟာ တစုတည်းထဲ လုပ်ထားတာက ပိုပြီးတော့ လုပ်ငန်းရွက်တဲ့နေရာမှာ ပိုပြီးတော့ ထိရောက်ဖို့လေ။ ဒါကတော့ ရှင်းရှင်းလေးပဲ ဒီရည်ရွယ်ချက်ကတော့ ပိုပြီးတော့ ထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ်လို့ ယူဆပြီးတော့ အဲဒီလို တပေါင်းတည်းလုပ်လိုက်တာလေ။”

ပြည်ထောင်စုလွတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်ရဲ့သက်တမ်းဟာ တစ်နှစ်သက်တမ်းဖြစ်ပြီး လုပ်ငန်းတာဝန်ဆောင်ရွက်မှု အခြေအနေအရ လိုအပ်ရင် သက်တမ်းတိုးနိုင်တာလည်း ဖြစ်ပါတယ်။ ပြည်ထောာင်စု လွတ်တော် နာယကက ကော်မရှင်ရဲ့ သက်တမ်းကာလအတွင်း အဖွဲ့ဝင်တွေကို သင့်လျော်သလို ပြင်ဆင်ဖွဲ့စည်းနိုင်တယ်လို့ ဥပဒေတွေမှာ ပြဌားန်းထားပါတယ်။

ဒီကော်မရှင်ကို ပြည်ထောင်စု အဆင့်ပြဌာန်း လိုက်တာကြောင့် ပြည်သူ့ လွတ်တော်မှာ ဖွဲ့စည်းထားတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လော ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကိုတော့ မတ်လ ၁ ရက်နေ့မှာ ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအဝင် အဖွဲ့ဝင် ၃၅ ဦးနဲ့ ဒီကော်မရှင်ကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။

XS
SM
MD
LG