သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီထုတ်မှု စည်းမျဉ်းနဲ့မညီဟု သူရဦးရွှေမန်း ချေပ


သူရဦးရွှေမန်း
သူရဦးရွှေမန်း

ပါတီကနေ ထုတ်ပယ်ခံလိုက်ရတဲ့အပေါ် မကြာမီ ကျင်းပမယ့်ပါတီညီလာခံဆုံးဖြတ်ချက်အဖြေကို လက်ခံကာရှေ့ဆက်မယ့် လမ်းစဉ်တွေကို စဉ်းစား သွားမယ်လို့ သူရဦးရွှေမန်းကပြောဆိုလိုက်ပါတယ်။ ပါတီသစ်တည်ထောင်မလား အနိုင်ရပါတီနဲ့ ပူးပေါင်းမလားအဖွဲ့ဝင်အဖြစ် ဝင်မလားဆိုတာကိုလည်း ခုချိန် ထိမစဉ်းစားသေးဘူးလို့လည်းပြောပါတယ်။ ပါတီက ထုတ်ပယ်ခံရမှုနဲ့ ပက်သပ်ပြီး မည်သည့်စွဲချက်တင်ပြီး မည်သည့်အကြောင်းကြောင့် ထုတ်ပယ်ခံရ တယ်ဆိုတာကို မသိရှိရဘဲ ပါတီဘက်က ပါတီမှ အနားပေးကြောင်း သာအကြောင်းကြားထားတယ်လို့ သူကပြောပါတယ်။ ဒီသတင်းကိုဗွီအိုအေမြန်မာပိုင်း က မေခကပေးပို့ထားပါတယ်။

ဒီကနေ့နေပြည်တော် ပြည်သူ့လွှတ်တော်ရေးရာဆောင်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကြံ့ခိုင်ရေးပါတီ ညီလာခံက ရွေးချယ်ထားတဲ့ ဗဟိုကော်မတီများအနက် ထက်ဝက် ကျော်က အရေးပေါ် ညီလာခံ ခေါ်ယူပေးဖို့ပါတီကိုတောင်းဆိုထားပြီးဖြစ်တယ်လို့ လည်း သူကပြောပါတယ်။ တောင်းဆိုထားတဲ့အတိုင်း ညီလာခံဖြစ်လာရင် ဒီညီလာခံကဆုံးဖြတ်ချက်ကို လိုက်နာကာ မိမိရဲ့ရှေ့ရေးကို ဆုံးဖြတ်မယ်လို့ ပြောပါတယ်။ အခုထုတယ်ပယ်မှုက ပါတီစည်းကမ်းနဲ့မကိုက်ဘူးလို့လည်းသူကပြောပါတယ်။

“ပါတီဝင်တယောက်ယောက်ကို အပြစ်ပေးအရေးယူတော့မယ်ဆိုရင် လုပ်ဆောင်ရမယ့်နည်းလမ်းတွေ၊ အဲဒါပြီးတဲ့အခါမှ အပြစ်ပေးအရေးယူလိုက်တယ်ဆိုရင်လည်း အဲဒီပါတီဝင်က ပြောမယ်ဆိုရင် အယူခံဝင်တယ်၊ အယူခံဝင်ခွင့် အဲဒီဟာတွေကို အရေးယူတဲ့အခါမှာ အစဉ်လာအရ ပြင်းထန်စွာသတိပေးခြင်းအပါအဝင်နောက်ဆုံး သတိပေးတာကနေမှ ထုတ်ပယ်တဲ့အထိ ၇ ဆင့်ရှိတယ်။ ဒါကြောင့်မို့လို့ အကြမ်းဖျင်းဒီလောက်ပြောတယ်ဆိုရင်ပဲ ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနဲ့ ကိုက်ညီမှုမရှိဘူးဆိုတာ အလွယ်တကူသိမြင်နိုင်ပါတယ်။”

လက်ရှိမှာ ပြည်ထောင်စုလွှတ်တော်ကနေဖွဲ့စည်း ထားတဲံ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှာ ပါဝင်တဲ့ ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အဖွဲ့ဝင် ၁၀ ဦးကို ကြံ့ခိုင်ရေးပါတီ၏ ထုတ်ပယ်သောစာရင်းတွင် ပါဝင်နေတယ်လို့ ထုတ်ပယ်ခံရတဲ့စာရင်းမှာပါဝင်နေတဲ့ ဲ့ ဦးမောင်တိုးကပြောပါတယ်။

ပါတီညီလာခံ ခေါ်ဖို့စာတင်ထားတဲ့ ၂၀၁၂ ခုနှစ် ကြံ့ခိုင်ရေးပါတီ ညီလာခံက ရွေးချယ်ထားတဲ့ ဗဟိုကော်မတီများထဲက ဘယ်သူတွေစာ တင်ထားလဲ ဆိုတာကိုတော့ သူရဦး ရွှေမန်းကမပြောခဲ့ပါဘူး။ တကယ်လို့ပါတီ ညီလာခံမခေါ်ဖြစ်ခဲ့ရင်ဘယ်လိုလုပ်ဆောင်မလဲဆိုတာနဲ့ပတ်သတ်ပြီးတော့ လည်းတိတိ ကျကျမဖြေခဲ့ပါဘူး။

ထုတ်ပယ်ခံရတဲ့ စာရင်းထဲမှာ ပါဝင်ပြိး ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်း ထားတဲံ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံး သပ်ရေး ကော်မရှင်မှာ ပါဝင်နေတဲ့ ဦးဇော်မြင့်ဖေကတော့ သူတို့ရဲ့ဂုဏ်သိက္ခာနဲ့ပတ်သတ်ပြီး အခုလိုပြောပါတယ်။

“ကျနော်တို့ identity ဟာ ကျနော်တို့ရဲ့ သိက္ခာပဲ integrity ပဲဖြစ်ပါတယ်။ အဲဒီတော့ ဗဟိုကော်မတီဝင်တွေရဲ့ လက်မှတ်ရေးထိုးထားမှုအပေါ်မှာ အခုလက်ရှိ CEC ဆိုတဲ့ ပုဂ္ဂိုလ်တွေက ဘယ်လိုလုပ်ကြမလဲ။ သူတို့က တရားဝင်အဖွဲ့အစည်းဆိုရင် တရားဝင်တဲ့အဖွဲ့အစည်းကို အခြေခံစည်းမျဉ်းကို လိုက်ကိုလိုက်နာရမှာဖြစ်ပါတယ်။”

ပါတီကနေ ဘယ်လိုကြောင့်ထုတ်ပယ်ခံရလဲဆိုတာ ဒီနေ့အထိမသိရသေးကြောင်းသူရဦးရွှေမန်းကပြောဆိုထားပေမယ့် ပါတီဘက်ကတော့ ပါတီစည်းကမ်းနဲ့ငြိစွန်းလို့ ထုတ်တာဖြစ်တယ်လို့ ပါတီဘက်က ဗဟို ကော်မတီဝင် ဦးတင့်ဇော် ကပြောဆိုထားပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီ၏ ဥက္ကဋ္ဌ ရာထူးမှ သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြုတ်ချလိုက်ပြီးနောက် သူရဦးရွှေမန်းအပါအဝင် သူနဲ့ နီးစပ်သူတွေကို ဗဟိုကော်မတီဝင်အနေနဲ့ကပါ ထုတ်ပယ်လိုက်ပေမယ့် တရားဝင်စာကိုတော့ အခုမှ သက်ဆိုင်သူတွေကိုပေးပို့ခဲ့တာဖြစ်ပါ တယ်။

ပါတီကနေထုတ်ပယ်ခံရမှုပြဿနာတွေဟာ ပြည်သူတွေရဲ့ လူနေမှုဘဝကို ထိခိုက်သွားနိုင်တဲ့အတွက် ပြည်သူတွေမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်သွားနိုင်တယ်လို့ သူရဦးရွှေမန်းကဒီကနေ့ပြောဆိုခဲ့ပေမယ့် နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ဒီအပေါ်မှာ နိုင်ငံရေးအရကော လူမှုရေးအရ ပါပြည်သူတွေမထိခိုက်နိုင်ဖူးလို့ သုံးသပ်နေကြပါတယ်။

XS
SM
MD
LG