သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးရွှေမန်း ဆန်ဖရန်ဆစ္စကို မြန်မာမိသားစုနဲ့တွေ့


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း ဆန်ဖရန်ဆစ္စကိုရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ်။(ဇွန်လ ၁၆ ရက်၊ ၂၀၁၃)။ (ဓာတ်ပုံ - မိုးဇော်အောင်၊ West Coast)
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း ဆန်ဖရန်ဆစ္စကိုရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ်။(ဇွန်လ ၁၆ ရက်၊ ၂၀၁၃)။ (ဓာတ်ပုံ - မိုးဇော်အောင်၊ West Coast)
မြန်မာနိုင်ငံတွင်း တိုင်းရင်းသားလူမျိုးတွေနဲ့ အပစ်ရပ်စဲရေးအပြင် ရေရှည် ငြိမ်းချမ်းရေးအတွက် ဥပဒေတွေ ချမှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဆစ္စကိုမှာ မြန်မာမိသားစုတွေ က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကို တောင်းဆိုခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအဖြစ်နဲ့ ရောက်ရှိလာတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ တနင်္ဂနွေနေ့ ဆန်ဖရန်ဆစ္စကိုမှာရှိတဲ့ မြန်မာ အသိုင်းအဝိုင်းနဲ့ တွေ့ဆုံပြီး အပြန်အလှန် ဆွေးနွေးမှုတွေနဲ့ အိပ်ဖွင့်ပေးစာပေးတာနဲ့ အမေးအဖြေတွေ လုပ်ခဲ့ကြပါတယ်။ သူရ ဦးရွှေမန်းအနေနဲ့ ဘာတွေကို အဓိက ထားပြီး ပြောခဲ့သလဲဆိုတာကို ၁၉၉၀ ခုနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အနိုင်ရ ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ ဦးမောင်မောင်လတ် ကို မေးကြည့်တဲ့အခါမှာ သူက အခုလို ဖြေပါတယ်။

“ဦးရွှေမန်းအနေနဲ့ ဒီမိုကရေစီစနစ်မှာဖြစ်တဲ့ ဈေးကွက် စီးပွားရေး အောင်မြင်အောင် တစ်ကြောင်းပေါ့။ နောက် မြန်မာနိုင်ငံ ပြုပြင်ပြောင်း လဲရေးအတွက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ နေပြည်တော်အစိုးရနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့၊ မြန်မာနိုင်ငံ အောင်မြင်ရာအောင်မြင်ကြောင်း ကြိုးစားလျှက် ရှိတယ်ဆိုတဲ့ အကြောင်းကို သူ ပြောတယ်။ တိုင်းပြည်အတွက်ကို ရင်ဘောင်တန်းနိုင်အောင် အနှစ် ၅၀ လောက် မြန်မာပြည် နောက်ကျနေတာကို ရင်ဘောင်တန်းနိုင်အောင် ဆိုပြီးတော့ ဒီမှာ ဒီမိုကရေစီ အင်အားစုနဲ့တွေ့တယ်။ အမေရိကန်ရဲ့ ဒီမိုကရေစီစနစ်ကို လေ့လာပြီးတော့ အစိုးရလက်ထက် အကောင်အထည်ဖော်ဖို့ စနစ်ကို သေချာပြောတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်မယ် ဆိုတာကို သူ ပြောတယ်။”

ဒီတွေ့ဆုံဆွေးနွေးပွဲကို ဖြစ်မြောက်ရေး ကမကထပြု ဆောင်ရွက်ပေးခဲ့တဲ့ အဖွဲ့ လေးဖွဲ့အနက် မြန်မာကျောင်းသားများအစည်းအရုံး၊ ဆန်ဖရန်ဆစ္စကို ဘေးဧရိယာရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးကိုကိုလေးကလည်းပဲ သူတို့အနေနဲ့ အချက်လေးချက် တောင်းဆိုခဲ့တဲ့အကြောင်း ပြောပါတယ်။

“နံပါတ်တစ်က ကျနော်တို့ တောင်းဆိုတာက တိုင်းရင်းသားလူမျိုးစုတွေနဲ့ အပစ်အခတ် ရပ်စဲရုံသာမကဘဲနဲ့ ပြည်လုံးကျွတ် ထာဝရငြိမ်းချမ်းရေး အမြန်ဆုံး ရရှိဖို့အတွက် ဥပဒေတွေ ပြုပေးရန်ပေါ့နော်။ နှစ်ကတော့ တိုင်းရင်းသားဒေသ အသီးသီးမှာ ကိုယ်စားလှယ်တွေအားလုံး တက်ရောက်နိုင်တဲ့ ၂၀၁၅ မှာ အထွေထွေရွေးကောက်ပွဲကြီးမှာ တိုင်းပြည်က တိုင်းရင်းသားဒေသအသီးသီးက ပါဝင်ခွင့်ရဖို့ပေါ့။ နောက်တစ်ချက်က မြန်မာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ ယုံကြည်ချက်ကြောင့် နယ်စပ်နဲ့ ပြည်ပကို ရောက်နေသူတွေကလည်း လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးများ သာမကဘဲနဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးတွေမှာပါ လွတ်လပ်စွာ ပါဝင်လုပ်ဆောင်နိုင်ဖို့ ဥပဒေတွေပြုဖို့ကိုလည်း တောင်းဆို တယ်။ နောက်တစ်ချက် ကတော့ အရေးကြီးတဲ့အချက်ကတော့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် တောင်းဆိုတာဖြစ်တယ်။”

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီနည်း မကျတဲ့ ပြဌာန်းချက်တွေနဲ့ပတ်သက်လို့ ပြင်ဆင်ဖို့ကိုလည်း သူတို့အနေနဲ့ အဓိကထား တောင်းဆိုခဲ့ကြတဲ့အကြောင်း ဦးကိုကိုလေးက ပြောပါတယ်။

“သူတို့အနေနဲ့လည်း လုပ်ပိုင်ခွင့်ရှိတဲ့အထဲကနေပြီးတော့ လုပ်ပေးပါမယ် လို့ ဖြေသွားတဲ့အတွက်ကြောင့် ကျနော့်အနေနဲ့တော့ ကျေနပ် အားရမှုရှိတယ်။”

ဆန်ဖရန်ဆစ္စကိုမှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ တက်ကြွဆောင်ရွက်မှုတွေကို သိထားတဲ့အတွက်လည်း သူရဦးရွှေမန်းက အမေရိကန်ကို ရောက်ခိုက်မှာ သူတို့နဲ့တွေ့ချင်တဲ့အကြောင်း ကမ်းလှမ်းခဲ့တာဖြစ်ပြီး တွေ့ဆုံပွဲရဲ့ ကုန်ကျစရိတ်ကို မြန်မာသံရုံးက ကျခံပေးတယ်လို့ ဦးကိုကိုလေးက ဆိုပါတယ်။

ဒီတွေ့ဆုံပွဲ ဖြစ်မြောက်ဖို့အတွက် Burmese American Democratic Alliance – BADA, Burmese American Women Alliance – BAWA၊ မြန်မာကျောင်းသား များ အစည်းအရုံး/ ဆန်ဖရန်စ္စကို-ဘေး ဧရိယာ၊ မြောက်ပိုင်း Chemical Engineering Association - တတ်သိပညာရှင်များအဖွဲ့ စတဲ့ အဖွဲ့ လေးဖွဲ့နှင့် တခြား စိတ်ဝင်စားသူတွေ စုပေါင်းပြီး သူရဦးရွှေမန်းနဲ့ တွေ့ဆုံဆွေးနွေးရေး အဖွဲ့တစ်ဖွဲ့ကို ဂျွန်လ ၈ ရက်နေ့မှာ ဖွဲ့စည်းပြီး အခမ်းအနားဖြစ်မြောက်ဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါ တယ်။ အခမ်းအနားကို တက်ရောက်လာသူပေါင်း ၁၅၀ ဝန်းကျင်လောက် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
XS
SM
MD
LG