သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်ရောက် သူရဦးရွှေမန်း လူထုနဲ့တွေ့ဆုံ


ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့အဖွဲ့ဟာ
ဒီကနေ့မနက် အစောပိုင်းမှာ လောက်ကိုင်မြို့မှာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အပါအဝင် ဒေသခံပြည်သူတွေ နဲ့ တွေ့ဆုံပြီးတဲ့နောက် နေ့ခင်းမှာ တော့ လားရှိုးမြို့ကို
ဆက်လက် ထွက်ခွာပြီး လားရှိုးမြို့မှာ ပြည်သူလူထုနဲ့
ထပ်မံတွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ လားရှိုးမြို့ဆွေးနွေးပွဲကို မူလ
၆ရက်နေ့မှာ ကျင်းပဖို့ ဖိတ်ကြားထားပေမဲ့ အစီအစဉ်ပြောင်းလဲလိုက်တာကြောင့်
တချို့နိုင်ငံရေးပါတီဝင်တွေ မတက်ရောက်နိုင်ပါဘူး။
ဒီသတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက်
ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် လောက်ကိုင်မြို့ ကို ရောက်ရှိနေတဲ့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ အဖွဲ့ဟာ ဒီကနေ့မနက် ၈နာရီလောက်မှာ လောက်ကိုင်မြို့ မြို့တော်ခန်းမမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အပါအဝင် မြို့မိမြို့ဖတွေကို ဖိတ်ကြားပြီး လူထုတွေ့ဆုံ ပွဲကျင်းပခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲပြီးတဲ့နောက်မှာတော့ နေ့ခင်း ၁၁နာရီလောက်မှာ လားရှိုးမြို့ကို ဆက်လက်ထွက်ခွာပြီး လားရှိုးမြို့ မြို့တော်ခန်းမမှာ ဒေသခံပြည်သူတွေ နဲ့ နေ့ခင်း ၁၂နာရီလောက်က တွေ့ဆုံဆွေးနွေးပွဲ ထပ်မံ ကျင်းပပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး တက်ရောက်လာတဲ့ လူထုတွေအနေနဲ့
ကျေနပ်အားရတဲ့အကြောင်း သီပေါမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
ဦးရဲထွန်းက အခုလို ပြောပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့မိမြို့ဖတွေ နောက်ပြီးတော့ နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေ၊ နောက် မြို့တိုင်း မြို့တိုင်းမှာ ဖွဲ့ထားတဲ့ အထောက်အကူပြုအဖွဲ့တွေ၊ စည်ပင်သာယာအဖွဲ့တွေ၊ အဲ့သလိုအဖွဲ့တွေနဲ့ တွေ့တာ၊ ရည်ရွယ်ချက်က ပြည်သူ့အသံ နားထောင်ဖို့ဆိုတော့ လွတ်လွတ် လပ်လပ် ပြောခွင့်၊မေးခွင့် ပေးပါတယ်ခင်ဗျ။ လွှတ်တော်ထဲမှာ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ မေးသလိုပဲ လွတ်လွတ်လပ်လပ် မေးခွင့်ပြုပါတယ်။ ပြီးတော့ မေးခွန်းတွေနဲ့ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ် တွေဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ်တို့၊ လယ်ဆည်ဒုဝန်ကြီးတို့ နောက် ဗိုလ်ချုပ်အောင်သန်းထွဋ်တို့ အဲ့သလိုပုဂ္ဂိုလ်တွေကို ပြန်ပြီးတော့ ဖြေကြားစေပါတယ်။ အဲ့ဒီ့တော့ ပြည်သူလူထုက သူတို့မေးတဲ့ မေးခွန်းတိုင်း၊ မေးခွန်းတိုင်းကို အဖြေပေးသွားတဲ့အတွက် အားရကျေနပ်မှု ရှိကြပါတယ်။"

ဒီဆွေးနွေးပွဲမှာ လူထုက တင်ပြတဲ့ လိုအပ်ချက်တွေကို
နိုင်တဲ့အရာတွေကို ချက်ချင်းလုပ်ပေးဖို့ သူရ ဦးရွှေမန်းက
ညွှန်ကြားဆောင်ရွက်ပေးခဲ့တယ်လို့ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးယောဖက ပြောပါတယ်။

" ပြည်သူတွေပြောတဲ့ဥစ္စာကို တခါတည်း သူ့ရှေ့မှာပဲ ဒီမြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ ပြီးတော့ ဌာနဆိုင်ရာဝန်ကြီးတွေလည်းပါတယ်။ အဲ့တာ သူက တခါတည်း သက်ဆိုင်ရာ ဌာနတွေကို ဖြေကြားခိုင်းပြီး ပေးနိုင်တဲ့ဥစ္စာတွေကို လုပ်ပေးဖို့အတွက် အဲ့လိုမျိုးပေါ့နော်။ အဲ့လိုပြောသွားတယ်။ "

ထင်ရှားတဲ့ သာဓကတခုအနေနဲ့ သီပေါမြို့နယ်က ကုတင်၁၀၀ ဆေးရုံမှာ ဆရာဝန်
၁၈ယောက်ခန့် ထားရမယ့်အစား ၂ယောက်ပဲခန့်ထားပြီး တယောက်က
သင်တန်းသွားနေတဲ့အကြောင်း တင်ပြရာမှာ ချက်ချင်း ဆရာဝန်တယောက်ကို
ခန့်ထားဖို့ ညွှန်ကြားဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ သူရဦးရွှေမန်း က ဒီလို ဆောင်ရွက်တာဟာ အုပ်ချုပ်ရေးပိုင်းအပေါ် ဝင်ရောက်စွက်ဖက်တဲ့ သဘောလားဆိုတဲ့ အမေးကိုတော့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရဲထွန်းက အခုလို သုံးသပ်ဖြေကြားပါတယ်။

" ကျနော်ကတော့ ပြည်သူလူထုအောက်ခြေအပိုင်းမှာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေ၊ ကျင့်စဉ်တွေ၊ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် နားမလည်နိုင်သေးတဲ့ကိစ္စ ကို သူ့အနေနဲ့ဖြစ်လာအောင် ကြိုးစားတယ်လို့ ကျနော် နားလည်တယ်ခင်ဗျ။ ဆိုလိုတာကတော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်က မိမိတို့ရဲ့ အခွင့်အရေးရပိုင်ခွင့်တွေကို ဥပဒေကြောင်း အရ ဘယ်လိုရှိနေတယ်။ ဘယ်လိုပြောပြီးတော့ တောင်းဆိုရင် ရတယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်း တာဝန်ခံတွေဟာ ပြည်သူ့ဝန်ထမ်းတွေ ပဲဖြစ်တယ်ဆိုတာကို ဒီပြည်သူ့ဝန်ထမ်းတွေကိုလည်း နားလည်အောင် ပြည်သူလူထု ကိုလည်း နားလည်အောင် အဲ့သလိုပြောဟောပေးဖို့ အတွက်ကို သူ က နမူနာပြပြီးတော့ လိုက်ပြီးတော့ ဆောင်ရွက်ပေးတယ်လို့ ယူဆပါတယ်။ "

တကယ်လို့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေက ဒီလိုဆောင်ရွက်မယ်ဆိုရင်
လွှတ်တော်အပိုင်းက ဝင်ရောက်ဆောင်ရွက်စရာလိုမှာ မဟုတ်ကြောင်း ဦးရဲထွန်းက
ပြောပါတယ်။

ဒီနေ့လားရှိုးမြို့တွေ့ဆုံဆွေးနွေးပွဲကို မူလက ၆ရက်နေ့မှာ ကျင်းပဖို့
ဖိတ်ကြားထားပေမဲ့ ရက်ပြောင်းလဲ ကျင်းပတဲ့အတွက် အချို့ပါတီတွေအနေနဲ့
မတက်ရောက်နိုင်ဘူးလို့လည်း လားရှိုးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က
ဦးစိုင်းမြင့်မောင်က ပြောပါတယ်။

"ကျနော်တို့ NLD ကိုဖိတ်တုန်းက ခြောက်ရက်နေ့လို့ပြောတာဗျ။ ကျနော်က ခရီးထွက်နေတယ်။ လားရှိုးမှာ မရှိဘူး လွဲသွားတယ်။ လွဲသွားတယ်။ မတက်ဖြစ်ဘူးဗျ။ ကျနော်တို့က ခြောက်ရက်နေ့လို့ သိတာလေ။ "

လားရှိုးမြို့အခြေစိုက်တဲ့ ပါတီ ၁၁ပါတီရှိပြီး NLD ပါတီက
မတက်ရောက်ဖြစ်ပေမဲ့ သီပေါ၊ သိန္နီ၊ တာယန်း၊ မိုင်းရယ်စတဲ့ဒေသတွေက
လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်။ အားလုံးပေါင်း လူ
၆၀၀လောက် တက်ရောက်ခဲ့တယ်လို့ ဦးယောဖက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကတော့ သူရဦးရွှေမန်းနဲ့ အဖွဲ့ဟာ ရှမ်းပြည်နယ်မြို့တော်
တောင်ကြီး၊ ကျိုင်းတုံမြို့တွေအပြင် ဝနဲ့ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ ဟိုပန်နဲ့ လောက်ကိုင်မြို့တွေ ကိုလည်း သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာတော့ အပစ်ရပ် လက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့သလို ဒေသခံ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အပါအဝင် ပြည်သူလူထုနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မနက်ဖြန်မှာတော့ လားရှိုးမြို့မှာ အပစ်ရပ်ထားတဲ့
ရှမ်းပြည်ပြန်လည် ထူထောင်ရေးပါတီ SSPP/SSA
မြောက်ပိုင်းအဖွဲ့နဲ့တွေ့ဆုံပြီး ခရီးစဉ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG