နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ရွှေည၀ါဆရာတော် ဦးပညာသီဟကို အရေးယူဆောင်ရွက်ဖို့ ညွှန်ကြားထားတာကို ဆရာတော်က သံဃာ့မဟာနာယက အဖွဲ့က ဆရာတော်ကြီးတွေထံ ဒီကနေ့ အသနားခံတဲ့စာ တင်ပြီး ပြန်လည် လျှောက်ထားလိုက်ပါတယ်။
ရွှေည၀ါဆရာတော်ကို တရာဟောခွင့် ပိတ်ပင်ထားတဲ့အပေါ် မလိုက်နာဘဲ တရားဟောခဲ့တဲ့အတွက် နိုင်ငံတော် သံဃာ့မဟာနာယအဖွဲ့က အရေးယူဆောင်ရွက်ဖို့ ညွှန်ကြားချက် ထုတ်ထားတာဖြစ်ပါတယ်။ ဒီအခြေအနေ တွေကိုတော့ ရွှေည၀ါဆရာတော်နဲ့ ဆက်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက အပြည့်အစုံ တင်ပြထား ပါတယ်။
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်က ရွှေည၀ါဆရာတော်ကို အရေးယူဆောင်ရွက်ဖို့ နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ကနေ တိုင်းသံဃာ့မဟာနာယကနဲ့ တိုင်း သာသနာရေးမှူးဆီ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ညွန်ကြားချက် ထုတ်ပြန်ထားတာပါ။
အဲဒီညွှန်ကြားချက်ထဲမှာ ကြည့်မြင်တိုင် သာဓုကျောင်းတိုက်ကနေ ရွှေည၀ါဆရာတော်ကို ဖယ်ရှားဖို့ အပါအ၀င် သံဃာအဖွဲ့အစည်းရဲ့ ဆိုဆုံးမမှုကို မလိုက်နာတဲ့အတွက် ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်ဖို့အပြင် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ရဲ့ ခွင့်ပြုချက်မရဘဲ ဘယ်သင်တန်းမှ ကျောင်းဝင်းအတွင်း မလုပ်ရဘူးဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။
ဆရာတော်ကြီးတွေရဲ့ အခုလို ညွှန်ကြားချက်အပေါ် ရွှေည၀ါဆရာတော် ဦးပညာသီဟက ပြန်လည် အသနားခံလျှောက်တင်တဲ့ စာကို ကမ္ဘာအေး ဘုရားလမ်းမှာရှိတဲ့ သံဃာ့မဟာနာယက ရုံးမှာ ဒီကနေ့ ညနေပိုင်းက သွားတင်ခဲ့တယ်လို့ ရွှေည၀ါဆရာတော်က ဗွီအိုအေ မြန်မာပိုင်းကို မိန့်ပါတယ်။
“ဘုန်းကြီးတို့ ထေရ၀ါရ သာသနာတော်မှာ သက်ကြီး ၀ါကြီး ဆရာတော်ကြီးတွေရဲ့ အဆုံးအမကို ဘုန်းကြီးတို့က ခံယူလိုက်နာပြီးတော့ ဆောင်ရွက်သွားပါ့မယ်ဆိုတဲ့ အကြောင်း အခုလို စာထွက်လာခြင်း အတွက် ကျေကွဲဝမ်းနည်းစွာ ခံစားရပါတယ်။ အဲဒီတော့ ဆရာတော်ကြီးများအနေနဲ့ တပည့်သားသမီးတို့၏ မလိမ္မာတခါမိုက် တပည့်သားကဲ့သလို့ ဆိုဆုံးမမှု ပေးပါရန်နှင့်၊ ဒီတိုက်တာတွင်းမှာ ပြန်လည်နေထိုင်၍ သာသနာ အခွင့်အလမ်းများ ပြန်လည် ဖွင့်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆိုတဲ့ အဓိပ္ပါယ်မျိုးပါပဲ။ အဲဒီလို သနားတောင်းခံတဲ့ လျှောက်တင်လွှာကို တင်ပြီးပါပြီ။”
ရွှေည၀ါဆရာတော်ဟာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းကစလို့ ၁ နှစ်တာ တရားဟောခွင့် ပိတ်ပင်ခံ ထားရပေမဲ့ ပြီးခဲ့တဲ့နိုဝင်ဘာလထဲ မန္တလေးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ တရားဟောခဲ့တဲ့ အတွက် အခုလို အရေးယူးဆောင်ရွက်ဖို့ ညွှန်ကြားချက် ထွက်လာတာပါ။
“အရေးယူဆောင်ရွက်မယ့် notice တို့ အမိန့်တို့ ဆိုတဲ့ သဘောမျိုးက မသက်ရောက်သေးပါဘူး။ ထူးထူးခြားခြား ကတော့ ဘာမှမကြုံရပါဘူး။ ကောလာဟလသတင်းတွေက အမှားတွေ ဖြစ်နေတော့။ လူချွတ်လိုက်ပြီ၊ လုံခြုံရေးတွေကနေပြီးတော့ ကျောင်းတိုက်ကို ၀ိုင်းဝန်းထားတယ်၊ ထောင်ချလိုက်ပြီ ဘာညာ ဆိုတဲ့ အင်တာနက်ပေါ်တက်နေတဲ့ သတင်းမားတွေရော၊ ကောလာဟလ သတင်းမှားတွေရော အားလုံးကြောင့် ဘုန်းကြီးမှာ ပရိသတ်တွေနဲ့ အမြဲတမ်း ရှင်းပြရတာ ကိုယ်ရောစိတ်ပါ နွမ်းနယ်နေရပါပြီ။”
ကြည့်မြင်တိုင်မြို့က သာဓုပရိယတ္တိ စာသင်တိုက်ဝင်း အတွင်းမှာရှိတဲ့ ရွှေည၀ါကျောင်းမှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲနဲ့ အလှူဒါနလို အခမ်းအနားတွေအပြင် နောက်ဆုံး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကပဲ ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ဆုရ အနှစ် ၂၀ ပြည့် အခမ်းအနားတွေကို လက်ခံကျင်းပပေးခဲ့တာပါ။ ဒီလို နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုတွေကြောင့် ရွှေည၀ါဆရာတော်ဟာ အာဏာပိုင်တွေရဲ့ ဖိအားတွေကြောင့် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ဆီက အခုလို အရေးယူဖို့ ညွှန်ကြားချက် ထွက်လာတယ်လို့ ဆိုတဲ့ ဝေဖန်မှုရှိနေတဲ့အပေါ် ဆရာတော် ဦးပညာသီဟ က -
“ဘုန်းကြီးဆိုတာ ခိုးချောင်ခိုးဝှက် လုပ်စရာမလိုဘူးလေ။ ပြောင်ပြောင်းတင်းတင်းပဲ လုပ်ရတယ်။ ဘုန်းကြီးဆိုတာ အမှန်တရားဘက်က ရပ်တည်ရတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်တော့ ဘုန်းကြီးလည်း ကိုယ်မှန်တယ် ထင်တယ်၊ ရာဇ၀တ်မှု ကျူးလွန်တာမဟုတ်ဘူး။ နိုင်ငံတော် ပုန်ကန်တာမဟုတ်ဘူး။ ဆူပူအုံကြွတာ မဟုတ်ဘူး၊ အကြမ်းဖက်တာ မဟုတ်ဘူး ဆိုတော့ ရိုးရိုးရှင်းရှင်း စိတ်သန့်သန့်နဲ့ပဲ ဘုန်းကြီး ဒါတွေကို လက်ခံပြီးတော့ ကျင်းပပေးခဲ့တာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ပွင့်လင်းလာတဲ့ အခြေအနေကိုလည်း ကြည့်ပြီးတော့ လုပ်သင့်တယ်၊ လုပ်ခွင့်ရတယ်ထင်လို့လည်း လုပ်ခဲ့တာပါ။ အဲဒါတွေကြောင့်လို့တော့ ဘုန်းကြီး လုံးဝ မပြောလိုပါဘူး။ နည်းနည်းပါးပါးတော့ ဒီအားဟာ သက်ဆိုင်လိမ့်မယ်လို့ ဆိုလိုချင်ပါတယ်။”
ရွှေည၀ါဆရာတော် ဦးပညာသီဟ မိန့်ခဲ့တာပါ။ ရွှေည၀ါဆရာတော်ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာပြည်လာတုန်းက မစ္စစ်ကလင်တန်နဲ့ အတူ မြန်မာနိုင်ငံတွင်း လူမှုကူညီရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အဖွဲ့တွေ တွေ့ကြတဲ့အထဲမှာ ပါဝင်ခဲ့တဲ့ ရဟန်းတစ်ပါးလည်း ဖြစ်ပါတယ်။
ရွှေည၀ါဆရာတော် ဦးပညာသီဟဟာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး ဒုက္ခသည်တွေကို အကူအညီ ပေးခဲ့ပြီး ပရိယတ္တိ စာပေတွေကိုလည်း သင်ကြားပို့ချပေးနေတဲ့ ရဟန်တစ်ပါးလည်း ဖြစ်ပါတယ်။