သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေညဝါဆရာတော် ကျောင်းတိုက်က ဖယ်ပေးရ


ရွှေညဝါ ဆရာတော်ဟာ နိုင်ငံတော် သံဃာ့ မဟာနယက အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့အညီ သာဓုပရိယတ္တိ စာသင်တိုက်ကနေ ဒီကနေ့ မှော်ဘီကို ကျောင်းပြောင်းရွှေ့ ပေးလိုက်ပါတယ်။ ဒီလို ကျောင်းပြောင်းရွှေ့လိုက်ရပေမဲ့ ရှေ့ဆက်ပြီး အမျိုးသား နိုင်ငံရေး ဆက်ပြီး လုပ်ဆောင်သွားမယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။ ဒါ့အပြင် မကြာခင်က ထောင်က လွတ်လာတဲ့ အရှင် ဂမ္ဘီရကို အစိုးရက အာဏာစက်နဲ့ အရေးယူမယ်ဆိုပြီး ဒီကနေ့ ကြေညာလိုက်တဲ့အပေါ် ဘာတွေများ တုံ့ပြန်လိုက်သလဲ ဆိုတာတွေကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

ရွှေညဝါ ဆရာတော် ဦးပညာသီဟက သံဃာ့မဟာနာယက အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ဒီကနေ့ သာဓုပရိယတ္တိ စာသင်တိုက်ကနေ မှော်ဘီတောကျောင်းကို ပြောင်းရွှေ့ပေးလိုက်ရတာနဲ့ ပတ်သက်ပြီး ဆရာတော်က အခုလို မိန့်ပါတယ်။

“ကတိကဝတ် တည်တဲ့အနေမျိုးနဲ့ ရွှေ့ပေးလိုက်တာပါ။ မှော်ဘီကို ရောက်နေလည်း ဘုန်းကြီး သာသနာပြုဖို့ အခွင့်အလမ်းတွေ နောက်ထပ် အားမာန်အပြည့်နဲ့ ဆက်လက် ကြိုးစားဦးမှာပါ။ ဒီပွဲဟာ နှုတ်ဆက်ပွဲ ဖြစ်တဲ့အတွက် ထာဝရ နှုတ်ဆက်တာ မဟုတ်ပါဘူး။ ငိုစရာ မဟုတ်တဲ့အတွက် မငိုကြပါနဲ့။ စိတ်မကောင်းလည်း မဖြစ်ကြပါနဲ့။ ပုထုဇဉ်တို့ပီပီ ခွဲခွာရတဲ့အခါ နောင်ကျရင် သေတဲ့အခါတောင် အပြီး ခွဲရဦးမှာပဲ။ အခုဟာက ရှင်ကွဲ ကွဲတာဆိုတော့ အချိန်မရွေး ပြန်လာလို့ရပါတယ်လို့။”

ရှေ့ဆက်ပြီး ဘာတွေ လုပ်ဆောင်သွားမယ် ဆိုတာကိုလည်း ဆရာတော်က အခုလို မိန့်ပါတယ်။

“ဆက်ပြီးတော့ ဘုန်းကြီး ဖွဲ့ထားတဲ့ ရန်ကုန် ဗုဒ္ဓတက္ကသိုလ်ကြီးကို ပုံမှန်အတိုင်း လည်ပတ်ဖို့၊ လက်ထောက်တွေ၊ စာချတွေ၊ ကထိကတွေကို အကုန်လုံး မှာခဲ့တယ်။ အဲဒီလို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ့်စာကိုယ်သင့်ကြ၊ ခိုက်ရန်မဖြစ်ကြနဲ့။ ညီညွတ်ရင် ကျေးဇူးများမယ်။ မညီညွတ်ရင်တော့ ဘေးတွေ့မယ်။ အဲဒါကိုလည်း သေချာမှာခဲ့တယ်။ အဲဒီတော့ စာပေပညာ သင်ကြားပို့ချနေတဲ့ အပိုင်းတွေကိုတော့ အဝေးကနေပြီး ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်လည်း ရဲရဲယူခဲ့တယ်လေ။ အဲဒါ ဘုန်းကြီးက သာသနာပြုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ ဒါ ရန်ကုန် ဗုဒ္ဓတက္ကသိုလ်ရဲ့ စီမံကိန်းကို လောလောဆယ် ယန္တရား မရပ်သေးပါဘူးလို့။ နောက်တစ်ခုက နွေရာသီမှာဖွင့်တဲ့ ရွှေညဝါ သင်တန်းကတော့ ဒီနှစ်အဖို့ လုပ်ဖြစ်ဖို့နဲ့ မလုပ်ဖြစ်ဖို့က ၅၀ - ၅၀ ရာခိုင်နှုန်းစီ ရှိနေပါတယ်။”

ဆရာတော်က သူ့အနေနဲ့ ပါတီနိုင်ငံရေး လုပ်တယ် မလုပ်ဘူး ဆိုတဲ့အပေါ်မှာ နားလည်မှု မလွဲကြဖို့ကိုလည်း အခုလို မိန့်ကြားပါတယ်။

“နိုင်ငံရေး လုပ်လား မလုပ်ဘူးလား ဆိုတာ အများသိတယ်။ နိုင်ငံရေး ဘာမှမလုပ်ဘူး။ ပါတီနိုင်ငံရေး အလုပ်ကင်းရှင်းတယ်။ အမျိုးသားရေး အကျိုးစီးပွားကိုတော့ ကျရာနေရာ လက်လှမ်းမီသလောက် အကုန်လုပ်တယ်။ အမျိုးသားရေးကို အားပေးပြီးတော့ အမျိုးသား အကျိုးစီးပွားကို စောင့်ရှောက်နိုင်တဲ့ စောင့်ရှောက်တဲ့ သဘောတရား။ အဲဒါက နိုင်ငံရေးမဟုတ်ဘူး။”

မကြာခင်က အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာတဲ့ ဆရာတော် ဦးဂမ္ဘီရဟာ ပြစ်မှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တာတင် မကဘဲနဲ့ နိုင်ငံတော်အဆင့်ရှိတဲ့ သံဃာအဖွဲ့အစည်းကိုပါ စော်ကားကျူးလွန်ခဲ့တယ် ဆိုပြီး ဒီကနေ့ သတင်းစာက ရေးသားလိုက်ပါတယ်။ ဒါကြောင့် အရှင်ဂမ္ဘီရကို အာဏာစက်နဲ့ အရေးယူဖို့ ပြင်ဆင်နေတယ် လို့လည်း သတင်းစာက ဆိုပါတယ်။ ဆရာတော် ဦးဂမ္ဘီရရဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်ကျော်ကို ဆက်သွယ် မေးမြန်းကြည့်ပါတယ်။

“ရဟန်းဝတ်ခွင့် ပြန်လည် လျှောက်ထားဖို့ဆိုတဲ့ အချက်ကိုတော့ လက်မှတ် မထိုးခဲ့ဘူးလို့ ပြောပါတယ်။ သူတို့ဟာ ထောင်ထဲကို ဝင်မသွားခင်တုန်းကလည်း ရဟန်းတွေ ဖြစ်တယ်။ ထောင်ထဲကို ဝင်သွားတော့လည်း ရဟန်းတွေပဲ။ ထောင်ထဲက ပြန်ထွက်လာတော့လည်း ရဟန်းတွေပဲလေ။ ဆရာတော်ကြီးတွေကလည်း လက်ခံပါတယ် အဲဒီဟာကို။ မဟန ဆရာတော် ဘုရားကြီးတွေ ကလည်း သူ့ရဲ့ လျှောက်ထားချက်ကို လက်ခံပါတယ်။”

ဒါပေမဲ့ မြန်မာအစိုးရရဲ့သတင်းစာမှာတော့ ဒီလို ပြန်လည် လျှောက်ထားချက်ဟာ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ ဆရာတော်ကြီးတွေကို ထိပါး စော်ကားမှုဖြစ်ပြီး ဂုဏ်သိက္ခာ ကျဆင်းစေဖို့ အတင့်အရဲ ဆောင်ရွက်လာတာ ဖြစ်တယ်လို့ ရေးသားထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG