သုံးရလွယ်ကူစေသည့် Link များ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် စက်ရုံသုံးရုံကအလုပ်သမားတွေ စုပေါင်းဆန္ဒပြခဲ့ကြတဲ့အတွက် ဖမ်းဆီးခံထားရတဲ့အလုပ်သမားခေါင်းဆောင်နှစ်ဦးကို နိုင်ငံတော်ကိုအကြည်ညိုပျက်စေတဲ့ပုဒ်မနဲ့ တရားစွဲလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ကပဲ Ford Glory စက်ရုံ၊ E. Land Myanmar စက်ရုံ၊ Costec စက်ရုံက အလုပ်သမားတွေရဲ့ သပိတ်ကို ဦး ဆောင်သူနှစ်ဦးကို အင်းစိန်ထောင်ကို ပို့လိုက်ပြီး ပျောက်ဆုံးနေတဲ့အလုပ်သမားတွေကိုတော့ ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စက်ရုံသုံးရုံက အလုပ်သမားတွေစုပေါင်းပြီး သပိတ်စခန်းဖွင့်ချီတက်ဆန္ဒပြခဲ့ကြပြီးတဲ့နောက် အလုပ်သမားသမဂ္ဂခေါင်းဆောင်နှစ်ဦး ပျောက်ဆုံးနေတာက နေ အခု အင်းစိန်ထောင်ကို ရောက်နေပြီဖြစ်ကြောင်း သပိတ်ခေါင်းဆောင်တဦးက ပြောပါတယ်။

“အင်းစိန်ထောင်မှာ ထားထားတယ်၊ အခန်းခွဲထားတယ်လို့ ကြားပါတယ်။ သူတို့မိသားစုတွေက မနက်ဖြန်ကျရင် ထောင်ဝင်စာသွားတွေ့မယ်လို့ ပြောပါ တယ်။ သူတို့နှစ်ယောက်က အီလန် အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ ကိုမျိုးမင်းမင်းနဲ့ နောက်ပြီးတော့ Frod Glory အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ ကိုနိုင်ဌေးလွင်တို့ ဖြစ်ပါတယ်။ ပျောက်နေတဲ့သူတွေထဲမှာ ခုနက နှစ်ယောက်ကတော့ သတင်းရတာပေါ့နော်၊ အင်းစိန်ထောင်ထဲမှာလို့ သတင်းရတာပေါ့။ ကျန်တဲ့ လူတွေကတော့ သတင်းမရဘူး၊ စုံစမ်းနေဆဲပဲ။ အခုဟာက သူတို့တွေ ဖမ်းဆီးခေါ်သွားတာ ရွှေပြည်သာလည်းမဟုတ်ဘူး။ အင်းစိန်ကလည်းမဟုတ်ဘူး၊ ရန်ကင်းစစ်ကြောကို ခေါ်သွားတာလို့ သိရတယ်။ အဲဒီနေ့ညမှာ ရန်ကင်းစစ်ကြောကို ခေါ်တယ်လို့ သိရတယ်။ ၈ ယောက်ကတော့ ပြန်လည် လွတ်မြောက်လာပြီး ရန်ကင်းစစ်ကြောကနေ လွတ်မြောက်လာတာ။ ”

ပြီးခဲ့တဲ့ရက်ကပဲ အကြမ်းဖက်ဖြိုခွဲခံရပြီး ထိခိုက်ဒဏ်ရာရခဲ့ကြသူတွေကတော့ သပိတ်စခန်းကို ပြန်လာကြပြီး ကျန်တဲ့ ပျောက်ဆုံးနေသူတွေကို အခုထိ အဆက်အသွယ်မရေးသေးကြောင်းနဲ့ ဖမ်းဆီးခံရသူနှစ်ဦးကို ပုဒ်က ၅၀၅ နဲ့ တရားစွဲဖို့စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ဝင်တွေကတဆင့် သိခဲ့ရတယ်လို့ ဆိုပါတယ်။

“၅၀၅ (ခ) ကိုပဲ သေချာအောင်လို့ စစ်ဆေးနေတာ။ ရဲစခန်းကတော့ ပြောလိုက်တယ်။ ညီမပြောချင်တာက တကယ်လို့ ၅၀၅ (ခ) နဲ့စွဲမယ်ဆိုလို့ရှိရင် ညီမတို့သိသလောက် ၅၀၅ (ခ) က နိုင်ငံတော်အကြည်ညို ပျက်စေမှု၊ ညီမတို့က တနေ့ကို ပိုက်ဆံ ၁,၃၅၀ နဲ့စားမလောက်လို့ တိုးတောင်းတာ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုမဟုတ်ဘူး အမ။ ”

အလုပ်သမားတွေရဲ့သပိတ်နဲ့ပတ်သက်လို့ အလုပ်သမားအဖွဲ့အစည်းသုံးဖွဲ့က ဖြေရှင်းပေးနိုင်ရေး ဆွေးနွေးနေကြတယ်လို့လည်း အလုပ်သမားရေး ဆောင်ရွက်သူ ကိုထွန်းထွန်းနိုင်က ပြောပါတယ်။

“နောက်ဆုံးအခြေအနေကတော့ဗျာ- ကျနော်တို့အခု Action …. ရယ်၊ နောက် …. ရယ်၊ နောက် ၈၈ ပွင့်လင်းရယ်၊ ကျနော်တို့ ….နည်းနည်းလေး အစည်းအဝေးထိုင်ပြီး စဉ်းစားဖို့တော့ အဲဒါလေးတော့ လောလောဆယ် ပြောဖြစ်ထားကြတယ်။”

ပြီးခဲ့တဲ့ရက်ကတော့ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးထင်အောင်နဲ့ အလုပ်ရုံနဲ့အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အလုပ်သမားအခွင့်အရေး သပိတ်စခန်းဖွင့်တောင်းဆို ဆန္ဒပြနေတဲ့ အလုပ်ရုံသုံးရုံက ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ကြပေမယ့် မပြေလည်ခဲ့ဘူးလို့ အလုပ်သမားတွေဘက်က ပြောပါတယ်။

စက်ရုံကိုပိတ်ဆို့ပြီး ဆန္ဒပြနေကြတဲ့အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ရက်က ချီတက်လမ်းလျှောက်ဆန္ဒပြနေခဲ့ကြရာက အကြမ်းဖက်လူစုခွဲခံရပေမယ့် ဒီနေ့မှာတော့ ဒဏ်ရာရသူတွေလည်း ပြန်လည်ပူးပေါင်းလာပြီး လူအင်အား တထောင်ကျော်လောက် ရှိတယ်လို့ ဆိုပါတယ်။

စက်ရုံသုံးရုံရဲ့တောင်းဆိုချက်တွေက သက်ဆိုင်ရ သပိတ်စခန်းအလိုက် အလုပ်သမားတွေတောက်းဆိုနေတဲ့ လုပ်ခလစာတိုးမြှင့်ပေးဖို့၊ အနည်းဆုံးလုပ်အားခဈေးကို အာဆီယံစံနှုန်းနဲ့အညီ အမြန်ဆုံးသတ်မှတ်ပြဌာန်းပေးဖို့၊ ဥပဒေကို မလေးစားတဲ့လုပ်ငန်းရှင်တွေကို အရေးယူဆောင်ရွက်ပေးဖို့၊ အလုပ်သမားတွေ သပိတ်မှောက်နေစဉ်ကာလအတွင်း လုပ်ခလစာပေးချေဖို့၊ သပိတ်မှောက်အလုပ်သမားတွေကို အရေးယူဆောင်ရွက်ခြင်းမလုပ်ဖို့ စတဲ့တောင်းဆိုချက်တွေ ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG