သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေပြည်သာလွှတ်တော်အမတ် အပြုအမူအပေါ် တုံ့ပြန်မှု


CCTV မှာမြင်ရသော မိုတယ်ရွှေပြည်သာ ဧည့်ကြို ကောင်တာ မြင်ကွင်း
CCTV မှာမြင်ရသော မိုတယ်ရွှေပြည်သာ ဧည့်ကြို ကောင်တာ မြင်ကွင်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဟာ ဂုဏ်သိက္ခာနဲ့အညီ ပြောဆိုဆက်ခံခြင်းမရှိဘဲ၊ တာဝန် လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်ပြီး ခြိမ်းခြောက်မှုတွေ လုပ်လာတဲ့အခါမျိုးမှာ သက်ဆိုင်ရာ မဲဆန္ဒရှင်တွေအနေနဲ့ အဲဒီလွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်တွေကို ပြန်ရုပ်သိမ်းပေး ဖို့ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြား တောင်းဆိုနိုင်တယ်လို့ ဥပဒေပညာရှင်တချို့ က သုံးသပ်ပါတယ်။ ရန်ကုန် ရွှေပြည်သာမြို့နယ်က မိုတယ်တခုကို NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးနဲ့ အပေါင်းအပါတွေက လာရောက် ဆဲဆိုခြိမ်းခြောက် တယ်ဆိုပြီး ရဲစခန်းမှာ အမှု ဖွင့်ထားတဲ့ကိစ္စ လူမှုမီဒီယာတွေပေါ် ပျံ့နှံ့လာအပြီး အခုလို ပြောဆိုလိုက်တာပါ။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရန်ကုန် ရွှေပြည်သာမြို့နယ် ၈ ရပ်ကွက်မှာရှိတဲ့ ရွှေပြည်သာမိုတယ်ကို အောက်တိုဘာလ ၁ ရက်နေ့ ညသန်းခေါင်မတိုင်ခင်အချိန် လာရောက် ဆဲဆို ခြိမ်းခြောက်တယ်ဆိုပြီး ရွှေပြည်သာမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းနဲ့ အပေါင်းပါနှစ်ဦးကို၊ ပုဒ်မ ၃ ခုနဲ့ မိုတယ်မန်နေဂျာက ရွှေပြည်သာမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ အမှုဖွင့်ချိန်မှာ CCTV ရုပ်သံမှတ်တမ်း အထောက်ထားတွေ တင်ပြထားတယ်လို့ ဆိုပါတယ်။ လွှတ်တော်အမတ် ဦးဉာဏ်လင်းကတော့ ဒီမိုတယ်ဟာ ဥပဒေနဲ့ မညီတာတွေကို လုပ်ကိုင်နေတာကြောင့် ရပ်ကွက်က တိုင်ကြားထားလို့ ဝင်ရောက်စစ်ဆေးဖို့ အဲဒီမိုတယ်ကို သွားရောက်ခြင်းသာဖြစ်ကြောင်း သတင်းဌာနတွေကို ရှင်းပြခဲ့ပါတယ်။

“ကျနော် နဂိုကတည်းက ဒီကိုသွားတဲ့ ရည်ရွယ်ချက်ကိုက လေ့လာဖို့၊ တိုင်တဲ့တောတဲ့ သူတွေ လုပ်သလို တကယ်ပဲ ပြစ်မှုတွေ ကျူးလွန်နေသလား၊ တံခါးပိတ်ပြီးတော့ နောက်ကွယ်မှာ မူးယစ်ဆေးဝါးမှုတွေ ဖြစ်နေသလား။ ခုနပြောသလို အမျိုးသမီးငယ်တွေကိုလည်း သူတို့ပြောသလို ဖျက်ဆီးနေတာလား။ ဒါလေးကို ကျနော် ကြည့်ဖို့သွားတာ။”

ဦးဉာဏ်လင်းနဲ့ပါလာသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အခြားတဦးတို့ဟာ ရွှေပြည်သာ မိုတယ်မှာ ကာရာအိုကေ သီချင်းဆိုဖို့ လာရောက်ခဲ့တာဖြစ်ပြီး၊ ကာရာအိုဆိုဖို့ ဝင်ခွင့်မပေးတဲ့အပေါ် မိုတယ်ဝန်ထမ်းတွေကို ဝိုင်းဝန်းဆဲဆို ခြိမ်းခြောက်ကြကြောင်း မိုတယ်မန်နေဂျာ မသင်းစံပယ်က မီဒီယာတွေကို ရှင်းပြပါတယ်။

“အကိုတို့က ဘာကိစ္စရှိလို့ပါလဲမေးတော့ ကာရာအိုကေဆိုမယ်လို့ပြောတာနဲ့ ကာရာ အိုကေမရဘူးအကို၊ ပိတ်ထားပါတယ်။ မရဘူး ငါတို့ကို တံခါးဖွင့်ပေး၊ ငါတို့ ဘယ်သူလဲ သိလားလို့ သူတို့က ပြောပါတယ်။ နင်တို့က အထဲမှာ တံခါးတွေပိတ်ပြီး ဘာမဟုတ်တန်းတွေ လုပ်နေလဲလို့ ကျမကို အဲလိုမျိုး စွပ်စွဲပါတယ်။ အဲဒီအချိန်မှာ ဦးဉာဏ်လင်းဆိုတဲ့လူက ဖုန်းဆက်ပါတယ်။ ဘယ်သူ့ကို ဆက်မှန်းမသိပါဘူး။ အရပ်ပုပုနဲ့လူက ကျမကို ဆဲရေးတိုင်းထွာ ပြောဆိုပါတယ်။ ဦးဉာဏ်လင်း ဆိုတဲ့ လူကလည်း ငါ ဘယ်သူလဲ နင်တို့သိလား သူ အဲ့အချိန်မှာ ဖုန်းခေါ်တယ်။ ဘယ်သူ့ကိုခေါ်လဲတော့ ကျမမသိဘူး။ ဖုန်းခေါ်တဲ့အချိန်မှာ ပြောပါတယ်။ ငါတို့ ရွှေပြည်သာမိုတယ်မှာ ရောက်နေတယ်။ လာခဲ့ အခု။ ငါတို့ ဒီ ဟိုတယ်ကို မြေလှန်ပစ်လိုက်မယ်။ သိန်း ၁၀၀ ပေးရင်တောင် မရဘူး။ မြေလှန် ပစ်လိုက်မယ်လို့ ကျမဟိုတယ်ကို လာခြိမ်းခြောက်ပါတယ်။”

လွှတ်တော်အမတ် ဦးဉာဏ်လင်းပေါ် စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ ရဲစခန်းက ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေး ပါဘူး။ NLD ပါတီ ဗဟိုအလုပ်မှုဆောင်လည်းဖြစ် ပြောခွင့်ရလည်းဖြစ်တဲ့ ဦးဝင်းထိန်ကတော့ ဒီကိစ္စမှာ ပါတီက ဘာမှ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး လို့ အောက်တိုဘာ ၄ ရက် နေပြည်တော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“အဲဒါကတော့ တရားဥပဒေအတိုင်းပဲ။ တရားဥပဒေအတိုင်းပဲ လုပ်မယ်။ ဘာမှ ဝင်စွက်စရာ အကြောင်းမရှိဘူး။”

ရှေ့နေတဦးလည်းဖြစ်တဲ့ လွှတ်တော်အမတ် ဦးဉာဏ်လင်းကို ပါတီစည်းမျဉ်းစည်းကမ်းတွေအရ အရေးယူခဲ့ရင်တောင် ပါတီတာဝန်တွေ ရပ် ဆိုင်းခံရတာမျိုး၊ နောက်ဆုံး ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်တာမျိုး လုပ်နိုင်ပေမယ့်၊ ရွေးကောက်ပွဲမှာ ပြည်သူက မဲပေးတင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တဦးကိုတော့ လွှတ်တော်ကနေ အလွယ်တကူ ဖယ်ရှားလို့ မရနိုင်ပါဘူး။ ဘယ်လိုအခြေအနေတွေနဲ့ ကိုက်ညီခဲ့ရင် လွှတ်တော် ကိုယ်စားလှယ် တာဝန်တွေ ပြန်အရုပ်သိမ်းခံရမှာပါလဲ၊ ဥပဒေပညာရှင် ရှေ့နေကြီး ဦးအောင်သိန်းက ခုလိုရှင်းပြပါတယ်။

“လွှတ်တော်ကိုယ်စားလှယ် တဦးနဲ့ ပတ်သက်ပြီးတော့ အရေးယူဆောင်ရွက်နိုင်တာတွေကို ဖွဲ့စည်းပုံမှာလည်း ပြဌာန်းထားတယ်၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကျင့်ဝတ်သိက္ခာနဲ့ ပတ်သက်ပြီးတော့လည်း ဥပဒေ၊ နည်းဥပဒေတွေလည်း ရှိတာပေါ့။ အဲဒီတော့ ဒီ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၆(က) ကနေ (င) အထိမှာဆိုရင်တော့ ကိုယ်စားလှယ်ရဲ့ အရည်အချင်း ချို့ယွင်းပျက်ကွက်မှုနဲ့ ပတ်သက်ပြီးတော့ သတ်မှတ်ထားတာတွေ ရှိတယ်ပေါ့။ နောက်တခါ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ/ နည်းဥပဒေမှာ ကျင့်ဝတ်ပိုင်းနဲ့ ပတ်သက်ပြီး ပြဌာန်းချက်တွေ ရှိတယ်ဗျ၊ လွှတ်တော်ကိုယ်စားလှယ် တယောက်က သူ့ရဲ့ဂုဏ်သိက္ခာနဲ့အညီ ကျင့်ကြံဆောင်ရွက်ခြင်း မရှိဘဲနဲ့ ကိုယ်ကျုးိရှာ လုပ်ပိုင်ခွင့်နဲ့ လာဘ်ပေးလာဘ်ယူမှုတွေ၊ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိလာလို့ရှိရင် အဲဒီဥပဒေနဲ့ ငြိစွန်းတယ်ဆိုတာ ကျနော်တို့ တွေ့ရှိရပါတယ်”

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၆ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြည်လည်ရုပ်သိမ်းခြင်းမှာ နိုင်ငံတော်ကို သစ္စာဖေါက်ခြင်း၊ ဖွဲ့စည်း ပုံ ဥပဒေပါ တချက်ချက်ကို ဖေါက်ဖျက်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်းခြင်းတွေ ဖေါ် ပြထားပြီး၊ ကိုယ်စားလှယ်တဦးကို တာဝန်မှ ရုပ်သိမ်းပေးဖို့ မိမိမဲဆန္ဒနယ်က တစ်ရာခိုင်းနှုန်းသော ပြည်သူတွေက ရွေးကောက်ပွဲကော်မရှင် ကို တင်ပြလာခဲ့ရင် ကော်မရှင်က ဆက်လက်စစ်ဆေး အရေးယူနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ/ နည်းဥပဒေ အခန်း(၃)မှာတော့ ကိုယ်စားလှယ်တဦးဟာ ဂုဏ်သိက္ခာနဲ့အညီ ပြောဆိုဆက်ခံရမယ်၊ လုပ်ပိုင် ခွင့်တွေကို အလွဲသုံးစားလုပ်ပြီး ခြိမ်းခြောက်မှုတွေ ရှောင်ကြဉ်ရမယ်လို့ ပြဌာန်းထားပြီး၊ အခန်း(၁၄)မှာတော့ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေတွေအရ လွှတ်တော်ကိုယ်စားလှယ်တဦးကို တာဝန်က ရပ်စဲနိုင်ကြောင်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG