သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွှေ့ပြောင်းလုပ်သားရေး ဆောင်ရွက်နေသူ တရားစွဲခံရ


(ဝဲမှယာ - ဦးကျော်သောင်းနဲ့ ဦးထူးချစ်)
(ဝဲမှယာ - ဦးကျော်သောင်းနဲ့ ဦးထူးချစ်)

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ လူကုန်ကူးခံရသူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်း ဟာ ရွှေ့ပြောင်းအလုပ်သမားအရေး သတင်းစာရှင်းလင်းပွဲတခုကို မြန်မာနိုင်ငံမှာ သွားရောက် လုပ်ကိုင်နေစဉ်မှာပဲ ပြည်ပအလုပ်ကိုင်ရှာဖွေရေး အေဂျင်စီများအဖွဲ့ချုပ်နဲ့ လပ်ဗီးဝေါလ် အေဂျင်စီတို့က သူတို့ကို အသရေဖျက်မှု၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမှုတွေနဲ့ အမှုဖွင့်တိုင်ကြားထားကြောင်း ရဲစခန်း ၂ ခုက အာဏာပိုင်တွေက အကြောင်းကြားခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင် နှစ်နိုင်ငံသဘောတူညီမှု MOU နဲ့ လာကြတဲ့အလုပ်သမားတွေကို ကုမ္ပဏီတွေက တာဝန်ယူမှု မရှိဘူးဆိုပြီး ထိုင်းရောက် MOU အလုပ်သမားတွေ ဘာဖြစ်ကြလဲဆိုပြီး ခေါင်းစဉ်နဲ့ ထိုင်းအခြေစိုက် အလုပ်သမားအဖွဲ့အစည်း ၂ ခုကနေ ရန်ကုန်မြို့မှာ သြဂုတ်လ ၂ ရက်နေ့က သတင်းစာရှင်းလင်းခဲ့တာပါ။ ဒီရှင်းလင်းပွဲကို ထိုင်းကပြန်လာပြီး ဒုက္ခရောက်ခဲ့ရတဲ့ အလုပ်သမားတွေကိုယ်တိုင် ပါဝင်ပြီး ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ဒီရှင်းလင်းပွဲလုပ်နေစဉ်မှာပဲ သူတို့ကို ပြည်ပအလုပ်ကိုင်ရှာဖွေရေး အေဂျင်စီများအဖွဲ့ချုပ်နဲ့ လပ်ဗီးဝေါလ်အေဂျင်စီတို့ တရားစွဲဆိုထားတာကို အာဏာပိုင်တွေက လာရောက် အကြောင်းကြားခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်း က ဆိုပါတယ်။

“ကျနော် ဧပြီလ ၁၂ ရက်နေ့က MOU ကို ပေါင်းစားနေကြတဲ့ စားခွက်ကို သင်္ကြန်အတာရေနဲ့ ဆေးကြောပါဆိုပြီးတော့ ကျနော်တို့ ရွှေလုပ်သားဝဘ်ဆိုဒ်မှာ ကျနော်ရေးခဲ့တယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့မှ အစိုးရနဲ့ သူတို့တွေကို သိက္ခာချပါတယ်ဆိုပြီးတော့ ပြည်ပအလုပ်အကိုင်များ ရှာဖွေလုပ်ငန်းရှင်များအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ထင် က လက်မှတ်ထိုးပြီးတော့မှ ပန်းဘဲတန်းမြို့နယ်မှာ အမှုဖွင့်ထားတယ်။ ပန်းဘဲတန်းမြို့နယ်က ဒုရဲအုပ် မောင်မောင်မြင့်ဆွေ သူက မနေ့ကတကြိမ် ဖုန်းဆက်တယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲပြီးတဲ့အခါမှာ ကျနော့်ကို လာတွေ့တယ်။ ဒေါ်ရွှေရွှေသန်းကျတော့ သူတို့ကုမ္ပဏီနဲ့ သူ့ကို ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်လုပ်တဲ့အတွက် အသရေဖျက်မှုနဲ့ အမှုဖွင့်ပါတယ်။”

ဒီရှင်းလင်းပွဲမှာတော့ မကြာသေးခင်တုန်းက ထိုင်နိုင်ငံတွင်းမှာ MOU နှစ်နိုင်ငံသဘောတူညီမှုနဲ့ လာပြီးနောက် လုပ်ငန်းခွင်တွင်း ထိခိုက်ခဲ့ပြီး နစ်နာကြေးမရရှိခဲ့တဲ့ အလုပ်သမားတွေ ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေ အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေလည်း ပါဝင်ပြီး သူတို့ပြဿနာတွေကို ရှင်းလင်းခဲ့ကြတယ်လို့လည်း ဆက်ပြောပြပါတယ်။

“ကာယကံရှင် အလုပ်သမားတွေကို ကျနော်တို့က ခေါ်လာတယ်။ ကာယကံရှင်ဆိုတဲ့အထဲမှာ ဥပမာ ဒီ တိုက်ပေါ်ကပြုတ်ကျပြီးတော့ အေဂျင်စီတွေ တာဝန်မကျေတဲ့ အလုပ်သမားရယ်၊ နောက်ပြီး ကားတိုက်ပြီးတော့မှ အေဂျင်စီတွေ စွန့်ပစ်တာခံထားရတဲ့ အလုပ်သမားရယ်၊ စာချုပ်ပါ တကြိမ်၊ နှစ်ကြိမ် လုပ်ပြီးတော့မှ ဒုက္ခရောက်တဲ့ အလုပ်သမား ၂၃ ယောက်ရယ်၊ ဒီဘက်ကို အေဂျင်စီတွေ တာဝန်မဲ့စွာ ပြန်ပို့လိုက်တဲ့ အလုပ်သမားတွေ ကျနော်တို့က အင်တာနက်အွန်လိုင်းတင်ထားတဲ့ သတင်းတွေ သိပြီးတော့မှ သူတို့လာကြတယ်။”

ထိုင်းနိုင်ငံတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက အဖမ်းဆီးခံရတာတွေနဲ့ ပတ်သက်လို့ အလုပ်သမားတင်ပို့တဲ့ ကုမ္ပဏီတွေအနေနဲ့ တာဝန်ယူမှု အားနည်းတာတွေကြောင့်ဆိုကာ ဝေဖန်မှုတွေလည်း ပေါ်ထွက်ခဲ့တာပါ။ အလုပ်သမားတွေကိုယ်တိုင်က သူတို့ရဲ့နစ်နာမှုတွေကို ကုမ္ပဏီတွေက ဖြေရှင်းပေးခြင်းမရှိဘဲ နေရပ်ရင်းကိုသာ ပြန်ပို့ခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ မြန်မာဘက်က အလုပ်သမားတင်ပို့မှုတွေဟာ ဥပဒေနဲ့အညီ လုပ်ဆောင်တာမဟုတ်တဲ့အတွက် ထိုင်းနိုင်ငံကဥပဒေအတိုင်း ကိုင်တွယ်တဲ့အခါမှာ အဖမ်းဆီးတွေ ဖြစ်ခဲ့တယ်လို့လည်း ထိုင်းအခြေစိုက် ပညာရေးနဲ့ လူအခွင့်ရေးဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ ဦးထူးချစ်ကလည်း ဆိုပါတယ်။

“ထိုင်းဥပဒေနဲ့ မညီဘဲ နေခဲ့တာ တော်တော်ကြာသွားပြီ။ ဒါကို ကျနော်တို့က ထိုင်းဥပဒေအတိုင်း ဆောင်ရွက်ပါလို့ ပြောတဲ့အချိန်မှာ ထိုင်းဥပဒေအတိုင်း ဆောင်ရွက်လို့ရှိရင် အခုကိစ္စတွေ ပေါ်လာတာပဲ။ သူဌေးမတူတဲ့ အလုပ်သမားတွေ၊ မြန်မာအစိုးရအနေနဲ့ အမြဲတမ်း ကျနော်တို့ကို ပြောတဲ့ကိစ္စမှာ MOU ရဲ့ သဘောတူညီချက်တွေကို ပြန်စိစစ်ပါ။ လက်မှတ်အရမ်းမထိုးပါနဲ့ဆိုတာ အဲဒါကို ပြောတာ။”

အခုအခါမှာတော့ အလုပ်သမားတွေကို အကူညီပေးခဲ့တဲ့ ထိုင်းအခြေစိုက် အလုပ်သမားရေး ဆောင်ရွက်တဲ့အဖွဲ့အစည်းက တာဝန်ရှိသူတွေကိုပါ တရားစွဲဆိုတာတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ တရားစွဲခဲ့တဲ့ ပြည်ပအလုပ်ကိုင်ရှာဖွေရေး အေဂျင်စီများအဖွဲ့ချုပ်နဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေကိုတော့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူးရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG