သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဘို ငလျင်ကြောင့် လူအသေအပျောက်ရှိ


ရွှေဘိုမြို့ အရှေ့ဘက် တည်ဆောက်ဆဲ ဧရာဝတီမြစ်ကူး တံတားတခု ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရပုံ။ (နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၁၂)။
ရွှေဘိုမြို့ အရှေ့ဘက် တည်ဆောက်ဆဲ ဧရာဝတီမြစ်ကူး တံတားတခု ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရပုံ။ (နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၁၂)။
တနင်္ဂနွေနေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီးမှာ ဗဟိုပြုတဲ့ ၆.၈ ရစ်ချက်စကေး ပြင်းအား ရှိတဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံ အထက်ပိုင်း နေရာအတော်များများမှာ ထိခိုက်ပြိုကျ ပျက်စီးမှုတွေ ရှိခဲ့သလို လူအသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာ ရမှုတွေလည်း ရှိခဲ့ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဆက်သွယ် စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

နိုဝင်ဘာလ ၁၁ ရက်၊ တနင်္ဂနွေနေ့မနက် ၇ နာရီ ၄၂ မိနစ်က မြန်မာနိုင်ငံ အလယ်ပိုင်း၊ စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရဲ့ မြောက်ဘက် ၄၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ၆.၈ ရစ်ချ်တာစကေးရှိတဲ့ ပြင်းထန်တဲ့ မြေငလျင်တခု လူပ်ခတ်သွားခဲ့ပါတယ်။ မြေငလျင်ဗဟိုချက်ဟာ စစ်ကိုင်းငလျင်ကြော အပေါ်မှာ တည်ရှိနေပြီး မြေအောက်အနက် ၉.၉ ကီလိုမီတာ (၆ မိုင်) တွင် ဗဟိုပြုလှုပ်ရှားခဲ့တဲ့အတွက် အနက်တိမ် ပြင်းအားကြီး မြေငလျင် ဖြစ်ပါတယ်။ ဒီလိုမျိုး ပြင်းအားငလျင် လှုပ်ခတ်ခဲ့တဲ့အတွက် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း အတွင်းမှာ သိသိသာသာ လူပ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ကြုံဖူးသမျှ ငလျင်ထဲမှာ တော်တော်ပြင်းထန်တဲ့ မြေငလျင်ဖြစ်တယ်လို့ မန္တလေးဒေသခံ ကိုမင်းထက်ငြိမ်းချမ်း က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ပြင်းတယ်ဗျ။ လှုပ်သွားတာတော့ မန္တလေးမှာ မနက် ၈ နာရီ မက်တင်းပေါ့။ ၇ နာရီ ၄၅ မှာ လှုပ်သွားတာ အတော်လေး ပြင်းထန်ပါတယ်။ တော်တော် သိသိသာသာပဲ။ ကျနော်တို့ ငလျင်တွေလည်း ကြုံဖူးပါတယ်။ ဒါပေမဲ့ ဒီတခေါက် လှုပ်တာတော့ တော်တော်လေး ပြင်းထန် တယ်ပေါ့ဗျာ။ ပြင်းထန်တော့ တစ်မြို့လုံးလည်း နည်းနည်းတော့ စိုးရိမ်သွားပါတယ်။ အိမ်တွေဆိုလို့ရှိရင်လည်း အနည်းအကျဉ်းလေးတွေ အုတ်တွေ ကွာကျတာတို့၊ အုတ်တံတိုင်းလေးတွေ ပြိုတာတို့ အဲဒါလေးတွေလည်း ရှိတယ်ဗျ။ နောက်တချက်က ကျနော်တို့ သံလျှပ်မော် ဘက်မှာတော့ သိမ်ကျောင်းက အောက်ထဲကို ၂ ပေလောက်အထိ ကျွံသွားတယ် ဆိုတာရယ်။ နောက်ပြီးတော့ ဘုန်းကြီးကျောင်း အုတ်တံတိုင်းကြီး ပြိုတယ်ဆိုတာတွေလည်း ရှိတယ်။”

ဒီငလျင် လူပ်ခတ်မှုကြောင့် မန္တလေးတိုင်း ဒေသကြီးအတွင်းက ရှေးဟောင်း စေတီ ပုထိုး တော်တော်များများ လည်း ပြိုကျပျက်စီးပြီး စိန်ဖူးတော်တွေ မြေခတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ကိုမင်းထက်ငြိမ်းချမ်း က ဆက်ပြောပါတယ်။

“များတာက ကျနော်တို့ တံတားဦး မြို့နယ်ထဲမှာရှိတဲ့ ရှေးဟောင်း ဘုရားစေတီ၊ သာသနိက အဆောက်အဦးတွေ တော်တော်များများ ပျက်စီးပါတယ်။ နောက်တချက်က အမရပူရ မြို့နယ်ထဲမှာလည်း ပုထိုးတော် စိန်ဖူးတော်တွေ အောက်ကို ပြုတ်ကျပါတယ်။ မြို့ထဲမှာရှိတဲ့ မင်္ဂလာစေတီ ပေ ၃၀ အထက်လောက်မှာ၊ စေတီလုံးပတ် ပေ ၆၀ လောက်မှာ အက်ကွဲကြောင်း ဖြစ်တယ်။ နောက် အပေါ်ပိုင်း အင်္ဂတေတွေ ကွာကျတယ်။ ထီးတော် မြောက်ဘက်ကို ယိုင်သွားတယ်။ စိတ်ဖူးတော် မြေခတယ်။ များတာကတော့ ရွှေပေါက်တော်ဘုရား၊ လေးထပ်ကြီးဘုရား၊ စန္ဒာမုနိ ဘုရား၊ တောင်တွင်းကြီးဘုရား ဘေးမှာ ပျက်စီးတာတွေ ရှိတယ်ခင်ဗျ။”

တနင်္ဂနွေနေ့ မနက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားကြီး ငလျင်ကြောင့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ ကျောက်မြောင်းမြို့နဲ့ စဉ့်ကူးမြို့ကို ဆက်သွယ်ဖို့ တည်ဆောက်ဆဲ ဧရာဝတီမြစ်ကူးတံတား ရတနာ သိင်္ခတံတား ပြိုကျခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။ မန္တလေးတိုင်းတွင်းက စာသင်ကျောင်းတချို့နဲ့ မန်းမြန်မာ ပလာဇာ အပါအဝင် ဈေးအဆောက်အဦးတချို့လည်း ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်း သပိတ်ကျင်းမြို့နယ်၊ ကန့်ဘလူမြို့နယ် ရွှေဘို၊ ကျောက်မြောင်း၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊ မိုးကုတ်၊ အမရပူရ၊ စဉ့်ကူး စတဲ့ မြို့ တော်တော်များများ မြေငလျင်ဒဏ် အပြင်းအထန် ခံခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းအတွင်းက လတ်တလော ငလျင်ဘေးဒဏ်သင့်တဲ့ နေရာတွေဆီကို နိုင်ငံတော် ဒုတိယသမ္မတနဲ့ ဝန်ကြီးတွေ သွားရောက်နေကြတယ်လို့ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးကလည်း ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ပျက်စီးဆုံးရှုံးမှု စာရင်းနဲ့ လူအသေအပျောက် စာရင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက သမ္မတရုံးကို သတင်းပေးပို့နေပြီး မကြာခင်မှာ နိုင်ငံတော်သမ္မတရုံးက သတင်း ထုတ်ပြန်မှာ ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

“စီစဉ် နေရာချထားရေး၊ အရေးပေါ် ကယ်ဆယ်ရေး အဲဒါတွေ လုပ်ဖို့အတွက်ကို သွာကြပြီခင်ဗျ။ သေဆုံးမှု စာရင်းက တောက်လျှောက် တက်နေတယ်။ နောက် လူ အသေအပျောက်စာရင်း၊ ပျက်စီး ဆုံးရှုံးမှုစာရင်း အဲဒါတွေ တောက်လျှောက် ပြည်ထဲရေးကလည်း တက်တယ်။ တိုင်းဒေသကြီးကလည်း တက်တယ်၊ ရဲကလည်း တက်တယ်။ ကျနော်တို့ လူမှုကယ်ဆယ်ကလည်း တက်တယ်။ အဲဒါတွေ အကုန်လုံး ပေါင်းပြီးတော့ ထုတ်ပြန်ဖို့ လုပ်နေတယ်။ အပိုင်းလိုက် အပိုင်းလိုက် ထုတ်သွားမှာ။”

တနင်္ဂနွေ မနက်ပိုင်းက ပြင်းထန်တဲ့ မြေငလျင်ကြီး လူပ်ခတ်သွားပြီးနောက်ပိုင်း နောက်ဆက် တွဲမြေငလျင်များ လှုပ်ရှား နိုင်ခြေရှိတာမိုလို့ အများပြည်သူတွေ အနေနဲ့ သတိထားပြီး နေထိုင်ဖို့ လိုပေမဲ့ အစိုးရိမ် မလွန်ကြဖို့ လိုအပ်တယ်လို့လည်း မိုးလေဝသပညာရှင် ဦထွန်းလွင်က ပြောပါတယ်။ နောက်ဆက်တွဲ သတင်းတွေအရ ကတော့ ရွှေဘိုနဲ့ စဉ့်ကူး မြို့နယ်ထဲမှာ ရွှေတွင်းပြိုကျမှုတွေ ရှိတာကြောင့် ပိတ်မိသူအချို့ ရှိနေတယ်လို့ သိရပါတယ်။
XS
SM
MD
LG