သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဘိုမြို့အနီး စစ်ကောင်စီဖမ်းသွားသူတွေ ၈ လောင်းပြန်တွေ့


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တအုံကျေးရွာ။ (Crd: MIMU)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တအုံကျေးရွာ။ (Crd: MIMU)


[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ရွာတွေမှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရတဲ့သူတွေထဲက ရွာသား ၈ ဦးရဲ့ အလောင်းတွေကို ရွှေဘိုနယ်၊ တအုံရွာအနီး ဘောနှောဆည်ထဲမှာ ပြန်တွေ့ရ တယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။ စစ်ကောင်စီက ရွှေဘိုနယ်နဲ့ ဝက်လက်နယ်အစပ်က ကျေးရွာတွေကို ဇွန်လ ၈ ရက်နေ့လောက်ကစလို့ ဆက်တိုက် နယ်မြေရှင်းလင်းရေးတွေ လုပ်နေပြီး ကျေးရွာတွေကိုမီးရှို့တာနဲ့ ရွာသားတချို့ သတ်ဖြတ်ခံရမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ဇွန်လ ၁၂ ရက်နေ့က ရွှေဘိုမြို့နယ်ထဲက တအုံရွာဘက်ကို နယ်မြေရှင်းလင်းရေးလုပ်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လမ်းတလျှောက် ဒေသခံရွာသား ၁၁ ဦးကို ဖမ်းဆီးသွားပြီး ၈ ဦးရဲ့အလောင်းတွေကိုတော့ တအုံရွာအနီးက ဘောနောဆည် ထဲမှာ ပြန်တွေ့ရတယ်လို့ ဒေသခံတဦးက VOA ကို ခုလိုပြောပါတယ်။

“တအုံက လူသားဒိုင်းသဘောမျိုး ခေါ်လာတဲ့ ၁၁ ယောက်က ၃ ယောက်ကတော့ လွတ်လာတယ်။ ၈ ယောက်က အသတ်ခံရတယ်။ ဒီနေ့မှ သူတို့ကို မြှုပ်ထားခဲ့ရတယ်။ ဘောနောဆည်ထဲကို သူတို့ ကင်းဝပ်ပြီးတော့ အဲ့ထဲမှာ သူတို့ သတ်ပစ်ထားခဲ့တာ။ ဖမ်းသွားတာက ၁၁ ယောက်။ အဲ့ ၃ ယောက် ပြန်လာတာ။ ပြန်လာတော့ အဲ့ထဲကပဲ သူတို့ ရုန်းထွက် ပြေးလာခဲ့ရတယ်ဆိုတော့ ကျန်တဲ့သူတွေကတော့ သူတို့နဲ့ ပါမသွားရင် ဒီထဲရှိမှပဲ ဆိုပြီးတော့ သွားကြည့်တော့ အသေ ၈ ယောက်ပဲ တွေ့တော့တာ။ တွေ့တော့ ပုပ်ရိနေတာပဲ။ အဲ့ဒါနေ့မှပဲ မြှုပ်နှံပေးခဲ့ရတာ။ လူရုပ်တွေကိုက မပီတော့ဘူး ဖြစ်နေတာလေ။”

ဇွန်လ ၈ ရက်နေ့ကနေ စပြီး ရွှေဘိုမြို့တောင်ဘက် ပန်းတောင်းကျေးရွာကနေ စတင်လာတဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းဟာ ဖွင့်လှိုင်းကျေးရွာမှာ လူငယ်တဦးကို ဖမ်းဆီးပစ်သတ်ပြီး မီးရှို့ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီကနေတဆင့် ဝက်လက်မြို့နယ်ထဲက ကျေးရွာတွေဖြစ်တဲ့ ပင်းဇင်၊ တမာကုန်း စတဲ့ ရွာတွေကို ဆက်ဝင်လာပြီး တမာကုန်းကျေးရွာက နေအိမ် ၈ လုံးကို မီးရှို့ခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တမာကုန်းကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ဟာ အုတ်ဖိုကျေးရွာအနီးမှာ ဇွန် ၁၄ ရက် မနေ့က မနက် ၉ နာရီဝန်းကျင်လောက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ ဗုံးကျဲခဲ့တယ်လို့ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တခုရဲ့ အဖွဲ့ဝင် ဗိုလ်ပျံလွှားက VOA ကို ခုလိုပြောပါတယ်။

“သူတို့ကလက်နက်ကြီးတွေနဲ့ တအားပစ်တာလေ၊ ၆၀ မမတို့နဲ့ တဒိုင်းဒိုင်းနဲ့ ပစ်တာ။ ကျနော်တို့ဘက်ကလည်း တတ်နိုင်သလောက် ရှိတာလေးနဲ့ အင်အားနဲ့ ရှိတဲ့ပစ္စည်းလေးနဲ့ ထိပ်တိုက်ပစ်ကြတာပေါ့။ အဲ့အချိန်မှာ ၉ နာရီ ၄၅ လောက်ကျတော့ Jet Fighter ကလာရော၊ ၂ လုံး ချသွားတာပေါ့ Jet Fighter က။”

ဒီတိုက်ပွဲပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက အိမ်ခြေ ၆၀၀ နီးပါးရှိတဲ့ မဲကုန်းကျေးရွာကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀၀ လောက် မီးလောင်ကျွမ်းခဲ့ပြီးတော့ ရွာထဲက လူ ၃ ဦးကိုလည်း ပစ်သတ်ပြီး မီးရှို့ထားခဲ့တယ်လို့ ဗိုလ်ပျံလွှားက ပြောပါတယ်။

“မဲကုန်းရွာကို ဝင်တော့ဗျာ၊ သူတို့က ကုလားမနိုင် ရခိုင်မဲ ဆိုသလိုပဲ။ ခုဏတုန်းက ကျနော်တို့ကို နိုင်အောင်မပစ်နိုင်တော့ ရွာကိုဝင်ပြီးတော့ အကုန်ကုန်အောင် မီးရှို့တာပေါ့ဗျာ။ နည်းနည်းပါးပါး မသွားနိုင်တဲ့ တချို့လည်း အရက်သောက်ပြီးတော့မူးနေတဲ့သူတွေပေါ့၊ သူတို့က အဲ့နားက ၃ ယောက်ကို ပစ်သတ်ပြီးတော့ မီးရှို့သွားတယ်ပေါ့။”

ဇွန်လ ၈ ရက်နေ့ကတည်းက စစ်ကောင်စီစစ်ကြောင်းတွေဟာ ရွှေဘိုမြို့နယ်ထဲက ပန်းတောင်း၊ ဘိုတဲ၊ ဖွင့်လှိုင်း၊ မင်းသားကန်၊ သကျည်းသာ၊ ရွေတောင်၊ ထန်းကြီး၊ တနင်းသာ၊ နှောပင်၊ သားနား(သန)၊ မောက်ကျိုး၊ ရေထွက်၊ ရွှေကျင်၊ ဥယျာဉ်မ၊ ကျီးရေခွံ၊ လှတောကျီးကန်ရွာတွေကနေ တစ်ဆင့် ဝက်လက်နယ်ထဲက ပင်းဇင်း၊ တမာကုန်း၊ ရွာတော်ကုန်း၊ မဲကုန်း၊ အုတ်ဖိုကုန်း၊ ရွာသာကြီးနဲ့ လှတွေ ရွာတွေကိုဝင်ရောက်ပြီး နေအိမ်တွေကို ဖျက်ဆီးပြီး ပစ္စည်းတွေကိုယူတာတွေ လုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာလုံးကျွတ်မီးရှို့ခံရတဲ့ မဲကုန်းရွာနဲ့ အနီးဝန်းကျင်က ရွာတချို့က စစ်ကောင်စီစစ်ကြောင်းရဲ့ ရန်ကို စိုးရိမ်ရသေးတာကြောင့် ရွာထဲက ပြန်မဝင်နိုင်ကြသေးဘဲ ဘေးလွတ်ရာကို ရှောင်နေကြရတုန်းလို့ ပြောပါတယ်။ တချို့ရွာတွေကတော့ စစ်ကြောင်း ပြန်ထွက်သွားချိန်မှာ ရွာထဲမှာ ပြန်နေကြသလို စစ်ကြောင်းပြန်ဝင်လာရင် ထပ်ပြီး ထွက်ပြေးကြရတယ်လို့ ပြောကြပါတယ်။

စစ်ကောင်စီစစ်ကြောင်း မီးရှို့ခဲ့တဲ့ ကျေးရွာတချို့က ရွာသားတွေ ရွာကိုပြန်ဝင်နေကြသူတချို့က သူတို့ လက်ရှိ နေထိုင်ကြရတဲ့ အခြေအနေကို ခုလိုပြောပြပါတယ်။

“ကိုယ်ကိုယ်တိုင်က အိမ်မီးလောင်သွားတဲ့ထဲ ပါနေတော့ ခုက သူများအိမ်ပေါ့၊ လွတ်တဲ့အိမ် ကပ်နေရတာပေါ့။ လောလောဆယ် ထပ်ပြီးတော့လည်း မဆောက်ရဲဘူးလေ။ ထပ်ဆောက်ရင်လည်း ပြန်ရှို့မှာ ကြောက်နေရတာနဲ့။ မိရိုးဖလာလုပ်နေကျ တောင်သူလေး ထွက်လုပ်လိုက်၊ ဝင်လိုက်၊ ပြေးလိုက်ပေါ့။ အဲ့လိုလေးပဲ နေထိုင်နေကြရတာပဲ။ လုပ်လိုက် ပြေးလိုက်ပဲ။ ဒီလိုပဲ မလုပ်လို့လည်း မဖြစ်ဘူးလေ။ ခုနှစ်ကမှ လုပ်မထားရင် လာမယ့်နှစ်ကျရင် အကျပ်အတည်းကျမှာကိုး။ အဲ့ကျတော့ လုပ်ရတော့တာပေါ့။”

မိုးတွင်းကာလဝင်လာပြီမို့ ဒေသတွင်းမှာ စစ်ပြေးဒုက္ခသည်တွေအတွက် အမိုးအကာတွေ အထူးလိုအပ်နေတယ်လို့ ဒေသခံတွေရော အကူအညီပေးနေသူတွေကပါ ပြောပါတယ်။ ကျေးရွာနေအိမ် မီးလောင်ဆုံးရှုံးသွားသူတွေ အတွက်လည်း နေစရာအခက်အခဲတွေ ကြုံနေကြရသလို စားနပ်ရိက္ခာနဲ့ေ ဆးဝါးလိုအပ်ချက်တွေပါ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာတော့ တိုင်းစစ်ဌာနချုပ်ထိုင်ရာ မုံရွာမြို့ ပတ်ပတ်လည်ဖြစ် တဲ့ ယင်းမာပင်၊ ပုလဲ၊ ချောင်းဦး၊ မြင်းမူ၊ အရာတော်၊ ဝက်လက်စတဲ့ နေရာတွေမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ခဲ့တာ တနှစ်ဝန်းကျင် ရှိနေပါပြီ။ PDF ကာကွယ်ရေးတပ်တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီး စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေ တိုးလုပ်လာပါတယ်။

တိုက်ရိုက် လင့်ခ်

==============
[[Unicode]]
















==============

XS
SM
MD
LG