သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံဆည်အတွက် လိုအပ်ချက်


In this photo taken on Jan. 7, 2011, clad in traditional dress a woman from Kachin race uses a bamboo container to fetch water from the Irrawaddy River in Kachin State, northern Myanmar. The country's President Thein Sein called Friday, Sept. 30, 2011 for
In this photo taken on Jan. 7, 2011, clad in traditional dress a woman from Kachin race uses a bamboo container to fetch water from the Irrawaddy River in Kachin State, northern Myanmar. The country's President Thein Sein called Friday, Sept. 30, 2011 for

မြစ်ဆုံဆည် တည်ဆောက်ဖို့ စီမံကိန်းကို အခုအစိုးရလက်ထက်မှာ ရပ်ဆိုင်းလိုက်ပေမယ့် နောင်မှာ ဆက်ပြီး ဆောက်နိုင်ချေရှိ နေပါတယ်။ ဒေသခံတွေနဲ့ ဧရာဝတီမြစ်ကြီး အတွက် စိုးရိမ်နေသူတွေ သာမက အစိုးရတာဝန်ရှိသူတွေ အတွက်ပါ ဒီနေရာမှာ ဒီလိုကြီးမားတဲ့ ဆည်တမံမျိုး တည်ဆောက်ဖို့ ဆက်လုပ်သင့် မလုပ်သင့် အမှန်တကယ်သိနိုင်ဖို့ ဘာတွေလုပ်ဖို့ လိုနေတယ်ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ

မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီးဖြစ်တဲ့ ဧရာဝတီ်မြစ်ကြောင်းပေါ်မှာ ရေအားလျှပ်စစ်ထုတ်ဖို့ မြစ်ဆုံအပါအဝင် တရုတ်ကုမ္ပဏီက တည်ဆောက် မယ့် ဆည်တမံကြီးတွေအတွက် ကြိုတင်စမ်းသပ် တိုင်းထွာ တွက်ချက် ထားတဲ့ အတိုင်းအတာ ဘယ်လောက် ရှိတယ်ဆိုတာကို အများက သိချင်နေကြတာပါ။ မြစ်သားနဲ့ ကူမဲမြို့နယ်ထဲက ညောင်ကြပ်- ကင်းတားဆည်တမံ စီမံကိန်းအတွက် ကြိုတင်လေ့လာရေး လုပ်ဆောင် နေချိန်မှာ ကင်းတားဆည်မန်နေဂျာ အဖြစ်နဲ့ ကြီးကြပ်ခဲ့သူ အင်ဂျင်နီယာ ဦးထွေးမြင့်ကတော့ ဒီမြစ်ဆုံ အ တွက် ကြိုတင် လေ့လာစမ်းသပ်တဲ့ အစီရင်ခံစာ ၂ခုရှိတယ်လို့ ပြောပါတယ်။

"ဒီမြစ်ဆုံဆည်မှာ ကျွန်တော်သိရသလောက်ကတော့ အစိုးရနဲ့ တရုတ်ကုမ္ပဏီ ကိုင်ထားတဲ့ report ကတော့ ဘယ်လိုပြောထားသလဲ ဘယ်သူမှ မသိကြဘူး။ နောက်တခုကတော့ ဘန်ကာ BANCA report လို့ခေါ်တဲ့ မြန်မာပြည်က မြန်မာကျွမ်းကျင်သူနဲ့ တရုတ်ကျွမ်းကျင်သူ တချို့ ပေါင်းပြီးလုပ်တဲ့ အစီရင်ခံစာ ကိုတော့ ကျွန်တော်ဖတ်ခဲ့ရပါတယ်။ ဒီ ဘန်ကာရီပို့ကလည်း အချိန်ပီပီပြင်ပြင်နဲ့ လုပ်ခဲ့ရတဲ့ ရီပို့ မဟုတ်ပါဘူး။ သူလုပ်တဲ့ အချိန်မှာ၊ အဲဒီမှာ ရေးထားပါတယ်။ ကချင်မနောပွဲကာလနဲ့ ဆုံတဲ့အတွက် ဟောလီးဒေးတွေ အများကြီးယူလိုက်ရတယ်။

အဲဒီမနောပွဲ ပြီးသွားတော့လည်း တခါ တရုတ်နှစ်သစ်ကူးနဲ့ ကြုံလို့ တရုတ်နှစ်သစ်ကူးအတွက် တရုတ် ပါရဂူတွေက တခါ ပြန်သွားတာ ရှိပါတယ်။ အဲဒီတော့ သူတို့ လုပ်တဲ့ အချိန်ဟာ အသားတင်ဆိုရင် ရက်ပိုင်းပဲ ရှိတယ်။ အခု ကျွန်တော်တို့ ကင်းတားဆည်မှာ လမေရာ Lahmaya ရဲ့ရီပို့ဟာ ၅နှစ် အချိန်ယူပြီး လုပ်ခဲ့ပါ တယ်။ ၅နှစ်ဆိုတာက စောစောပိုင်းက အင်္ဂလိပ်တို့ အမေရိကန်တို့ ရုရှားတို့ လုပ်ခဲ့တဲ့ ရီပို့တွေကိုလည်း သုံးသပ် ပြီးတော့မှ ၅နှစ်နဲ့ လုပ်ခဲ့ရပါတယ်"

ကင်းတားဆည်ဟာ မြန်မာနိုင်ငံမှာ နောင်တည်ဆောက်မယ့် ဆည်တမံတွေ အတွက် စံနမူနာတခုဖြစ်တယ်လို့ ဆိုပါတယ်။ ကင်းတား ဆည်လို ကြီးမားတဲ့ ဆည်တမံကြီး မျိုးတည်ဆောက်ရာမှာ ဘာတွေလုပ်ဆောင် ခဲ့တယ်ဆိုတာ ကြည့်ရအောင်ပါ။

"နံပါတ်၁ အချိန်ယူပြီး ပီပီပြင်ပြင်လေ့လာဖို့လိုတယ်။ နံပါတ်၂ တကမ္ဘာလုံးကို ဖိတ်ခေါ်ပြီးတော့မှ ပါရဂူတွေ ရွေးချယ်ပါတယ်။ နံပါတ်၃ တကမ္ဘာလုံးကို ဖိတ်ခေါ်ပြီးတော့မှ ကန်ထရိုက်တာတို့ အတိုင်ပင်ခံကုမ္ပဏီ တို့ကိုရွေးချယ်ပါတယ်။ ရွေးချယ်တဲ့နေရာမှာလည်း ကမ္ဘာ့ဘဏ်က အမြောက်အများထဲကနေမှ ၅ခုကိုရွေးချယ်ပြီးတော့မှ ဗမာအစိုးရက အဲဒီ၅ခုထဲက သူကြိုက်တာကို အကောင်းဆုံးကို ရွေးချယ်ပါတယ်။ လုပ်ငန်းလုပ်တဲ့နေရာမှာလည်း အင်မတန် အတွေ့အကြုံများတဲ့ ကမ္ဘာက သြစတေးလီယား၊ အိန္ဒိယနောက် ဂျပန်လည်း ပါတယ်ထင်တယ်။ အဲဒီလို အနယ်နယ် အရပ်ရပ်က လူတွေကို ခေါ်လာပြီးတော့မှ ကန်ထရိုက်လုပ်တာတွေကိုလည်း မျက်စိဒေါက်ထောက်ကြည့်တယ်။ ဒီမြစ်ဆုံဆည် အပါအဝင် နောက်လုပ်သမျှဆည်တွေ အားလုံးကို ဒီလိုပဲ လုပ်သင့်တယ်လို့ ကျွန်တော်ဆိုလိုပါတယ်"

ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ ရေကာတာတွေထဲမှာ ကမ္ဘာ့ ၁၅ခုမြောက် အကြီးဆုံးရေကာတာတခု ဖြစ်လာမယ့် ဒီမြစ်ဆုံ ရေကာတာဟာ အကျယ် ပေ၅၀၀ နဲ့ အမြင့်ပေ ၅၀၀ ရှိမှာဖြစ်ပြီး တရုတ် ကုမ္ပဏီ CPI နဲ့ တည်ဆောက်မယ့် ဒီစီမံကိန်းကနေ တရုတ်နိုင်ငံ ယူနန်နယ်အတွက် လျှပ်စစ် မီဂါဝပ် ၃၆၀၀ ကနေ ၆၀၀၀ အတွင်းပေးဝေဖို့ စီစဉ်ထားတာပါ။

ဒီမြစ်ဆုံစီမံကိန်း ချတဲ့နေရာဟာ ရေအကြီးအကျယ်လျှံလေ့ရှိတဲ့ နေရာတခုဖြစ်သလို မြန်မာနိုင်ငံမှာ တောင်မြောက် နီးပါးတန်းနေတဲ့ စစ်ကိုင်းပြတ်ရွေ့နဲ့လည်း နီးပါတယ်။ ဒီလိုသဘာ၀ အန္တရာယ်တွေ ကြားကဒေသမှာ ကြီးမားတဲ့ ဆည်ကြီးဆောက်ဖို့ လေ့လာခဲ့တဲ့ အစီရင်ခံစာ ၂ခုထဲက BANCA လို့ခေါ်တဲ့ Biodiversity and Nature Conservation Association သဘာ၀ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာတော့ ရေကာတာအထက်ပိုင်းမှာရော အောက်ပိုင်းမှာပါ ကြုံတွေ့လာနိုင်တဲ့ ဆိုးကျိုး တွေကို ဖေါ်ပြထား တယ်လို့ ဆိုပါတယ်။

" အဲဒီ ဘန်ကာရီပို့က ဗမာကျွမ်းကျင်သူတွေနဲ့ တရုတ်ကျွမ်းကျင်သူတွေ ပေါင်းပြီးရေးထားတဲ့ရီပို့ပေါ့။ အဓိကကတော့ အီကော်လော်ဂျီပေါ့။ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကို အဓိက ဦးတည်ပါတယ်။ ပါရဂူတွေ ဗမာပြည်ကပါပါတယ်။ တရုတ်ပါရဂူတွေလည်းပါပါတယ်။ ဒါပေမယ့် သူတို့လုပ်တဲ့အလုပ်က လပိုင်းတောင်မရှိဘူး။ သူတို့က ရုံးပေါ်မှာ ထိုင်ရေးတာများပါတယ်။ သူတို့မှာလည်း အရင်ရပြီးသားအချက်အလက်တွေ ရှိမှာပေါ့။ ဒါပေမယ့် ဒီအလုပ်ကို ပီပီပြင်ပြင် ကွင်းဆင်းပြီးလေ့လာတဲ့ အချိန်ကတော့ ရက်ပိုင်းပဲ ရှိပါတယ်။ အင်မတန်နဲပါတယ်။ ဘန်ကာရီပို့ကို ဆည်မြောင်းဌာနက အနားယူသွားတဲ့ လူတွေကလည်း ပါပါတယ်။ သူတို့ကွင်းဆင်းတဲ့ရက်ကလည်း တပတ်လောက်ပဲ ရှိပါလိမ့်မယ်။ ဒီဘန်ကာရီပို့ကတော့ အနှုတ်လက္ခဏာဘက်က အများကြီးရေးထားတာပေါ့။ မလုပ်သင့်တဲ့အကြောင်း ဒါပါပဲ။ ရီပို့ကြီးကတော့ အထူကြီးပါပဲ။ အဲဒီမှာပေါက်ရောက်တဲ့ အပင်တွေ၊ သဘာဝပတ်ဝန်းကျင်တွေ အကြောင်းက များပါတယ်။ အဲဒီလောက်ပါပဲ ဘန်ကာရီပို့ဆိုတာ"

ဆည်တည်ဆောက်လိုက်ရင် ဘာတွေဖြစ်နိုင်တယ်ဆိုတာကို ထောက်ပြထားတာမျိုးကောရှိပါသလား

"ရှိတယ်။ ရှိတယ်။ ဘယ်လိုအကောင်သတ္တဝါတွေ ပျက်စီးမယ်။ ဘယ်လိုအပင်တွေ ပျက်စီးမယ်။ အတိုချုပ် ပြောရရင် အီကော်လော်ဂျီပေါ့။ သူ့ရဲ့ ပတ်ဝန်းကျင်တွေ ဘယ်လိုပျက်စီးမယ်ဆိုတာတွေကို အများကြီးရေးထားပါတယ်"

အဲဒီလိုအကြံပေးထားတဲ့ကြားက ဘာလို့ဆက်ဆောက်တယ်လို့ ထင်ပါလဲ

"အဲဒီရေးတဲ့လူတွေကို ကျွန်တော်တို့ အစိုးရနဲ့ တရုတ်ကုမ္ပဏီနဲ့က မလေးစားလို့နေမှာပေါ့ဗျ။ ကျွန်တော်တို့ အစိုးရကလေးစားရင် ဒီလိုရေးရင်သူရပ်မှာပေါ့။ သူဖြုတ်ပစ်လိုက်မှာပေါ့။ အခုသူရွှေ့လိုက်ရုံပဲ ရှိသေးတယ် ဖြုတ်လိုက်တာမဟုတ်သေးဘူး။ အဲဒီတော့ လူရိုသေရှင်ရိုသေ တကမ္ဘာလုံးက ရိုသေတဲ့ ရီပို့တခု ရှိမှ ကျွန်တော်တို့ အစိုးရကလည်းလေးစားမယ်။ တရုတ်ကလည်းလေးစားမယ်။ ပြည်သူကလည်းလေးစားမယ်။ အခု အဲဒီလိုလေးစားမယ့် လူရိုသေရှင်ရိုသေ ရီပို့တခုမှမရှိသေးဘူး။ ဗမာပြည်က ရီပို့ကလည်း လေး ငါးရက်နဲ့ရေးတာ။ တရုတ်ပြည်က အခုကိုင်ထားတဲ့ တည်ဆောက်သင့်တယ်ဆိုတဲ့ ရီပို့ကလည်း ဘယ်သူမှ မမြင်ဘူးဘူး။ အဲဒီတော့ ဘယ်သူက ဒီကိစ္စကို အပြတ်ပြောလို့ရမလဲ"

"မြစ်ဆုံဆည်ကြီးလုပ်လိုက်ရင် ဘယ်လိုဖြစ်မယ်။ ဒါဘယ်သူမှ မပြောနိုင်ဘူး။ ဧရာဝတီမြစ်တလျှောက်လုံးမှာ ဘယ်လိုပျက်မယ်ဆိုတာ အများကြီးလေ့လာရအုံးမယ်။ ကိုယ်ဖြစ်ချင်တာလေးနဲ့ပြောလို့မရဘူး။ သောင်ထွန်းတာ ဆည်ကြီးလုပ်လိုက်လို့လို့ ဒီလိုလည်း ပြောလို့မရဘူး။ အများကြီး အသေးစိတ်တွေ လေ့လာရအုံးမယ်။ သူ့ကဏ္ဍ ကဏ္ဍမှာ အင်မတန် ကျွမ်းကျင်တဲ့သူတွေ လေ့လာမှသာ ပြီးမှာပါ။ အဲဒီတော့ အခုရပ်ထားတဲ့ ၅နှစ် ၆နှစ် အတွင်းမှာ ကမ္ဘာ့ဘဏ်နဲ့ ဆက်သွယ်ပြီး ကမ္ဘာ့ဘဏ်ရဲ့ညွှန်ကြားချက် guide line နဲ့ ကမ္ဘာ့ဘဏ်ရဲ့စံ standard နဲ့အညီ အစီရင်ခံစာတခုကို ပြုပြင်ပါလို့ ကျွန်တော်ပြောချင်ပါတယ်"

၂၀၀၉ခုနှစ် BANCA အစီရင်ခံစာထဲမှာ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်သလို၊ ရှားပါးအပင်သတ္တဝါတွေကျက်စားတဲ့ ဒီဒေသရဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်း ရေးအတွက်သာမက ယဉ်ကျေးမှုအမွေကိုပါ ထိမ်းသိမ်းဖို့၊ လူမှုရေးနဲ့ဆက်နွယ်နေတဲ့ လေ့လာဆန်းစစ်မှုတွေလုပ်ဖို့ လိုအပ်တာမို့ ကမ္ဘာ့ဘဏ်လို နိုင်ငံတကာ လမ်းညွှန်ပေးနိုင်တဲ့ အဖွဲ့အစည်းမျိုးရဲ့ အကြံဉာဏ်ကို ရယူသင့်တယ်လို့ အကြံပေးထားတယ်ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ နောက်တပတ်မှာ ပြန်ပြီး ဆုံကြအုံးမယ်နော်

XS
SM
MD
LG