သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသခရီး နှစ် ၅၀


Sen. John Glenn talks, via satellite, with the astronauts on the International Space Station, before the start of a roundtable discussion titled "Learning from the Past to Innovate for the Future" Monday, Feb. 20, 2012, in Columbus, Ohio. Glenn was the fi
Sen. John Glenn talks, via satellite, with the astronauts on the International Space Station, before the start of a roundtable discussion titled "Learning from the Past to Innovate for the Future" Monday, Feb. 20, 2012, in Columbus, Ohio. Glenn was the fi

အာကာသထဲသွားပြီး ကမ္ဘာကိုပတ်ခဲ့တဲ့ ပထမဆုံး အမေရိကန်အာကာသယာဉ်မှုး ဂျွန်ဂလင်း John Glenn ရဲ့ နှစ်၅၀အာကာသခရီးနဲ့ အမေရိကန် အာကာသလေ့လာရေးအနာဂတ် အကြောင်းကို ပြောပြပါရစေ

"အဲဒီအချိန်တုန်းက တွေ့မြင်ခံစားခဲ့ရတာတွေဟာ ဘယ်လိုမှ ပြန်ပြောပြလို့ ပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။ အာကာသထဲကနေ ကမ္ဘာကိုမြင်လိုက်ရတဲ့ မြင်ကွင်းမျိုးဟာ လူတွေ ဘယ်တော့မှ တွေ့ဘူးမယ်လို့ ထင်မထားကြတဲ့ မြင်ကွင်းမျိုးမို့ ခံစားခဲ့ရတဲ့ ခံစားချက်ကို ဘယ်လိုမှ ပြန်ပြောမပြနိုင်ပါဘူး"

အသက် ၉၁နှစ်ရှိပြီဖြစ်တဲ့ အမေရိကန် အာကာသ ယာဉ်မှုး တဦးလည်းဖြစ် အမေရိကန် အထက်လွှတ်တော် အမတ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျွန်ဂလင်းကပြောသွားတာပါ။ သူအာကာသထဲ ပထမဆုံးသွားပြီး ကမ္ဘာကိုပတ်ခဲ့တာ ၁၉၆၂ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ရက်နေ့မို့ အခုဆိုရင်နှစ်ပေါင်း ၅၀ရှိပါပြီ။ အာကာသခရီး အတွေ့အကြုံကို အခုလို နှစ်ပေါင်း ၅၀ကျော်မှာ ပြန်ပြောခွင့် ရတာအတွက် ပြောသူရော နားထောင်သူပါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပါတယ်။

၁၉၂၁ခုနှစ် ဂျူလိုင်လ ၁၈ရက်နေ့မှာ အိုဟိုင်းယိုပြည်နယ် Cambridge မြို့မှာ မွေးဖွားခဲ့တဲ့ ဂျွန်ဂလင်းဟာ ၁၉၄၂ခုနှစ် ရေတပ် တိုက်လေယာဉ် သင်တန်းဆင်း တဦးဖြစ်ပြီး အမေရိကန် အထက်လွှတ်တော အာကာသ သူရဲကောင်းဆု အပါအဝင် လေသူရဲဆု အမြောက်အများ အချီးမြှင့်ခံရသူ ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ F8U Crusader တိုက်လေယာဉ်မှုးအဖြစ်နဲ့ အမေရိကန်အနောက်ခြမ်း Los Angeles မြို့ကနေ အရှေ့ခြမ်းက New York မြို့အရောက် ၃နာရီ ၂၃မိနစ်နဲ့ သွားခဲ့တာမို့ ပထမဆုံး အသံထက်မြန်တဲ့ နှုံးနဲ့ အမေရိက တိုက်ကို ဖြတ်သန်းခဲ့သူပါ။

၁၉၅၉ခုနှစ်မှာ အမေရိကန် အာကာသစူးစမ်းလေ့လာရေး အဖွဲ့ နာဆာရဲ့ မာကျူရီစီမံကိန်း အာကာသ ယာဉ်မှုး Project Mercury Astronaut အဖြစ်အရွေ့းခံခဲ့ရသူ ၇ဦးမှာ တဦး ဖြစ်ခဲ့ပြီး ၁၉၆၂ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ရက်နေ့မှာ Mercury-Atlas-6 လို့ခေါ်တဲ့ Friendship 7 အာကာသယာဉ်နဲ့ ပထမဆုံး အာကာသထဲ ပျံသန်းခဲ့တာပါ။ Florida ပြည်နယ် ကနေဒီအာကာသစခန်းကနေ လွှတ်တင်ခဲ့တဲ့ ဒီယာဉ်နဲ့ ကမ္ဘာကို ၃ပတ်ပတ်ခဲ့ရာမှာ ပျမ်းမျှ တနာရီ မိုင် ၁၇,၅၀၀ လောက်နှုံးနဲ့ သွားခဲ့ပြီး ကနေဒီ အာကာသစခန်း အရှေ့တောင်ဘက် မိုင် ၈၀၀ လောက် အကွာက Grand Turk ကျွန်းကို အရောက် စုစုပေါင်း ၄နာရီ ၅၅မိနစ်နဲ့ ၂၃စက္ကန့် ကြာခဲ့ပါတယ်။

အာကာသ သူရဲကောင်း ဂျွန်ဂလင်းဟာ အမေရိကန် အထက်လွှတ်တော်မှာ Ohio ပြည်နယ် ကိုယ်စားပြု အမတ်အနေနဲ့ ၂၄နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ခုနှစ် အသက် ၇၇နှစ်မှာ အာကာသ လွန်းပျံယာဉ် Discovery ရဲ့ STS 95 နဲ့ အာကာသထဲ ထပ်မံသွားရောက်ခဲ့ပါတယ်။ နှစ်ပေါင်း ၃၆နှစ် အကြာမှာ နောက်တခေါက် ထပ်သွားခဲ့တဲ့ သူ့ရဲ့ ခရီးစဉ်ဟာ ၉ရက်ကြာခဲ့ပြီး ကမ္ဘာကို ၁၃၄ကြိမ် ပတ်ခဲ့တာမို့ မိုင်ပေါင်း ၃.၆သန်း ခရီးဖြစ်ပါတယ်။ ဒီခရီးမှာ သူဟာ အခု အာကာသစူးစမ်းလေ့လာရေးအတွက် အရေးပါတဲ့ Hubble အာကာသ မှန်ပြောင်း လွှတ်တင်မယ့် ပတ်လမ်းကြောင်းအတွက် စမ်းသပ်မှုတွေ အပါအဝင် နာဆာရဲ့ စူးစမ်းမှု အများအပြားအတွက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကမ္ဘာ့ထိပ်တန်း အမေရိကန် အာကာသစူးစမ်းလေ့လာရေး အဖွဲ့က နိုင်ငံတကာ အာကာသစခန်းဆီ ပျံသန်းမယ့် လွန်းပျံယာဉ်တွေ ဆက်ပြီးမထုတ်တော့ တဲ့ အတွက် စိတ်မကောင်းဖြစ်နေတဲ့ မစ္စတာ ဂလင်းက သူ့ကို ဂုဏ်ပြုတဲ့ Ohio တက္ကသိုလ်က ရွှေရတု အခန်းအနားမှာ နာဆာရဲ့ လက်ရှိ အခြေအနေကို အခုလို ပြောပြပါတယ်

"နာဆာဟာ ခက်ခဲတဲ့ အခြေနေနဲ့ ရင်ဆိုင်နေရပါတယ်။ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းထဲမှာ အာကာသဝန်းကျင် သုတေသနတွေ ဆက်ပြီးလုပ်နေတဲ့ အမေရိကန် သိပ္ပံပညာရှင်တွေအတွက် လိုအပ်တာ ရှိရင် ရုရှားနိုင်ငံက ဆိုယုဇ် Soyuz ယာဉ်နဲ့ တင်ပေးနေရပါတယ်"

အာကာသလွန်းပျံယာဉ် လွှတ်တင်တဲ့အစီအစဉ်ကို နာဆာကနေ ရပ်ဆိုင်းခဲ့ရတာမို့ အမေရိကန် အာကာသ ယာဉ်မှုးတွေဟာ အခု အာကာသစခန်းကို သွားဖို့အတွက် ရုရှားအာကာသယာဉ်ကို အားထားနေရချိန်မှာပဲ အမေရိကန်အစိုးရက ပုဂ္ဂလိကကုမ္ပဏီတွေကို အာကာသထဲလွှတ်တင်မယ့် ယာဉ်တွေ တည်ဆောက်ဖို့ အတွက် ငွေကြေးထောက်ပံ့မှုတွေ လုပ်နေပါတယ်။

ရွှေရတုအခမ်းအနားကျင်းပတဲ့နေ့မှာပဲ နာဆာ စီမံခန့်ခွဲရေးမှူး Charles Bolden နဲ့ အာကာသယာဉ်မှူး John Glenn တို့ဟာ နိုင်ငံတကာ အာကာသစခန်းမှာရောက်နေတဲ့ အဖွဲ့သား ၃ ယောက်နဲ့ ဗွီဒီယိုရုပ်သံက တဆင့် စကားပြောခဲ့ကြပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ က အာကာသထဲကို ရောက်ဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ရ ပေမယ့် ခုခေတ်မှာ အာကာသထဲမှာ လေး-ငါး-ခြောက်လလောက် နေပြီး သုတေသနတွေ လုပ်နိုင်ပြီဖြစ်သလို ရုပ်ပါမြင်ပြီး စကားပြောတဲ့ကိစ္စဟာ အထူးအဆန်းမဟုတ်တော့ပါဘူး။

နာဆာ အာကာသ စူးစမ်းလေ့လာရေးဌာနက လက်ရှိဆောင်ရွက်နေတာတွေကိုတော့ နာဆာ သိပ္ပံပညာရှင် တဦးဖြစ်တဲ့ ဒေါက်တာ ပဒေသာတင်က အခုလို ပြောပါတယ်။

“နာဆာရဲ့ လောလောဆယ်လုပ်နေတဲ့ အာကာသ သုတေသနနဲ့ အနာဂတ်မှာ လေ့လာမယ့် အစီအစဉ်တွေက တော်တော်ကို များပါတယ်။ အခုလောလောဆယ်တော့ အပြည်ပြည်ဆိုင်ရာ အာကာသ သုတေသနစခန်းမှာ လုပ်နေတဲ့ ရူပဗေဒ၊ ဓာတုဗေဒ၊ စက်မှုလက်မှုနဲ့ ပတ်သက်တဲ့ဟာ၊ ဆေးပညာနဲ့ပတ်သက်တာ၊ မိုးလေဝသ၊ ဇီဝဗေဒလေ့လာရေး အကုန်လုံးပေါ့။ စကြဝဠာကို သုတေသနပြုတာကအစ အဲဒါတွေ အားလုံးကို အဓိကထားပြီးတော့ ဆောင်ရွက်နေပါတယ်။

အဲဒါအပြင် နေစကြဝဠာမှာ အင်္ဂါဂြိုဟ်နဲ့စနေဂြိုဟ်တို့ရဲ့ မိုးလေဝသ၊ ရာသီဥတု၊ ရေမြေ အနေအထား၊ ဇီဝဗေဒ၊ ဓာတုဗေဒ အသက်ရှိမှု၊ မရှိမှု အဲဒါတွေကို လူမပါတဲ့ ဒုံးပျံ အာကာသ ဂြိုဟ်တုတွေလွှတ်ပြီးတော့ လေ့လာနေပါတယ် ”

နာဆာက ဆက်ပြီး လုပ်ဆောင်မှာတွေကို ကြည့်ကြရအောင်ပါ။

“အမေရိကန်နိုင်ငံရဲ့ နာဆာ အာကာသသုတေသနစခန်းအနေနဲ့ ဘာတွေ ဆက်လုပ်ရမလဲ ဆိုတဲ့ဟာကို ၁၀ နှစ်တိုင်း၊ ၁၀ နှစ်တိုင်း သူတို့က အစီအစဉ်ထုတ်ပါတယ်။ အဲဒီအစီအစဉ်အရ ဆိုလို့ရှိရင် အခု ၂၀၁၂ ခုနှစ်ကနေပြီးတော့ ၂၀၂၅ ခုနှစ်ကတော့ အပြည်ပြည်ဆိုင်ရာ အာကာသ သုတေသနစခန်းမှာ ဆက်ပြီးတော့ သုတေသနမှာ မျိုးစုံလေ့လာမှာဖြစ်ပါတယ်။ ဒီ့အပြင် ဒီအာကာသ စခန်းကနေပြီး တခြားဂြိုဟ်နက္ခတ်တွေကို လေ့လာလို့ရတဲ့ ဂြိုဟ်တုတွေ ဘာတွေ၊ အဲဒီကနေပြီးတော့မှာ ပြန်ပြီး တဆင့်တင်ပေးလို့ ရဖို့အတွက် အစီအစဉ်တွေ၊ အဲဒါမျိုးတွေလည်း ရှိပါတယ်။

ဒါ့အပြင် လူမဲ့အာကာသဂြိုဟ်တုတွေကို ဆက်ပြီးတော့ လွှတ်တင်နေမှာဖြစ်ပါတယ်။ ဥပမာ- မက်ဆင်ဂျာဆိုတဲ့ လူမဲ့အာကာသယာဉ်က ဆိုလို့ရှိရင် ဗုဒ္ဓဟူးဂြိုဟ်ကို လွှတ်ထားပြီ၊ နယူးဟော်ရီဇုံ (New Horizon) ဆိုတာကတော့ ကြာသာပတေးနဲ့ ပလူတိုဂြိုဟ်ကို လေ့လာရေးအတွက်ကို လွှတ်တင်ထားတဲ့ ဂြိုဟ်တုဖြစ်ပါတယ်။ နောက် ပိုင်အိုနီးယားနဲ့ Voyager ဂြိုဟ်တုကတော့ ပလူတိုဂြိုဟ်လို့ခေါ်တဲ့ နေစကြဝဠာရဲ့ အပြင်ဆုံးဂြိုဟ်ကိုဖြတ်ပြီးတော့ အခုအချိန်မှာ နေစကြာဝဠာရဲ့ အကာနယ်ပယ်ကို ရောက်နေပြီပေါ့နော်။ ဒွန် (Dawn) ဆိုတဲ့ လူမဲ့ အာကာသယာဉ်ကတော့ Astriod Belt လို့ခေါ်တဲ့ ဥက္ကာပျံအစိုင်အခဲတွေ ပြည့်နေတဲ့ နေစကြာဝဠာအပြင်က ပတ်လမ်းကြောင်းကြီးထဲကို ရောက်တဲ့အထိ သူ့ကို လွှတ်ပြီး ဒီဥက္ကာပျံအစိုင်အခဲတွေ အနေအထားတွေ ဘယ်လို သတ္ထုတွေနဲ့ဖွဲ့စည်းထားတယ်၊ အရှိန်ဘယ်လောက်နဲ့သွားနေတယ်၊ သူတို့ရဲ့ ဓာတ်သဘာဝတွေကို လေ့လာနေတာပါ။”

ဒေါက်တာပဒေသာတင်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီတပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG