သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ကို ခေတ်မှီအောင်ပြင်ဖို့ အပိုင်း (၄)


Constructions in Rangoon 1
Constructions in Rangoon 1

ရန်ကုန်မြို့မှာ ကားအစင်းရေ တိုးလာတာနဲ့အမျှ ယာဉ်ကြောတွေ ပိတ်ပြီး သွားရေး လာရေး ခက်ခဲနေတာ တွေကို ဖြေရှင်းဖို့ ဘယ်လို ကျိုးစားနေကြတယ် ဆိုတာကို မြို့ပြစီမံကိန်း ပညာရှင် ဒေါက်တာ ကျော်လတ်က ရှင်ပြပေးမှာပါ။

"မြို့လယ်ခေါင် စီးပွါးရေးဇုံက တောင်ဘက်မှာ ကျန်ခဲ့ပြီးတော့ မြောက်ဘက်ကို ရွေ့ပြီး တိုးချဲ့ သွားတဲ့ အတွက် ကြောင့် တောင်နဲ့ မြောက် တလျှောက်သွားတဲ့ လမ်းတွေက အထူးသဖြင့် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း အခုထက်ထိအောင်ကိုပဲ အတော်လေး ပြည့်ကျပ်နေပါတယ်။ ဘန်ကောက်မြို့တို့ ဂျကာတာ မြို့တို့နဲ့ နှိုင်းယှဉ်လိုက်ရင် ယာဉ်ကြော စီးဆင်းမှုက သိပ်ပြီးတော့ မဆိုးသေးပါဘူး။ မင်္ဂလာဒုံလေဆိပ်ကနေပြီး မြို့ထဲကို ကားနဲ့မောင်းမယ် ဆိုရင် အကြမ်းအားဖြင့် မိနစ် ၂၀လောက် နဲ့ကို ရောက်နိုင်တော့ တနာရီကို ၂၅မိုင်လောက်အထိ အောင်ကို ရပါ သေး တယ်။ သို့သော် ပြီးခဲ့တဲ့ တနှစ်အတွင်းမှာ ကားအစီးရေတွေတက်လာကြတယ်။ လူတွေလည်း ကားသုံးတာ ပိုများလာ ကြတဲ့ အတွက်ကြောင့်မို့လို့ အခုနေ ဂုံးကျော်တံတား တွေ ဆောက်မယ် ဆိုရင် မမှားပါဘူး။ အဲ့ဒါကြောင့် အခု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဂုံးကျော် တံတား ၅ခုဆောက်ဖို့ ကြံစည်နေပြီးတော့ တခုဆိုရင် စပြီးတော့ ဆောက်နေပါပြီ "

ဘယ်နေရာတွေမှာ ဂုံးကျော်တံတားတွေ ဆောက်ဖို့ စီစဉ်ထားပါလဲ ဆရာ

"အရေးအကြီးဆုံးလဲဖြစ်တယ် အကြာဆုံးစောင့်ရတဲ့ နေရာကတော့ လှည်တန်းမီးပွိင့်။ အဲဒါ က တော့ ပြည်လမ်းကနေ လာတဲ့ယာဉ်တွေ အင်းစိန်ဘက်က လာတဲ့ ယဉ်တွေကလည်း အတော် လေး များတယ်။ အဲဒီလမ်း ၂လမ်းက အဲဒီ တည့်တည့်မှာ သွားပြီး ဆုံတယ်။ နောက်တခါ သူ့ကို ကန့်လန့် ဖြတ်ပြီးတော့ တက္ကသိုလ် ရိပ်သာလမ်းက ဆုံတယ်ပေါ့။ အဲဒီနေရာကို သူတို့ အခုစပြီး ဆောက်ပါ တယ်။ နောက် ဒုတိယကတော့ သူတို့ ရွှေဂုံတိုင်မှာလည်း ဆောက်လိမ့်မယ်။ နောက်တခါ တာမွေမှာ တခု၊ ဘုရင့်နောင်မှာ တခုဆောက်မယ်။ ငါးနေရာမှာဆောက်ကြမှာပါ "

ဂုံးကျော်တံတားတွေ ဆောက်တာ ယာဉ်ကျော စီးဆင်းမှု သွက်အောင် လုပ်တာပေါ့နော်။ ကားလမ်းတွေ ရဲ့ အနေအထား ကိုလည်းပြောပြပေးပါ

"ကားလမ်းတွေလည်း ရန်ကုန်စည်ပင်သာယာက သူတို့ အတော်လေး ကောင်းအောင် လုပ်နေ ပါတယ်။ အခုဆိုရင် ပြည်လမ်းကတော်တော်ကို ကောင်းပါတယ်။ ဦးဝိစာရလမ်း တက္ကသိုလ် ရိပ်သာ လမ်း၊ ရွှေဂုံတိုင်လမ်း စသဖြင့် ပေါ့လေ။ တော်တော်လေးကို ကောင်းကောင်း ဖြစ်သွားရှာပါပြီ "

ကားလမ်းတွေကို ပြင်တဲ့နေရာမှာ တာရှည်ခံအောင် ဘယ်လိုလုပ်ကြပါသလဲ

" အသစ်ဆောက်မယ် ဆိုရင်တော့ အများအားဖြင့် မြေကြီးအောက်ကို တတောင်လောက် တူးကြ ပါတယ်။ ထုံးစံက ကျောက်တုံးကြီးကြီးတွေကို အမာခံ ထည့်ပါတယ်။ အဲဒီအပေါ်မှာမှ တဆင့် တဆင့် ကျောက်တုံး သေးတွေ ထည့်သွားပြီး၊ အပေါ်မှာတော့ ကွန်ကရိ သို့မဟုတ် ကတ္တရာ ကိုင်တာ ထုံးစံဖြစ်ပါတယ်။ ရန်ကုန်မြို့မှာကတော့ ဟိုးလေးငါးနှစ်လောက်တုန်းက ရေတိုက်တာနဲ့ ဆောက်လုပ်တဲ့ အခါမှာလည်း အတော်လေး မကောင်းတာတွေ မသပ်ရပ်တာတွေ ကြောင့်မို့လို့ ချိုင့်တွေ အတော်လေးများပါတယ်။ ပြီးခဲ့တဲ့ လေးငါး ခြောက်လကတော့ သူတို့ လမ်းကြိတ် စက်ကြီး တွေနဲ့ တော်တော်လေး တထွာလောက်အထူ ကတ္တရာကို ထပ်ဖြည့်လိုက်တော့ တက္ကသိုလ် ရိပ်သာလမ်းတို့ ဘာတို့ ဆို တော်တော်လေး ကောင်းသွားပါပြီ "

ဒီမှာ မော်တော်ကားတွေများလာတဲ့အတွက်ကြောင့်မို့ ကားရပ်နားဖို့ နေရာတွေကိုရော ကား Parking ပေါ့လေ ဘယ်လို စီစဉ်ထားပါသလဲ

" အဲဒါကတော့ အရေးလဲကြီးပါတယ်။ အဲဒါ အတော်လေးလည်းပဲ အခက်အခဲ ရှိနေပါတယ်။ တမြို့လုံး အတိုင်း အတာနဲ့ပါပဲ။ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာက ယာဉ် သိပ်မများခဲ့ပဲနဲ့ အခု ၆လလောက် အတွင်းမှာ ယာဉ်ဟာ ၂၅%လောက် တိုးလာတယ်လို့ ထင်ပါတယ်။ အခုလက်ရှိအားဖြင့် ရန်ကုန်မြို့မှာ ကားအစီးရေ ၄သိန်းလောက်ရှိမယ်လို့ ကျွန်တော်မှန်းပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်တုန်းက မြန်မာ့အလင်း သတင်းစာမှာ သူတို့ အတိအလင်းဖေါ်ပြထားတာ အဲဒီတုန်းက ၂သိန်းတောင် မပြည့်သေးဘူး။ ၂ဆလောက် တိုးလာတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ ရုတ်တရက်ကြီး ကားလမ်းတွေလည်း အေတာ်လေး ကြပ်လာတဲ့ အပြင် ကားထားဖို့ ပေါ့လေ။ ကား ပါကင်က အတော်လေးကို အခက်အခဲ ရှိပါတယ်။

အဓိက အားဖြင့်ကတော့ CBD လို့ခေါ်တဲ့ ရန်ကုန်မြို့ စီးပွါးရေးဇုံပေါ့။ အဲဒီမှာ အတော့်ကို အခက် အခဲ တွေ့ ပါတယ်။ ဒါကို ရန်ကုန်မြို့တော် စည်ပင်ကလည်းပဲ ကြံဖန်ပြီးတော့ ကျိုးစား နေပါ တယ်။ တစ်က ဘာလုပ် လည်းဆိုတော့ စီးပွါးရေးဇုံ နယ်နိမိတ်မှာ အိမ်ဆောက်မယ် ဆိုလို့ ရှိရင် အနဲဆုံးတော့ အောက်ထပ်ကို လွှတ် ထားပြီးတော့ ကားပါကင် ထည့်ပါဆိုပြီးတော့ စံနစ် သဘောမျိုး တော့ တောင်းဆို နေတာ ရှိပါတယ်။ မြေ အောက်မှာ ထားတဲ့နေရာတော့ ဟိုတယ် ကြီးတွေမှာ ရှိတတ်ပါတယ်။ ဥပမာ ထရေးဒါး ဟိုတယ် အောက် ပေါ့။ ဒါပေမယ့် multi stories parking လို့ခေါ်တဲ့ အထပ်များစွာပါတဲ့ ကားပါကင် ထားဖို့ အိမ်ကြီးတွေတော့ မြန်မာပြည်မှာ မရှိသေးပါဘူး။ အဲဒါကိုတော့ အခု စည်ပင်က ကျိုးစားနေပြီးတော့ အခု မြန်မာ့ မီးရထား နဲ့လည်း ညှိပြီးတော့ ဗိုလ်ချုပ်ဈေး အနောက် မီးရထားပိုင်တဲ့ နေရာမှာ သူတို့ ဆောက်ဖို့ဆိုပြီးတော့ အစီ အစဉ် လုပ်နေကြပါတယ် "

အရှေ့တောင် အာရှ နိုင်ငံတွေထဲမှာ ပထမဆုံး မြို့ပါတ်စံနစ်ကို ထားတာ ရန်ကုန်မြို့လို့ သိရပါတယ်။ အခု ဆိုရင် မိုးပျံနဲ့ မြေအောက် ရထားလမ်းတွေ တည်ဆောက်ဖို့ လုပ်နေတယ်လို့လည်း သိရပါတယ်။ အဲဒီ အစီအစဉ် လေးနဲ့ ပါတ်သက်ပြီး နဲနဲပြောပြပေးပါ

" ရန်ကုန်မြို့မှာ မြို့ပါတ်ရထားကို ၁၉၅၈ ခု ၅၉ ခုနှစ် ပါတ်ဝန်းကျင်လောက် ကတည်းက စပြီး တော့ ရှိခဲ့တာပါ။ ဒါဟာ အင်မတန် တန်ဖိုးရှိတာပါ။ ဒါပေမယ့် ခက်တာက အခုထိအောင် ကိုပဲ မြို့ပါတ်ရထားက ရှိတော့ ရှိတယ်၊ လူသုံးတာ အင်မတန်နဲပါတယ်။ တချို့မြို့တွေ အထူးသဖြင့် ဥရောပတိုက်က မြို့တွေ ဆိုလို့ ရှိရင် ရထားကို သုံးတဲ့ လူဦးရေက ၇၀%လောက် ရှိပြီးတော့ ဘတ်စ်စကားကို သုံးတဲ့ ဦးရေက ၂၀- ၃၀ % လောက် ပဲ ရှိကြပါတယ်။ အခု ကျွန်တော် တို့ရဲ့ ဘတ်စ်စကား ကိုသုံးတဲ့ လူဦးရေက ၈၀ - ၉၀ %လောက် ရှိပြီးတော့ မြို့ပါတ်ရထားကို သုံးတဲ့ ဦးရေက အတော်ကို နဲပါတယ်။

အကြောင်းရင်းကို ကျွန်တော် အိုးအိမ်ဦးစီးဌာနမှာ မြို့ပြစီမံကိန်းနဲ့ ပါတ်သက်ပြီး လုပ်နေတုန်းက မေးကြည့် ပါတယ်။ ရထားက လူတွေနဲ့ သွားပြီး ညှိပါတယ်။ သူတို့ကလည်း သူတို့ အခက်အခဲလေးတွေ ရှိတာ တွေ့ရ ပါတယ်။ အဓိက ပြဿနာကတော့ အဝေးပြေး ရထားကြီးတွေကို ဦးစားပေး ရတော့ အဲဒီ အဝေးပြေး ရထား ကြီးတွေ လာတဲ့ အချိန်မှာ မြို့ပါတ် ရထားက ပျောက်သွားတာတို့၊ မှန်မှန် မပြေးနိုင်တာတို့ ဖြစ်တော့၊ အဲဒီလို စိတ်မချရတဲ့ အတွက်ကြောင့် လူတွေကလည်း သိပ်ပြီး မသုံးကြဘူး ဖြစ်သွားတယ်။ အဲဒါကြောင့်မို့ ဘတ်စ်စကားတွေကလည်း အရမ်းကို ကြပ်ပါတယ်။

လွန်ခဲ့တဲ့ ၂ပတ် ၃ပတ်တုန်းကပဲ မြို့ပါတ်ရထား တွေနဲ့လည်း ပြန်ညှိပါတယ်။ သူတို့ပြောတာတော့ ၂၄ နာရီ ကို အစီး ၂၀၀လောက် ထိအောင် သူတို့ ဆွဲပေးဖို့၊ ဈေးလည်းပဲ တော်တော်လေးကို ပေါပစ်လိုက်ပါတယ်။ အဲဒါအပြင် အခုတော့ မင်္ဂလာဒုံ အထိပဲ ရောက်တာကို ထပ်ချဲ့ပြီးတော့၊ လှော်ကားကန်ကို ကျော်ပြီးတော့ ပါတ်ပြီးတော့ နောက်ထပ် outer ring အပြင်ကွင်းတကွင်း ထပ်ပြီး တိုးပြီးချဲ့မယ်လို့ သူတို့ အစီအစဉ် ရှိပါ တယ်။ ဒီမြေပုံလည်းပဲ ကျွန်တော့် လက်ထဲမှာ ရောက်နေပါပြီ။ ဒီမြို့ပါတ် ရထား စံနစ်ကို ပိုပြီးတော့ ကောင်းအောင် လုပ်မယ်လို့ သူတို့ ရည်ရွယ်ချက် ရှိပါတယ်။

ဒါ့အပြင် ဘန်ကောက်မှာ လွန်ခဲ့တဲ့ ၅နှစ် ၆နှစ်လောက်က ဆောက်ပြီး အသုံးပြုနေတဲ့ sky train ပေါ့ မိုးပျံရထား မျိုးဆောက်ဖို့လည်း အစီအစဉ် ရှိပါတယ်။ သူတို့ရဲ့ အဆိုအရတော့ မင်္ဂလာဒုံ လေဆိပ်ကနေပြီး မြို့ထဲကို Sky train နဲ့ ဆွဲပေးမယ်၊ တခါ ရန်ကုန်မြို့ မြို့လည်မှာ ပတ်ပြီးတော့ အဲဒီ Sky train ကို ဆွဲပေး မယ်တဲ့။ ဗိုလ်ချုပ်လမ်းနောက်တို့ ဟိုဘက်က စတော့ဂိတ်ကုန်းတို့ အနားတဝိုက်မှာ ကားတွေကို ထားခဲ့ပြီးတော့ မြို့ထဲကို တော်တော် များများက ကားနဲ့ သွားစရာ မလိုပဲနဲ့ မိုးပျံရထားနဲ့ပဲ ရန်ကုန်မြို့ကို ပါတ်မယ် ဆိုပြီးတော့ ရေရှည် အစီအစဉ် ရှိပါတယ်။

အဲဒီ အပြင်ကို အခု ဂျိုက်ကာ လို့ခေါ်တဲ့ ဂျပန်အဖွဲ့ ရန်ကုန်မြို့ စီမံကိန်းရေးဆွဲနေတာကို သူတို့လည်း ကူညီပါ့မယ် ဆိုပြီးတော့ ဝင်လာပါတယ်။ အထူးသဖြင့်ကတော့ ဒီ transportation expert လို့ခေါ်တဲ့ သယ်ယူ ပို့ဆောင်ရေး ဆိုင်ရာနဲ့ ပါတ်သက်ပြီးတော့ ရန်ကုန်မြို့မှာ လည်း တတ်တဲ့လူမရှိတော့ သူတို့ အဲလို လူမျိုးတွေ ၂ယောက် ၃ယောက်လောက် ပို့ပေးမယ် လို့လည်း ပြောပါတယ်။ အဲဒီလူတွေနဲ့ မီးရထားက လူတွေနဲ့ ပါပေါင်းပြီးတော့ ဘတ်စ်ကား စံနစ်တွေ မီးရထား စံနစ်တွေကို ဘယ်လိုရေရှည် ဆက်ပြီး လုပ်ကြမလဲ၊ ပိုပြီးကောင်းအောင် လုပ်ကြမလဲ ဆိုတာကို သူတို့နဲ့ ပေါင်းပြီး စီမံကိန်း ရေးဆွဲကြမှာပါ "

မြို့ပြစီမံကိန်း ပညာရှင် ဒေါက်တာ ကျော်လတ်ပါ။

XS
SM
MD
LG