သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သိပ္ပံနည်းပညာ တိုးတက်ဖို့


Jeremiah Murimi, a Kenyan electrical engineering student demonstrates how a "smart charger" connected to a bicycle can power a mobile phone (file photo).
Jeremiah Murimi, a Kenyan electrical engineering student demonstrates how a "smart charger" connected to a bicycle can power a mobile phone (file photo).

သိပ္ပံနဲ့ နည်းပညာ တိုးတက်မှုဟာ နိုင်ငံတနိုင်ငံရဲ့ အနေထားကို ပြောင်းလဲစေနိုင်ပါတယ်။ ဖွံ့ဖြိုး တိုးတက်ဖို့ ရှေ့ရှုပြီး အပြောင်းအလဲတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံအတွက် စဉ်းစားကြရာမှာ ဖွံ့ဖြိုးမှု နဲပါးတဲ့ အာဖရိကတိုက်က အနေအထားတချို့ကို သိရဖို့ နည်းပညာပိုင်းနဲ့တကွ တီထွင်ကြံဆမှု အပိုင်းမှာပါ တိုးတက်အောင်ရည်ရွယ် ကျင်းပခဲ့တဲ့ အာဖရိက သိပ္ပံ ညီလာခံ အကြောင်းကို ဒီတပတ်မှာ ပြောပြပါရစေ

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာ ဧပြီလဆန်းက ပထမဆုံး သိပ္ပံနဲ့ နည်းပညာ တီထွင်မှု ဆိုင်ရာ ညီလာခံတရပ် ကျင်းပခဲ့ပြီး အာဖရိက တိုက်အတွက် သိပ္ပံနဲ့ နည်းပညာ တိုးတက်လာစေဖို့ ကုလသမဂ္ဂ၊ အစိုးရ၊ ပုဂ္ဂလိက နဲ့ လူထုအဖွဲ့အစည်းတွေ ဘယ်လို ပူးပေါင်း ဆောင်ရွက်ကြမယ် ဆိုတာကို ယူနက်စကိုက ဦးဆောင်ပြီး ဆွေးနွေးခဲ့ကြတာပါ။

ကုလသမဂ္ဂ စီးပွါးရေး ကော်မရှင်က နည်းပညာဆိုင်ရာ အာဖရိက ဌာန အကြီးအကဲ Aida Opolu- Mensah က အာဖရိက တိုက်မှာ ရှိတဲ့ နိုင်ငံတွေဟာ သိပ္ပံနဲ့ နည်းပညာ စီမံကိန်းတွေအတွက် နိုင်ငံတကာ မိတ်ဆွေတွေဆီက ထောက်ပံ့မှုတွေကို မျှော်ကိုးမှီခိုမနေပဲ ကိုယ့်နိုင်ငံ ရသုံးငွေထဲ ကနေ ခွဲဝေပံ့ပိုးကြဖို့ တိုက်တွန်းခဲ့ပါတယ်

အာဖရိကဒေသဟာ ဖွံ့ဖြိုး တိုးတက်ရေး မှတ်တိုင်သစ်ကို စိုက်ထူဖို့လုပ်မယ် ဆိုရင် ကိုယ်တိုင်က ဦးဆောင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အာဖရိက နိုင်ငံတွေဟာ ကိုယ့်နိုင်ငံ ဘယ်လိုပုံစံနဲ့ ဖွံ့ဖြိုးတိုးတက်ချင်တယ် ဆိုတဲ့အပေါ်မှာ မူတည်ပြီး ကိုယ့်နိုင်ငံက အရင်းအမြစ်တွေ အတွက် သက်ဆိုင်ရာ သိပ္ပံနဲ့ နည်းပညာရပ် ဆိုင်ရာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ လိုအပ်နေပါပြီ

၂၀၀၆ခုနှစ်တုန်းက အာဖရိက သမဂ္ဂ AU ကနေ အဖွဲ့ဝင် နိုင်ငံတိုင်းအတွက် သူတို့ ပြည်တွင်း ကုန်ထုတ်လုပ်မှု ပမာဏရဲ့ ၁% အနဲဆုံး ထားပြီး သိပ္ပံသုတေသန နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးစွဲဖို့ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် NEPAD လို့ခေါ်တဲ့ အာဖရိက သမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရဲ့ သုတေသနစစ်တမ်းအရ ဆိုရင်တော့ အာဖရိက နိုင်ငံတွေ ထဲမှာ ယူဂန်ဒါ၊ မာလာဝီနဲ့ တောင်အာဖရိက နိုင်ငံတွေ လောက်သာ သတ်မှတ်ချက်ပြည့်မှီခဲ့တယ်လို့ ဆိုပါတယ်။

အာဖရိကဒေသ စီးပွါးရေးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ထူးထူးခြားခြား တိုးတက်လာခဲ့သလို ဆက်ပြီးတိုးဖို့လည်း ရှိနေတာပါ။ ဒီနှစ်ထဲမှာပဲ စီးပွါးရေး မှာ ၆% ပိုတိုးဖို့ ရှိတယ်လို့ IMF နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ကပြောပေမယ့် အာဖရိက ဖွံ့ဖြိုးရေး ဘဏ် ဥက္ကဌ Kamal El Khesten ကတော့ ဒီတိုးတက်မှုတွေဟာ မလုံလောက်သေးဘူးလို့ ထောက်ပြပါတယ်

အာဖရိကနိုင်ငံ အတော်များများမှာ ဖွံ့ဖြိုးမှု ၂ဆတိုးနေတာ တွေ့နေရပေမယ့် အလုပ်လက်မဲ့ ဖြစ်လာတဲ့ ဦးရေနဲ့ နှုံးတိုးလာ နေတာက သိပ်ကို စိုးရိမ်စရာ ဖြစ်နေတာမို့ ဒီဖွံ့ဖြိုးမှု အနေအထားဟာ လုံလောက်ပြီလို့ ပြောလို့ မရပါဘူး။ ကျွန်တော်တို့ အတွက် တကယ့် စိန်ခေါ်နေတဲ့ ပြဿနာက ကျွမ်းကျင်လုပ်သား လိုအပ်နေတဲ့ ဈေးကွက်နဲ့ အလုပ်အကိုင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ တိုးတက်မှုတွေ မှာ ကိုက်ညီမှု မရှိသေးတာပါပဲ

ကျွမ်းကျင်မှု အပြင် နည်းပညာပိုင်းဆိုင်ရာတွေမှာပါ လိုအပ်ချက်တွေ ရှိနေတာမို့ ဒါတွေကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ နားလည်ဖို့ လိုအပ်ပြီး ဒီလို လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးဖို့ တာရှည်ခံမယ့် ခေတ်မီ စက်မှုလုပ်ငန်းတွေ ထူထောင်ဖို့နဲ့ တီထွင် ကြံဆမှုတွေ လုပ်ဖို့ ဆွေးနွေးပွဲကမကထ လုပ်သူတဦး ဖြစ်တဲ့ အာဖရိက ဖွံ့ဖြိုးရေး ဘဏ်ဥက္ကဌ Donald Kaberuka ကပြောပါတယ်

ကိုယ့်နိုင်ငံပိုင် သယံဇာတတွေပေါ် မှီခိုပြီး နေကြမယ့်အစား အာဖရိက ဒေသတခုလုံး ကြွယ်၀ ချမ်းသာလာအောင် ဘယ်လို ဖန်တီးရင် ရမယ်ဆိုတာပဲ စဉ်းစားဖို့ သိပ်အရေးကြီးပါတယ်။ ကျွန်တော်တို့ အားလုံး ဒါကို လက်ခံထားတာမို့ လက်တွေ့ လုပ်ကြဖို့ လိုပါတယ်။ အခုလည်း ဒီလို လက်တွေ့ ဘယ်လိုလုပ်ကြမယ် ဆိုတာကို အဓိကထား ဆွေးနွေးကြမှာပါ

ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကြီးနဲ့ အတူ အာဖရိကသမဂ္ဂ AU အာဖရိက ဖွံ့ဖြိုးရေး ဘဏ်AfDB ကုလသမဂ္ဂ အာဖရိက ဒေသ စီးပွါးရေး ကော်မရှင် UNECA ၊ အာဖရိကနိုင်ငံများ ပညာရေး တိုတက်မှုဆောင်ရွက်ရေး အဖွဲ့ ADEA အပြင် ကင်ညာနိုင်ငံ သိပ္ပံနဲ့ နည်းပညာ အဆင့်မြင့်ပညာရေး ဝန်ကြီးဌာနကပါ ပူးတွဲကျင်းပခဲ့တာပါ။

တက်ရောက်လာသူတွေထဲမှာ ကျွမ်းကျင်ပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ၊ အစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ တကွ လူငယ်တွေ နဲ့ ပုဂ္ဂလိက လူမှုလူ့အဖွဲ့အစည်းတွေက ပါဝင်ကြပါတယ်။ သူတို့ဟာ အလုပ်ခွင် ကျွမ်းကျင်သူတွေ လိုအပ်နေတာကို ဖြည့် ဆည်းဖို့ ပညာတတ်တွေ မွေးထုတ်ဖို့ လိုအပ်နေတာနဲ့ လူငယ်တွေကို ပြုစုပျိုးထောင်ပေးဖို့ နည်းလမ်းတွေ၊ သူတေသနနဲ့ ဖွံ့ဖြိုးရေး အတွက် ငွေကြေးထောက်ပံ့မှု ပိုရဖို့ လုပ်ဆောင်သင့်တာတွေကို ဆွေးနွေးခဲ့ကြတာပါ။

သိပ္ပံနဲ့ နည်းပညာဆိုင်ရာ အာဖရိက နိုင်ငံတွေက ဝန်ကြီးများအဖွဲ့ ဥက္ကဌဖြစ်တဲ့ Naledi Pandor ကတော့ သုတေသနနဲ့ ဖွံ့ဖြိုးရေး ကဏ္ဍအတွက် အာဖရိကသမဂ္ဂရဲ့ သိပ္ပံနဲ့ နည်းပညာ ဆိုင်ရာ ၂၀၀၅ခုနှစ် ကချမှတ်ခဲ့တဲ့ ရည်မှန်းချက်တွေ အခုထိ မပြည့်မီသေးတာကို သေသေချာချာ ဂရုတစိုက် ဖြည့်ဆည်းကြဖို့ ပန်ကြားခဲ့ပါတယ်။ ဒါဟာ လုပ်ငန်း အကောင်ထည်ဖေါ်ရေး အတွက် လိုအပ်တဲ့ သုတေသန လုပ်ငန်းတွေကို အစိုးရတွေဘက်က ဘယ်လောက်ပံ့ပိုးပေးတယ်ဆိုတဲ့ အပေါ်မှာ မူတည်နေတယ်လို့ ဆိုပါတယ်

သင့်တော်တဲ့ အရင်းအမြစ်တွေ လုံလုံလောက်လောက် မရှိသေးတဲ့ အတွက် လိုအပ်ချက်တွေ ရှိနေသလောက် ကို ကျမတို့ မဖြည့်ဆည်းပေး နိုင်သေးပါဘူး။ ဒီအရေးကြီးတဲ့ ကဏ္ဍတွေအတွက် လုပ်ဆောင်ဖို့ အဓိကလိုအပ်နေတာတွေ ကို စာရွက်တွေပေါ်မှာပဲ ပြနေတဲ့ ဝန်ကြီး ဌာနတွေလည်း မဖြစ်သင့်ပါဘူး

အာဖရိက ဒေသမှာ နည်းပညာပိုင်းဆိုင်ရာ ထူးထူးခြားခြား လုပ်ဆောင်နိုင်ခဲ့တဲ့ နိုင်ငံတွေ ရှိနေပါတယ်။ အခု အစည်းအဝေးလုပ်ခဲ့တဲ့ ကင်ညာနိုင်ငံမှာဆိုရင် လက်ကိုင်ဖုံး နည်းပညာကိုသုံးပြီး တိုးတက်အောင် အောင်အောင်မြင်မြင် လုပ်ပြနိုင်ခဲ့တာပါ။ ကင်ညာနိုင်ငံဟာ ကမ္ဘာမှာ ပထမဆုံး mobile ဘဏ်စံနစ်ကို ထွင်ခဲ့တာမို့ ဒီတီထွင်မှုကနေ စီးပွါးရေး ဖွံ့ဖြိုးမှုကို အခုထိ ရေရှည် ထိမ်းထားနိုင် တာတွေ့ရတယ် လို့ ဒီဝန်ကြီးများအဆင့် ဆွေးနွေးပွဲကို ဖွင့်လှစ်ပေးခဲ့တဲ့ ကင်ညာ သမ္မတ Mwai Kibaki ကီဘာကီ က ပြောပါတယ် ။

ဒီဖွံ့ဖြိုးမှုတွေကို နောက်တဆင့် မြှင့်တင်နိုင်ဖို့ ဆန်းသစ် တီထွင်တဲ့ နည်းပညာတွေ အပူတပြင်း လိုအပ်နေပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ အရည်အချင်း ပြည့်မီစွာ ယှဉ်ပြိုင် နိုင်ဖို့ အတွက် ကျွန်တော်တို့ဟာ နည်းပညာသစ်တွေကို တကယ် မြှင့်တင်နိုင်ရပါလိမ့်မယ်။ အာဖရိက စက်မှု တော်လှန်ရေးကို စတင် နိုင်ရပါလိမ့်မယ်

အာဖရိက နိုင်ငံတွေအတွက် ဖွံ့ဖြိုးမှု နဲပါးရတာဟာ ပညာရေးလိုအပ်ချက်ကလည်း အဓိကအ ခန်းက ပါဝင်နေတာဖြစ်တယ်လို့ ယူနက်စကိုရဲ့ ၂၀၁၀ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ အဆင့်မြင့်ပညာ သင်ကြားသူ ၄% အောက်ပဲ ရှိနေတဲ့ အပြင် သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဘွဲ့ရပြီးသူ ပညာတတ် အနဲဆုံး သုံးပုံတပုံ လောက် ဟာ ကိုယ့် နိုင်ငံကို ကိုယ်စွန့်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေဆီ အလုပ်လုပ်ဖို့ ဒါမှမဟုတ် အပြီးနေဖို့ ထွက်သွားတာမျိုးတွေ ရှိနေတာ ကလည်း ဆုံးရှုံးမှုတရပ်ပါ ဆိုတာကိုတင်ပြရင်း ဒီသီတင်းပတ် အတွက် သိပ္ပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ

XS
SM
MD
LG