သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဘိုလာကြောင့် ခရစ်စမတ်ပွဲ မကျင်းပဖို့ Sierra Leone တားမြစ်


အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို လျှော့ချတဲ့အနေနဲ့ ခရစ္စမတ်ပွဲတော်တွေ မကျင်းပဖို့ ဆီယာလီယွန်းနိုင်ငံမှာ တားမြစ်ထားပါတယ်။

ခရစ္စမတ်နေ့ မတိုင်ခင် ၅ ရက်အလို ဒီဇင်ဘာလ ၂၀ ရက်နေ့ကစပြီး ခရစ္စမတ်ပွဲတော် အခန်းအနားတွေ မကျင်းပဖို့ တားမြစ်လိုက်တဲ့အကြောင်း အစိုးရပြောခွင့်ရသူက ပသတင်းထောက်တွေကို သောကြာနေ့က ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း အစိုးရရဲ့ အမိန့်ဟာ ခရစ္စမတ်နေ့မှာ ဘုရားကျောင်း တက်တာကိုတော့ တားမြစ်မထားဘူးလို့ ဆိုပါတယ်။

အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျသွားစေဖို့ လူတွေကြားမှာ ထိတွေ့မှုတွေနည်းပါးအောင် အခုလို ဆောင်ရွက်ရတာ ဖြစ်တယ်လို့လည်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့ပါတယ်။ ဝေဖန်သူတွေကတော့ တားမြစ်ချက်က အီဘိုလာဗိုင်းရပ် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မှာ မဟုတ်သလို၊ ဆီယာလီယွန်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ချိုးဖောက်ရာ ရောက်လိမ့်မယ်လို့ ပြောဆိုခဲ့ကြတာပါ။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ - အီဘိုလာရောဂါ အဓိကဖြစ်ပွားနေတဲ့ အနောက်အာဖရိက နိုင်ငံတွေထဲမှာ ဆီယာလီယွန်းနိုင်ငံဟာ အဆိုးရွားဆုံး ခံနေရတဲ့ တိုင်းပြည်တခု ဖြစ်တဲ့အကြောင်း ဒီသီတင်းပတ်ထဲမှာပဲ ပြောဆိုထားပါတယ်

ဆီယာလီယွန်းနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ခံထားသူ ၈ ထောင်ကျော်ပြီး၊ သေဆုံးသူပေါင်းဟာ ၁၉၀၀ နီးပါး ရှိနေပါပြီ။ WHO ကတော့ - ဆီယာလီယွန်း အပါအဝင် လိုက်ဘေးရီးယားနဲ့ ဂီနီနိုင်ငံတွေမှာ အီဘိုလာရောဂါ ကူးစက်ခံထားရသူ စုစုပေါင်းဟာ ၁ သောင်း ၈ ထောင် ၁၈၈ ဦးရှိသွားပြီဖြစ်ပြီး၊ သေဆုံးသူကတော့ ၆၅၈၃ ဦး ရှိတယ်လို့ ပြောဆိုထားတာပါ။

ဆီယာလီယွန်းနိုင်ငံမှာ အများစုက မူဆလင်တွေဖြစ်ကြပေမဲ့ လူနည်းစုဖြစ်တဲ့ ခရစ်ယာန်တွေကတော့ ခရစ္စမတ်အခါသမယကို ဆင်နွှဲလေ့ရှိပါတယ်။

XS
SM
MD
LG