သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဘိုလာရောဂါနဲ့ ဆီယာလီယွန်း ဆရာဝန် ၂ ဦး ထပ်မံသေဆုံး


အီဘိုလာရောဂါ အဖြစ်အများဆုံးနိုင်ငံများပြ အညွှန်းကိန်း
အီဘိုလာရောဂါ အဖြစ်အများဆုံးနိုင်ငံများပြ အညွှန်းကိန်း

အကြီးအကျယ်ပျံ့နှံ့နေတဲ့ အီဘိုလာရောဂါဆိုးကို တိုက်ဖျက်ဖို့ ကြိုးပမ်းနေချိန်မှာပဲ နောက်ထပ် ဆီယာလီယွန်းနိုင်ငံသား ဆရာဝန် ၂ ဦး အီဘိုလာ ရောဂါကြောင့် သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။

အီဘိုလာရောဂါကြောင့် ဆီယာလီယွန်းက ဆရာဝန်တွေ သေဆုံးရတာ ဒါနဲ့ဆို ၉ ယောက်အထိ ရှိသွားပြီ ဖြစ်ပါတယ်။ အီဘိုလာ ရောဂါလက္ခဏာ ရှိ နေသူတွေ၊ သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့ အရည်တွေကနေ ဗိုင်းရပ်ပိုး ကူးစက်နေတာပါ။ ရောဂါရှိသူနဲ့ အနီးကပ် ထိတွေ့ ဆက်ဆံမှသာ ကူးစက်နိုင်တဲ့အတွက်လည်း ဝေဒနာသည်တွေနဲ့ ဆက်ဆံနေကြရတဲ့ ကျန်းမာရေး လုပ်သားတွေဟာ အန္တရာယ် အရှိဆုံးအခြေအနေနဲ့ ရင်ဆိုင်နေကြရပြီး၊ ရောဂါ ကူးစက်ခံရသူ ကျန်းမာရေး ဝန်ထမ်းတွေလည်း ရာနဲ့ချီ ရှိခဲ့ပါတယ်။

ဆီယာလီယွန်းနိုင်ငံ မြို့တော်မှာရှိတဲ့ ကွန်းနော့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ သောမတ် ရော်ဂျာစ် ဟာ သောကြာနေ့က သေဆုံးခဲ့တာဖြစ်ပြီး၊ ဒေါက်တာ ဒေါ်ဒါ ခိုရိုမာ ကလည်း သူနဲ့တရက်တည်းပဲ သေဆုံးခဲ့တာလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။

ဆီယာလီယွန်းနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ဆရာဝန် စုစုပေါင်း ၁၁ ယောက် ရှိခဲ့တာမှာ တဦးက ကုသပျောက်ကင်းခဲ့ပြီး နောက်တဦးကတော့ ကုသမှု ခံယူနေဆဲဖြစ်ပါတယ်။

အခုအချိန်အထိဆိုရင် အီဘိုလာရောဂါ ကူးစက်ခံရသူပေါင်း ၁၇,၅၀၀ အထိရှိခဲ့ပြီး အများစုကတော့ အနောက်အာဖရိက နိုင်ငံတွေ ဖြစ်ကြတဲ့ ဂီနီ၊ လိုက်ဘေးရီးယားနဲ့ ဆီယာလီယွန်းနိုင်ငံတွေမှာ ဖြစ်ကြပါတယ်။ ဒီအထဲမှာ သေဆုံးသူဦးရေဟာ ၆,၂၀၀ ရှိပြီး၊ လတ်တလော ကူးစက်မှုနှုန်း အမြန်ဆုံးဖြစ်နေတာကတော့ ဆီယာလီယွန်းနိုင်ငံပါ။

ဆေးဝန်ထမ်းတွေကြား ရောဂါကူးစက်မှုနှုန်း မြင့်မားနေတဲ့ အတွက်လည်း အထူးသဖြင့် ဒေသခံ ကျန်းမာရေး လုပ်သားတွေဟာ အီဘိုလာ ဝေဒနာသည်တွေ ရှိရာ လူနာဆောင်တွေမှာ အလုပ်လုပ်ဖို့ ဝန်လေးလာကြ ပါတယ်။ နိုင်ငံခြားသား ဆရာဝန်တွေ၊ သူနာပြုတွေကတော့ ရောဂါကူးစက်ခံရတဲ့အခါ နိုင်ငံခြားက ကမ္ဘာ့ အဆင့်မီဆေးရုံတွေမှာ ကုသမှုခံယူနိုင်ပေမဲ့ ဒေသခံတွေကတော့ ပြည်တွင်းမှာသာ ကုသနိုင်ကြတာပါ။

ဒီလို ခွဲခြားခံနေရတဲ့အခြေအနေကို ဖြေရှင်းနိုင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို စောင့်ရှောက်ဖို့ နိုင်ငံခြားသား ဝန်ထမ်းတွေနဲ့ အထူးဆေးခန်းတွေကိုတော့ ဆီယာလီယွန်းနဲ့ လိုက်ဘေးရီးယား နိုင်ငံတွေမှာ ဖွင့်လှစ်ထားပြီး ဂီနီနိုင်ငံမှာ ဖွင့်လှစ်ဖို့လည်း စီစဉ်နေကြပါတယ်။

XS
SM
MD
LG