သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတဝန်း ဒေသအများအပြား အသံတိတ်သပိတ် ဆင်နွှဲ


ရန်ကုန်မြို့လည်ဈေး ဒီဇင်ဘာ ၁၀ ရက်မြင်ကွင်း။
ရန်ကုန်မြို့လည်ဈေး ဒီဇင်ဘာ ၁၀ ရက်မြင်ကွင်း။

{{Zawgyi/Unicode}}

ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေးတွေပြန်လည်ရရှိအောင် တောင်းဆိုဆန္ဒပြတဲ့အနေနဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာ ပြည်သူတွေဟာ အိမ်ပြင်မထွက် ငြိမ်သက်စွာ သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။ ငြိမ်သက်ဆန္ဒပြမှု ပြီးဆုံးတဲ့ ညနေ ၄ နာရီအချိန်မှာလည်း လက်ခုပ်တွေတီးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးနေ့အတွက် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက ကြေညာချက်ထုတ်ပြန်တာမှာ EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာပြည်သူလူထုဘက်မှာ အရင်ထက်ပိုပြီး ရပ်တည်နေပါတယ်လို့ ပြောကြားထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပါအဝင် ပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးမှု၊ ချုပ်နှောင်မှုတွေ၊ စနစ်တကျဖိနှိပ်နေမှုတွေ စစ်တပ်အာဏာပိုင်တွေရဲ့ အကြမ်းဖက်မှုတွေဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်တယ်လို့ EU သံရုံး ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းထဲက လူပုဂ္ဂိုလ် ၄၃ ယောက်နဲ့ စစ်တပ်ပိုင်အဖွဲ့အစည်း ၆ ခုအပေါ် EU က အရေးယူဒဏ်ခတ်မှုတွေ လုပ်ခဲ့တာဟာ ဥရောပသမဂ္ဂရဲ့ မြန်မာပြည်သူတွေအပေါ် အားပေးထောက်ခံမယ်ဆိုတဲ သန္နိဋ္ဌာန်ကို ပြသတာဖြစ်တယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ စစ်အာဏာရှင်ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေအပေါ် ဥရောပသမဂ္ဂအနေနဲ့ တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ ဖိအားပေးလုပ်ဆောင်သွားမယ်လို့လည်း EU သံရုံး ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းခဲ့ချိန်ကစလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကို ကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့သူတွေ၊ ဖမ်းဆီးခံခဲ့ရသူတွေကို ဂုဏ်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပမြောက်ပိုင်းဒေသနိုင်ငံသံရုံးတွေကလည်း ဒီနေ့ လူ့အခွင့်အရေးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။

ဆန္ဒပြမှုတွေကို စစ်တပ်က နှိမ်နှင်းစဉ် သေဆုံးခဲ့ရသူ ၁,၃၂၃ ဦးအတွက်ရည်စူးပြီး Denmark Finland ၊ Norway နဲ့ Sweden နိုင်ငံ သံရုံးတွေ စုပေါင်းဖွင့်ထားတဲ့ သံရုံးပရဝဏ်ထဲမှာနှင်းဆီပန်းပွင့်တွေကို သံရုံးအကြီးအကဲတွေက ခင်းကျင်းဂုဏ်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် မညီမျှမှုတွေ သိသိသာသာကြီးထွားနေပြီး၊ အခြေခံ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေး ရပိုင်ခွင့်တွေ၊ လွတ်လပ်ခွင့်တွေအပြင် စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေလည်း အကြီးအကျယ် ထိခိုက်နေတယ်လို့ သံရုံး ၄ ခုပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီနှစ် လူ့အခွင့်အရေးနေ့ရဲ့ဆောင်ပုဒ်ဟာ လူသားတိုင်း တန်းတူညီမျှမှုရှိတယ်၊ လူသားတိုင်းဟာမွေးဖွားလာကတည်းက လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတူညီစွာ‌၊ လွတ်လပ်စွာ‌ မွေးဖွားလာတာဖြစ်ပေမဲ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ မညီမျှမှုတွေ၊ ဖယ်ကျဉ်ထားမှုတွေ ရှိနေဆဲဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပမြောက်ပိုင်းနိုင်ငံသံရုံးတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ပြင်သစ်နိုင်ငံဆိုင်ရာ သံရုံးကလည်း လူ့အခွင့်အရေးအတွက် ကိုယ့်အသက်အန္တရာယ်နဲ့ လွတ်လပ်မှုကိုစတေးပြီး နေ့စဉ်နေ့တိုင်း တိုက်ပွဲဝင်နေသူအားလုံးကို ဂုဏ်ပြုတယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာစစ်တပ်ကကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မတရားဖမ်းဆီးမှုတွေတိုးမြင့်နေပြီး ဒီလို အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ ကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူပေးဖို့လည်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက တောင်းဆိုပါတယ်။

မြန်မာအကျပ်အတည်းအတွက် ငြိမ်းချမ်းပြီး အားလုံးပါဝင်တဲ့နည်းလမ်းနဲ့ အဖြေရှာမယ့် အာဆီယံ သဘောတူညီချက်၅ ရပ်ကို အကောင်အထည်ဖော်ရေးအတွက် ထောက်ခံကြောင်းအထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့အပါအဝင် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာရေးကို တောင်းဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


-----------

{{Unicode}}














XS
SM
MD
LG