သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ရန်ကုန်နဲ့ နယ်မြို့တချို့မှာ ပြုလုပ်


ကလေးမြို့သပိတ် (၁၂-၀၉ -၂၀၂၁/ဓာတ်ပုံ CJ)
ကလေးမြို့သပိတ် (၁၂-၀၉ -၂၀၂၁/ဓာတ်ပုံ CJ)

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ ဆိတ်သုဉ်းနေတဲ့လူ့အခွင့်အရေးပြန်လည်ရအောင် တောင်းဆိုဆန္ဒပြမှုတွေ ရန်ကုန်အပါအဝင် မြို့တချို့မှာ ဒီနေ့ ဒီဇင်ဘာ ၉ ရက်မှာပြုလုပ်ခဲ့ကြပါတယ်။ ရန်ကုန်၊ မန္တလေး၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကလေး၊ ရွှေဘိုစတဲ့မြို့တွေမှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး နက်ဖြန်ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့မှာ အားလုံးတိတ်ဆိတ်စွာ ဆန္ဒပြကြဖို့ ဆန္ဒပြသူတချို့က လက်ကမ်းစာစောင်တွေကြဲခဲ့ကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန် တင်ပြထားပါတယ်။

ရန်ကုန်မြို့မှာ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြသူတွေကို စစ်ကားနဲ့ အတင်းဝင်တိုက် ဖမ်းဆီးမှုတွေ၊ ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာသား ၁၁ ယောက် ပစ်ခတ်မီးရှို့ သတ်ဖြတ်ခံရမှုတွေ လောလောလတ်လတ်ဖြစ်ထားချိန် ရန်ကုန်၊ မန္တလေး၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကလေး၊ ရွှေဘိုစတဲ့မြို့တွေမှာ ဒီနေ့ ချီတက်ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။ ‘ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်းရေးနဲ့ ပြန်သိမ်းပိုက်ကြ’ ဆိုတဲ့ စာသားတွေကို ဆန္ဒပြသူတချို့ ကိုင်ဆောင်ပြီးဆန္ဒပြခဲ့ကြသလို နက်ဖြန် ဒီဇင်ဘာ ၁၀ ရက်နေ့ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကျရင် အသံတိတ်သပိတ်မှောက်ကြဖို့ တိုက်တွန်းတဲ့စာတွေကိုလည်း ကြဲပြီး Paper strike လည်းလုပ်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ်မြောက်ဘက်ခြမ်းက ဒီနေ့ ညနေပိုင်းမှာ ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြခဲ့တယ်လို့သပိတ်ဦးဆောင်ကော်မတီ ကိုလွမ်းသူက ပြောပါတယ်။ နက်ဖြန်ငြိမ်သက်ခြင်းသပိတ်အတွက်လည်း ပြင်ဆင်ထားတယ်လို့ ခုလိုပြောပါတယ်။

“ဒီနေ့မှာ ထွက်မယ့် ကျနော်တို့လူထုသပိတ်ဟာ မနက်ဖြန် Silent Strike ငြိမ်သက် ခြင်း သပိတ်အတွက် ကျနော်တို့ပါပါမယ်၊ ပြီးရင် မနက်ဖြန်ဟာ ကမ္ဘာလုံးဆိုင် ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့အတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ သပိတ်တခုကို ကျနော်တို့ ထွက်ရှိနေပါတယ်။ ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေးတော်လှန်ရေးနဲ့ သိမ်းပိုက်ကြဆိုတဲ့ ခေါင်းစဉ်နဲ့ စာသားနဲ့ သပိတ်ထွက်မှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ပျောက်ဆုံးနေတဲ့ လူ့အခွင့်အရေး ပြန်ရဖို့ ပြည်သူအားလုံး တောင်းဆိုကြဖို့လိုအပ်တယ်လို့ သူကပြောပါတယ်။ ဆန္ဒပြသူတွေအပေါ် စစ်ကောင်စီတပ်တွေက အင်အားသုံး နှိမ်နှင်းနေတဲ့အတွက် လမ်းပေါ်ထွက် ဆန္ဒပြကြဖို့ ခက်ခဲနေချိန် ငြိမ်သက်ခြင်းသပိတ်လုပ်ရတာလို့လည်း ခုလို ရှင်းပြပါတယ်။

“လက်ရှိကျနော်တို့ အသက်ကဆိုရင် ကျနော်တို့ ၃၀ ကျော်ပါပြီ။ ကျနော်ရဲ့ မိဘတွေအရွယ်ရော၊ ကျနော်ရဲ့ ဘိုးဘွားအရွယ်ကအစ ကြားသိရသလောက်ကတော့မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးရယ်လို့ ဘာမှမရခဲ့ပါဘူး။ ပြောရရင်တော့ လူ့အခွင့်အရေး အကုန်လုံးက ဆိတ်သုဉ်းနေတယ်လို့ ပြောလို့ရပါတယ်၊ ဒါကြောင့်မို့ ကျနော်တို့ နွေဦးတော်လှန်ရေးအောင်ပွဲနဲ့အတူ လူ့အခွင့်အရေးကို ပြန်လည်းသိမ်းပိုက်နိုင်ဖို့ လူ့အခွင့်အရေးတွေ ပြန်လည်ရရှိဖို့ - ဒီနေ့ ဒီအချိန်ဟာ လမ်းမတွေထက် မှာ မြို့ပြလူထုက လမ်းမတွေထက်မှာ ထွက်ဖို့ အင်မတန်းခက်ခဲလာတွေ့ရတယ်။ ပြီးရင် ကျေးလက်ဒေသကလည်း အဲ့လိုမျိုးပဲ အကြောင်းအမျိုးမျိုးကြောင့် လူ့သပိတ်တွေ ဆင်နွှဲနိုင်မှုတွေ အားနည်းလာတဲ့အတွက် လူထုတရပ်လုံး ပါဝင်နိုင်တဲ့ Silent Strike ငြိမ်သက်ခြင်းဆိုတဲ့ သပိတ်ကို ကျနော်တို့ ဆင်နွှဲရခြင်းဖြစ်ပါတယ်။”

စစ်အာဏာသိမ်းထားတဲ့ လက်ရှိအခြေအနေမှာ အစုလိုက်အပြုံလိုက်ပြည်သူတွေ ဥပဒေမဲ့အသတ်ခံနေရသလို လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်ဆိုတဲ့ အခြေခံ အခွင့်အရေးတွေလည်းမရှိဘူးလို့၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဝင်းဇော်ခိုင်ကလည်း ပြောပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးတွေ လုံးဝဆိတ်သုဉ်းနေတယ်ဆိုတာကို မြန်မာနိုင်ငံတဝန်းလုံးက တိတ်ဆိတ်ငြိမ်သက်စွာနေပြီး ကမ္ဘာကို သိအောင်လုပ်ဖို့လိုအပ်တာဖြစ်တယ်လို့သူကပြောပါတယ်။

“လူမျိုးတုံးသတ်ဖြတ်မှုပုံစံမျိုးတွေ ရက်ရက်စက်စက် လူအစုလိုက် အပြုံလိုက်ကျနော်တို့ ပြည်သူလူထုကြီးက အသတ်ခံနေရတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့အချိန်မှာတောင်မှ ကားနဲ့ ရက်ရက်စက်စက် ဒီလိုမျိုးတိုက်သတ်တဲ့ လုပ်ရပ်မျိုးတွေ ဒီလိုနေ့မျိုးမှာ ဟောဒီ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပြည်သူတဝန်းလုံးကနေပြီးတော့မှ တိတ်ဆိတ်ငြိမ်သက်စွာနဲ့နော်၊ ဒီအခွင့်အရေးတွေကို ငါတို့ မြန်မာနိုင်သူ မြန်မာနိုင်ငံသားတွေကလည်း ရသင့်တယ်၊ ကျနော်တို့တွေဟာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ကမ္ဘာကြီးကို အသိပေးမှာပေါ့ ဒါမနက်ဖြန်။ ကျနော်တို့မြန်မာနိုင်ငံမှာ အခြေခံ လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်ဆိုတဲ့ အခြေခံအခွင့်အရေးလောက်ကို ကျနော်တို့ ဒီမှာက မရဘူးဗျ။ ဒီမှာရှိနေတဲ့ ပြည်သူလူထုကြီးက ကျနော်တို့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုတွေကို ရင်ဆိုင်နေကြရတာ။”

ရခိုင်ပြည်နယ်မှာလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ လှုပ်ရှားမှုတွေ လုပ်သွားဖို့ရှိတယ်လို့ မျိုးဆက်သစ် အမျိုးသမီးအဖွဲ့ ပြောခွင့်ရ မခင်မြင့်ဇော်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိစေချင်တော့ဘူးလို့ ခုလိုပြောပါတယ်။

“ကျမတို့အဖွဲ့က လုပ်တဲ့ဟာကတော့ ဒီမှာ နှင်းဆီကမ်ပိန်းလုပ်ပြီးတော့ တီရှပ်ကမ် ပိန်းအဓိက လုပ်သွားမယ်ပေါ့နော်၊ နောက်ပြီးတော့ ဒီကဗျာရွတ်တာတို့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး သီချင်းဆိုတာတို့အဲ့လိုပုံစံမျိုးလုပ်ဖို့တော့ရှိတယ်ရှင့်၊ အဓိက ရည်ရွယ်ချက်ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေးနဲ့ နေချင်တယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေမရှိချင်တော့ဘူး၊ အဲ့လိုပုံစံမျိုးနဲ့ message ပေးချင်တဲ့သဘောမျိုးနဲ့ အဓိကလုပ်မှာပေါ့နော်။”

မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်နေ့ကျရင် ရုံးမသွား၊ ဆိုင်မဖွင့်၊ လမ်းပေါ်မထွက်၊ အိမ်ပြင် မထွက်ကြဘဲ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ အသံတိတ်သပိတ်မှောက်ကြဖို့ ဆန္ဒပြပွဲ စီစဉ်သူတွေက ဆော်သြထားပါတယ်။ အနက်ရောင် အဝတ်အစား ဝတ်ဆင်ပြီး အာဏာရှင်တော်လှန်တဲ့ အထိမ်းအမှတ် လက်သုံးချောင်းကာ ဓာတ်ပုံမှတ်တမ်းတွေကို လူမှုကွန်ယက်မှာ မျှဝေဖို့လည်း တိုက်တွန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်


===========

{{Unicode}}













===========

XS
SM
MD
LG