သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ooredoo SIM ကဒ် မြန်မာနိုင်ငံမှာ စတင်ရောင်းချ


Photot Credit to Ooredoo Myanmar FB
Photot Credit to Ooredoo Myanmar FB

မြန်မာနိုင်ငံမှာ ငွေကျပ် သိန်းသောင်းချီ ပေးဝယ်ခဲ့ရတဲ့ မိုဘိုင်းလ်ဖုန်း ဆင်းကတ်တွေကို ကာတာနိုင်ငံ အခြေစိုက် Ooredoo တယ်လီဖုန်း ဝန်ဆောင်မှုကနေ ငွေ ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးနေတာကြောင့် ရန်ကုန် နဲ့ မန္တလေးမြို့မှာ ဒီကနေ့ ပြည်သူ အများအပြား ဝယ်ယူခဲ့ကြတာပါ။ တရားဝင်ရောင်းချရမယ့် ရက်ဟာ သြဂုတ်လအတွင်းဖြစ်ပေမဲ့ ဇူလိုင်လ ၃၀ နဲ့ ၃၁
ရက်တွေမှာ ရန်ကုန် မန္တလေး မြို့ကြီးတွေမှာ ကိုယ်စားလှယ် ဆိုင်တွေက
စတင်ရောင်းချပေးနေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်ကပြောပြမှာပါ။

ဇူလိုင်လ ၃၀ နဲ့ ၃၁ ရက်နေ့ တွေဟာ မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ် ဖုန်း
ဆင်းကတ် ဈေးကွက် တစ်ဆစ်ချိုး ပြောင်းလဲခဲ့တဲ့ နေ့ရက်တွေလို့ ပြောရမှာပါ။
ငွေကျပ် သိန်း ၃၀ ကစလို့ နောက်ဆုံး ငွေ ၃၀၀၀၀ ပေးမှ မိုဘိုင်းလ် ဆင်းကတ်
ဝယ်နိုင်တာကနေ ငွေကျပ် ၁၅၀၀ နဲ့ မိုဘိုင်းဆင်းကတ်တွေကို
ကာတာ အခြေစိုက် Ooredoo တယ်လီဖုန်း ဝန်ဆောင်မှု က အများပြည်သူအကြား
ဝယ်ယူနိုင်အောင် ဖန်တီးပေးခဲ့တဲ့ အချိန်မှာ ရန်ကုန်၊ မန္တလေး မှာ ရှိတဲ့
ပြည်သူတွေ အကြား လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်ခဲ့ရပါတယ်။


Ooredoo ဆင်းကတ်တွေကို တရားဝင်ရောင်းချခွင့်ရထားတဲ့ ရန်ကုန် မန္တလေးက
ဆိုင်အချို့က သူတို့ လက်ထဲ မှာ ရှိနေတဲ့ မိုဘိုင်းလ်ဖုန်းကတ်တွေကို
ဒီကနေ့ မနက်အစောပိုင်းက စလို့ ရန်ကုန် မြို့ ပန်းဆိုးတန်းနဲ့
ဆူးလေဘုရား လမ်းမပေါ်က ဆိုင်တွေမှာ ရောင်းချခဲ့တာကြောင့် ပြည်သူတွေက
ကျိတ် ကျိတ်တိုး ဝယ်ယူတာတွေလည်း ဖြစ်ခဲ့ပါတယ်။ Ooredoo ဖုန်းကတ် ဝယ်လိုတဲ့သူတွေကို မှတ်ပုံတင် မိတ္တူ နဲ့ အတူရောင်းချပေးခဲ့တာ ဖြစ်ပြီးတော့ လိုချင်တဲ့သူတွေ အနေနဲ့ လွတ်လွတ်လပ်လပ် ပြင်ပ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်တွေ မှာ ဝယ်ယူနိုင်တယ်လို့ ဆူးလေဘုရားလမ်းမ ပေါ်က မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် ပိုင်ရှင် တစ်ဦး က
ဗွီအိုအေကို အခုလို ပြောပါတယ်။

"လူတိုင်းတော့ဝယ်လို့ရတယ်။ ဒါပေမဲ့ ဝယ်တဲ့အခါကျရင် မှတ်ပုံတင် မိတ္တူလိုမယ်။ နောက် ဓာတ်ပုံ မူရင်းလိုမယ်။ နောက် ဝယ်ပြီးရင် လက်မှတ်ထိုးပေးရမယ်။ မှတ်ပုံတင်မိတ္တူအောက်မှာ လက်မှတ်ထိုးပေးရမယ်။ အဲ့တာလေးတွေပေါ့။ ဈေးကတော့ တခုပဲ သတ်မှတ်ထားတယ်။ ပိုလို့လဲ မရဘူး။ လျော့ယူလို့လဲ မရဘူး။ ၁၅၀၀ကျပ်ပဲ ရောင်းလို့ရမယ်။"

တကယ်တော့ Ooredoo မိုဘိုင်းဖုန်း ဆင်းကတ်တွေကို သြဂုတ်လ ၂ ရက်နေ့မှ
တရားဝင်ရောင်းချခွင့် ပေးထားတာ ဖြစ်တယ်လို့လည်း Ooredoo မြန်မာ ရဲ့
လူမှုဆက်ဆံရေးနှင့်ပြန်ကြားရေး မန်နေဂျာဒေါ်သီရိကြာညိုကပြောပါတယ်။


ဒါပေမဲ့ တစ်ဖက်မှာတော့ ဆင်းကတ် လက်ဝယ်ရထားတဲ့ ကိုယ်စားလှယ်တွေက
ဒီရက်ပိုင်းမှာ ဈေးကွက် လက်ဦး မှု ရယူပြီး ဈေးကွက်အတွင်း
စတင်ရောင်းချခဲ့တာကြောင့် မိုဘိုင်းလ် ဖုန်းကတ်တွေ ရဲ့ ဈေးဟာ ငွေကျပ်
၁၀၀၀၀ ထိ အပြင်မှာ ပေါက်ဈေးရှိလာတာကိုတွေ့ရတယ်လို့ Ooredoo ဖုန်းကတ်
သွားရောက်ဝယ်ခဲ့ဲ့တဲ့ ကို မင်းညိုအံ့က ဗွီအိုအေ ကိုပြောပါတယ်။

"တချို့ဆိုင်တွေက တစ်သောင်းအထိပေါက်တယ်။ ဆယ်ကဒ်ဝယ်ပြီးတဲ့သူတွေက အပြင်မှာ ပြန်ရောင်းတာက ခုနှစ်ထောင်၊ တစ်သောင်းလောက် အထိ ပြန်ရောင်းတယ် ခင်ဗျ။ ဘယ်အချိန်မှာ ဘယ်ဆိုင်တွေက ဘယ်လိုရောင်း သလဲဆိုတာ၊ တစ်ဆိုင်နဲ့တစ်ဆိုင် မတူဘူး။ ဒီတစ်ဆိုင်ရောင်း ရပြီဆိုရင် နောက်တစ်ဆိုင်က မရှိတော့ဘူး။ အဲ့လို ပေးတဲ့ပုံစံခြင်း မတူဘူးခင်ဗျ။ ရောင်းလို့ရပြီဆိုလို့ ရောင်းတာတဲ့။ အဲ့လိုပြောတယ် ရောင်းလို့ရပြီ ပြောလည်း ပြောပြီးရော၊ မြန်မာပြည်ဈေးကွက်စီးပွားရေးအရ လျှင်သူစားစတမ်းဆိုတော့ ဈေးတင်ရောင်းတယ်တဲ့။ တစ်ထောင့်ငါးရာကနေ အဲ့လိုပြောတယ်ခင်ဗျ။ ဆိုင်ရှင်တချို့က။"

Ooredoo အနေနဲ့ လက်ရှိမှာ သူတို့နဲ့ ဆင်းဒ်ကတ် ရောင်းချခွင့် စာချုပ် ချုပ်ဆိုထားတဲ့ စာချုပ်အရ ဆင်းကတ်တွေကို ခွဲတမ်းနဲ့ ချထားပေးတာ
ဖြစ်ပြီးတော့ ရွှေအဆင့်မှ ဆင်းကတ် ၈၀၀၊ ငွေအဆင့်မှာ ဆင်းကတ် ၄၀၀ နဲ့
ကြေးအဆင့်မှာ ဆင်းကတ် ၂၀၀ အထိသာရောင်း ချထားပေးတာ ဖြစ်တယ်လို့
မိုဘိုင်းဖုန်းအရောင်းဆိုင်တွေက ပြောပါတယ်။

Ooredoo ကုမ္ပဏီက လတ်တလောသတ်မှတ်ထားတဲ့ ဖုန်းခေါ်ဆိုခ နှုန်းထားတွေကတော့ ၎င်းတို့ ဆင်းကတ် အချင်းချင်း ဖုန်းခေါ်ဆိုရင် တစ်မိနစ်လျှင် ၂၅ ကျပ်ပေးရမှာဖြစ်ပြီးတော့ အခြားအော်ပရေတာ (MPT, Telenor, Mectel)တွေကို ဖုန်း ခေါ်ရင် တစ်မိနစ်လျှင် ၃၅ ကျပ် ၊ SMS စာတို ပေးပို့ပါက တစ်စောင်ကို၂၅ ကျပ်နှင့် အင်တာနက်အသုံးပြု မည်ဆိုပါက 1MB လျှင် ၂၅ ကျပ် ပေးရမယ်လို့ ဆိုထားပါတယ်။

အစောပိုင်းကာလတွေတုန်းကတော Ooredoo ကုမ္ပဏီဟာ မွတ်စလင် တွေ
အများစုနေထိုင်တဲ့ ကာတာနိုင်ငံ အခြေစိုက် ကုမ္ပဏီ တစ်ခု ဖြစ်တာကြောင့်
မြန်မာတွေ အနေနဲ့ ဝယ်ယူ မသုံးစွဲကြဖို့၊ အကယ်လို့ Ooredoo နံပတ် နဲ့
ဖုန်းတွေ ဝင်လာရင်လည်း မကိုင်ကြဖို့ ဝါဒဖြန့်ချိမှုတွေ ရှိထားတာပါတယ်။


Ooredoo နဲ့အတူ မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်း အော်ပရေတာ
လုပ်ကိုင်ခွင့် ရထားတဲ့ နောက်ထပ် ကုမ္ပဏီတစ်ခု ကတော့ နော်ေ၀ အခြေစိုက်
တယ်လီနော် ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါအပြင် လက်ရှိ မြန်မာနိုင်ငံက လူအများစု
ကိုင်တွယ်နေတဲ့ မြန်မာဆက်သွယ်ရေး လုပ်ငန်းကလည်း လက်ရှိ ဖုန်းတွေကို
ဝန်ဆောင်မှု ပေးနိုင်ဖို့နဲ့ နောက်ထပ်မိုဘိုင်းဆင်းကတ်တွေကို နိုင်ငံတကာ
ကုမ္ပဏီတွေ နဲ့ အပြိုင်ရောင်းချနိုင်ဖို့ ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခု
ဖြစ်တဲ့ KDDI နဲ့ ပူးတွဲပြီး လုပ်ငန်းတွေ လုပ်ကိုင်မယ်ဆိုပြီးတော့လည်း
တရားဝင်ကြေညာထားတာ ပါ။

XS
SM
MD
LG