သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူထိပ်သီးဆွေးနွေးပွဲအပေါ် နိုင်ငံတကာတုံ့ပြန်ချက်များ


အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ စင်္ကာပူနိုင်ငံမှာ အောင်မြင်စွာ ကျင်းပပြီးစီးသွားတဲ့အပေါ် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားစတဲ့ ကမ္ဘာ့နိုင်ငံတွေက ကြိုဆိုလိုက်ပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲအပေါ် နိုင်ငံတကာရဲ့ တုန့်ပြန်ချက်တချို့ကိုတော့ AP သတင်းဆောင်းပါးတပုဒ်ကို အခြေခံပြီး မအိသန့်စင်က ပြောပြပေးပါလိမ့်မယ်။

အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ရဲ့ ဒီကနေ့ စကာၤပူမှာ လုပ်တဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ အပေါ်မှာ အာရှဒေသနဲ့ ကမ္ဘာတလွှား ခေါင်းဆောင်တွေက အကောင်းမြင် သဘောထားနဲ့ တုံ့ပြန်ကြပါတယ်။ ဒီကနေ့မှာ ကျင်းပတဲ့ အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ သမိုင်းဝင်ထိပ်သီး ဆွေးနွေးပွဲအပေါ် တောင်ကိုရီးယားက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့သလို၊ ဒီကနေ့ထုတ် ဂျပန်သတင်းစာ တစောင်မှာလည်း အချပ်ပိုစာမျက်နှာ်နဲ့ ဖော်ပြခဲ့တဲ့ အထိပါ။ တရုတ် နိုင်ငံခြားရေးဝန်ကြီးကလည်း သမိုင်းသစ်တခုကို ထူထောင်နိုင်ခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ၂ နိုင်ငံကြား ဆက်ဆံရေး တင်းမာမှုတွေနဲ့ သံတမန်ရေးအရ ခြိမ်းခြောက်မှုတွေတိုးလာခဲ့ပြီးတဲ့နောက် မကြာသေးခင်လအတွင်းမှာတော့ အမေရိကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးမယ့်အရေးကို အာရှတလွှားမှာသာမက ကမ္ဘာတလွှားကပါ မျှော်လင့်စောင့်ဆိုင်းနေခဲ့ကြပါတယ်။ အရင်တုန်းက အကြိမ်ကြိမ် မအောင်မမြင်ဖြစ်ခဲ့ဖူးတဲ့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလည်း အောင်မြင်ဖို့ မျှော်လင့်ချက်တွေလည်း ထွက်ပေါ်လာခဲ့တာပါ။

အမေရိကန်နဲ့ မြောက်ကိုရီးယား ဆွေးနွေးမှုကနေ ကိုရီးယား စစ်ပွဲကို တရားဝင် အဆုံးသတ်နိုင်မယ့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဦးတည်သွားနိုင်ဖို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ကလည်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

Wang Yi, တရုတ် နိုင်ငံခြားရေးဝန်ကြီး

“အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ဟာ ဆယ်စုနှစ် တဝက်လောက် ဆက်ဆံရေးတင်းမာခဲ့ပါတယ်။ ဒီကနေ့မှာတော့ ၂ နိုင်ငံ ထိပ်သီးခေါင်းဆောင်တွေ အတူယှဉ်တွဲ ထိုင်ပြီး တန်းတူညီမျှတဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြတာဟာ အင်မတန်အရေးပါတဲ့ အပေါင်းလက္ခဏာဆောင်တာ ဖြစ်ပြီးတော့ သမိုင်းသစ်ကို ဖန်တီးနေတာလည်း ဖြစ်ပါတယ်။”

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အမေရိကန်သမ္မတ တို့ ၂ ဦး ကတိပေးထားတဲ့အတိုင်း နျူကလီးယား ကင်းစင်ရေးကို ဆောင်ရွက်ဖို့နဲ့ တချိန်တည်းမှာပဲ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း မြောက်ကိုရီးယားက လိုက်နာမယ်ဆိုရင် မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း ဖယ်ရှားဖို့ လမ်းပွင့်လာနိုင်ကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Geng Shuang က စင်္ကာပူထိပ်သီးတွေ့ဆုံပွဲ ပူးတွဲသဘောတူညီချက်လက်မှတ်ရေးထိုး ကြေညာအပြီးမှာပဲ ဘေကျင်းမြို့မှာ ပြောဆိုသွားပါတယ်။

Geng Shuang, တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ

“ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို မြောက်ကိုရီးယားက လေးစားလိုက်နာရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အလျှော့အတင်းလုပ်ပေးနိုင်သလို သက်ဆိုင်ရာ ပိတ်ဆို့မှုတွေကို ခေတ္တဆိုင်းတာ၊ ဖယ်ရှားပေးတာတွေပါ ပါဝင်လာနိုင်ပါတယ်။ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး သံတမန်နည်းအရ ဆွေးနွေးဆောင်ရွက်မှုအပေါ် လုံခြုံရေးကောင်စီအနေနဲ့ ထောက်ခံပံ့ပိုးသင့်ပါတယ်။”

Kim နဲ့ Trump တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်တဲ့အပေါ် တောင်ကိုရီးယား၊ ဂျပန် နဲ့ မလေးရှား ခေါင်းဆောင်တွေကလည်း ကြိုဆိုကြပါတယ်။ ထိပ်သီးတွေ့ဆုံပွဲ လမ်းကြောင်းပေါ်ကို အထီးကျန် မြောက်ကိုရီးယား နိုင်ငံ ရောက်လာစေဖို့ သံတမန်ရေး အရ ကြိုးပမ်းခဲ့တဲ့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းကတော့ ကိုရီးယားကျွန်းဆွယ် နျူးကလီးယား လုံး၀ ကင်းစင်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့သလို မနေ့ညက အိပ်တောင် မအိပ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

မွန်ဂျေအင်း, တောင်ကိုရီးယားသမ္မတ

“မြောက်ကိုရီးယားနဲ့ အမေရိကန်ရဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပမယ့်အရေး တွေးပြီး မနေ့ညတုန်းက အိပ်လို့တောင် မပျှော်ခဲ့ပါဘူး။ အပြီးတိုင် နျူကလီးယားကင်းစင်ရေးနဲ့ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲက ဆောင်ကျဉ်းပေးနိုင်မယ်လို့ မျှော်လင့်ပြီး အမေရိကန်နဲ့ ကိုရီးယား ၂ နိုင်ငံတို့ဆက်ဆံရေးအတွက်လည်း အကောင်းမြင်ပါတယ်။”

ဂျပန်နိုင်ငံကို ရောက်နေတဲ့ မလေးရှားဝန်ကြီးချုပ်သစ် Mahathir Mohamad ကလည်း ဒီတွေ့ဆုံမှုအပေါ် အကောင်းမြင်ပြောဆိုပါတယ်။

Mahathir Mohamad, မလေးရှားဝန်ကြီးချုပ်

“ဆွေးနွေးမှုကနေ ကောင်းမွန်တဲ့ ရလာဒ်ကို လိုလားတယ်ဆိုရင်တော့ တချို့ ကိစ္စရပ်တွေမှာ ၂ ဖက်စလုံး လိုလိုလားလား အပေးအယူလုပ် ညှိုနှိုင်းသွားဖို့ ပြင်ဆင်ထားရမှာ ဖြစ်တယ်ဆိုတာ ၂ ဖက်စလုံး လက်ခံထားကြမယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ၂ ယောက် လက်ဆွဲနှုတ်ဆက်ကြတာကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့အချိန်မှာတော့ တောင်ကိုရီးယားမြို့တော် ဆိုးလ်က ပြည်သူတွေ လက်ခုပ်သြဘာပေးပြီး ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။ ပြည်သူတချို့ကတော့ Kim အနေနဲ့ နျူကလီးယားလက်နက် တကယ်စွန့်ပါ့မလားဆိုပြီး သံသယရှိနေပေမယ့် အများစုကတော့ ဒီသမိုင်းဝင်တွေ့ဆုံမှုအပေါ် အကောင်းမြင်ကြိုဆိုခဲ့ကြပါတယ်။

ဂျပန်နိုင်ငံရဲ့ အကြီးဆုံးသတင်းစာတိုက်ဖြစ်တဲ့ the Yomiuri Shimbun က ထိပ်သီးဆွေးနွေးပွဲစတင်ပြီး မိနစ် ၉၀ အကြာမှာ ဂျပန်နဲ့ အင်္ဂလိပ်ဘာသာတို့နဲ့ ရိုက်နှိပ်ထားတဲ့ အချပ်ပိုကို အဓိက မြို့ကြီးတွေမှာ အခမဲ့ ဖြန့်ဝေခဲ့ပါတယ်။ တိုကျိုမြို့ ဘူတာမှာတင် အစောင်ရေ ၅၀၀ က ခဏလေးနဲ့ ကုန်သွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG