သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားသားအခြေချသူ လက်ခံမယ့်အစီအစဉ် စင်္ကာပူမှာဆန့်ကျင်


စင်ကာပူနိုင်ငံမှာ ပြည်ပက အခြေချနေထိုင်သူတွေကို လက်ခံပေးပြီးတော့ နိုင်ငံရဲ့ လူဦးရေကို တိုးမြှင့်ဖို့ အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ ရှားရှားပါးပါး အစိုးရဆန့်ကျင်ဆန္ဒပြပွဲမှာ လူပေါင်း ထောင်ပေါင်းများစွာ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။ လက်ရှိ လူဦးရေ ၅.၃ သန်းကနေ ၃၀ ရာခိုင်နှုန်း တိုးမြင့်မယ့် အစိုးရရဲ့ အစီအစဉ်ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေး၊ မကျေနပ်ကြောင်းရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီးတော့ မိုးထဲရေထဲမှာ ဆန္ဒပြခဲ့ကြတာပါ။

လက်ရှိ အာဏာရ People’s Action Party က ဒီအစီအစဉ်ကို အဆိုပြုချက် မူကြမ်းကို ဇန်နဝါရီလထုတ် မူဝါဒရေးရာ စာစောင်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ သားဖွားနှုန်းနည်းပါးတာကို တန်ပြန်ဖို့ရယ်၊ ငွေရောင်ဆူနာမီ ဒီရေလှိုင်းလို့ခေါ်တဲ့ အသက်ကြီးရင့်သူတွေ ပိုပြီးတော့ များလာတာရယ်ကို ကာမိဖို့အတွက် လူဦးရေ တိုးပွားဖို့လိုတယ်လို့ အစိုးရက ပြောပါတယ်။

ပြည်ပက အခြေချနေထိုင်သူတွေ များပြားလာရင် နိုင်ငံရဲ့ လူဦးရေ ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆန့်ကျင်ဆန္ဒပြသူတွေကတော့ နိုင်ငံခြားသားတွေ အများကြီး ရောက်လာမယ်ဆိုရင် စင်ကာပူရဲ့ ယဉ်ကျေးမှု အမှတ်အသားတွေ ပျောက်သွားနိုင်တယ်လို့ ပြောနေတာပါ။ နေထိုင်သူတွေ အများကြီး တိုးလာရင်လည်း အိမ်ဈေးတွေ၊ အခွန်အကောက်တွေ မြင့်နေပြီးသား အခြေအနေ ပိုဆိုးသွားမယ်လို့ ပြောကြပါတယ်။
XS
SM
MD
LG