သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆိုတော်ခင်မောင်တိုး ကွယ်လွန်


အဆိုတော်ခင်မောင်တိုး မကွယ်လွန်ခင် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခဲ့စဉ်။
အဆိုတော်ခင်မောင်တိုး မကွယ်လွန်ခင် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခဲ့စဉ်။
ကိုယ်ပိုင်သံစဉ်တွေကိုသာ အဓိကသီဆိုခဲ့တဲ့ နိုင်ငံကျော်အဆိုတော် ခင်မောင်တိုး ဒီနေ့မနက်ပိုင်း စင်္ကာပူနိုင်ငံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုသားညွန့်ဦးက တင်ဆက်ပေးထားပါတယ်။

အသက် ၆၂နှစ်အရွယ် အဆိုတော် ခင်မောင်တိုးဟာ ဒီကနေ့မနက်ပိုင်း ဒေသစံချိန် ၈နာရီကျော်မှာ စင်ကာပူနိုင်ငံမှာ အသည်းရောဂါနဲ့ကွယ်လွန်သွားတာဖြစ်ပါတယ်။ အသည်းရောဂါကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းကတည်းက စင်ကာပူနိုင်ငံမှာ ဆေးဝါးကုသမှုခံယူနေတာဖြစ်ပါတယ်။ ကိုခင်မောင်တိုးရဲ့ မိသားစုဝင်တွေလည်း အခု စင်ကာပူနိုင်ငံကို ရောက်ရှိနေပြီး၊ ကျန်နေတဲ့ သူ့ရဲ့ရုပ်ကြွင်းကို စင်ကာပူနိုင်ငံမှာပဲ သဂြိုလ်မှာဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ်တွေကို အဓိကထား သီဆိုခဲ့တဲ့ အဆိုတော်ခင်မောင်တိုး ကွယ်လွန်မှုဟာ မြန်မာ့ဂီတလောကအတွက် ကွက်လပ်တစ်ခုဖြစ်သွားစေတယ်လို့ အဆိုတော် မမီမီဝင်းဖေက ပြောပါတယ်။

"မမီတို့ ဂီတလောကမှာ ကိုထီး ကိုတိုးဆိုပြီးတော့ တကယ့်လူကြီးပေါ့ မမီတို့ဂီတလောက အတွက် တကယ့်ကိုအရေးပါတဲ့ မပါမဖြစ် လူကြီးနှစ်ယောက်ရှိပါတယ်။ ကိုထီးဆုံးတုန်းကတော့ မမီတို့ မြန်မာ့ဂီတလောကရဲ့ကွက်လပ်ကြီးဖြစ်သွားပြီအပေါက်ကြီးတစ်ခုဖြစ်သွားတယ်လို့ ပြောခဲ့တယ်။ အခုတော့ အပေါက်ကြီးက နှစ်ခုဖြစ်သွားတာ ပေါ့နော်။ နောက်ပြီးတော့ ဂီတလောက အတွက်လည်း ကိုယ်ပိုင်ဖန်တီးမှု တွေနဲ့ခိုင်ခိုင်မာမာရှိတဲ့ရိုသေလေးစားရတဲ့လူကြီးတစ်ယောက်ဆုံးရှုံးသွားတာပေါ့နော်။ မနှစ်ကနှစ်ဆုံးပိုင်း နိုဝင်ဘာလ ကနေပြီးတော့ ၂၀၁၂ နှစ်ဆန်းပိုင်း ဇန်နဝါရီ အလယ်လောက်အထိ သူက အမေရိကားကို ဖျော်ဖြေရေးခရီးလာခဲ့တယ်။ မမီက ကိုထီးဆုံးပြီးတဲ့ နောက်ပိုင်းမှာ မမီရဲ့ လေးစားတဲ့ အကိုကြီးနှစ်ယောက်ထဲက တစ်ယောက်ပဲရှိခဲ့တယ်ဆိုပြီး မမီအရမ်း အလေးထားပြီးတော့ ရပ်ဝေးတိုင်းပြည်နဲ့ အဝေးကြီးမှာ ရောက်နေတဲ့အချိန်မှာ
မမီ ဝမ်းသာအားရနဲ့ ကိုတိုးလာတဲ့အချိန်မှာ ဂရုစိုက်ခွင့်ရခဲ့တယ်ပေါ့လေ။ ဒါလေးကိုပဲ ပြန်ပြီးတော့ တွေးတွေးပြီးတော့ ဖြေသိမ့်ပါတယ်"

စစ်ကိုင်းတိုင်း မော်လိုက်ဇာတိဖြစ်တဲ့ ကိုခင်မောင်တိုးဟာ ၁၉၆၆ ခုနှစ်မှာ ရန်ကုန် စက်မှုတက္ကသိုလ်မှာ ပညာသင်ရင်း ဂီတအနုပညာဖက်ကို ပိုပြီး အလေးပေး လုပ်လာတာကြောင့် ကျောင်းမပြီးခဲ့ပါဘူး။

စက်မှုတက္ကသိုလ်ကျောင်းတက်စဉ်ကတည်းက တေးရေးကိုမောင်မောင် ကိုရဲလွင်တို့နဲ့အတူ ကိုယ်ပိုင်သံစဉ် တေးသီချင်းတွေကို စတင် ရေးသားခဲ့သူပါ။ ဒီနောက် ကိုရဲလွင်တို့နဲ့အတူပဲ 'လိစ္ဆဝီ' တေးဂီတ အဖွဲ့ ဖွဲ့စည်းရာမှာ ပါဝင်ပြီး တေးသီချင်းတွေ စတင်ထုတ်ဝေခဲ့ပါတယ်။ မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့ဆိုပြိး နောက်မည်ပြောင်းပြီးနောက် မဟာဆန်သူဆိုတဲ့ တေးစီးရီးကလည်း လူငယ်တွေအကြား အထူးရေပန်းစားပြီး ခင်မောင်တိုးဆိုတဲ့ အမည် တွင်ခဲ့တာပါ။

အဆိုတော်ခင်မောင်တိုး ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ဝေဝေခိုင်နှင့် သားသမီး ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။

ကိုခင်မောင်တိုးရဲ့နောက်ဆုံး စင်မြင့်ဂီတပွဲကတော့ သြဂုတ်လအတွင်းက ၈၈ မျိုးဆက်ကျောင်းသားများ ပြုလုပ်သည့် ဂီတဝဿန်ရံပုံငွေရှာဖွေတဲ့ပွဲ ဖြစ်ပါတယ်။ ကိုခင်မောင်တိုးဟာ မကွယ်လွန်ချိန်မှာ အမေရိကန်ပြည်ထောင်စုကို လာရောက်စဉ် ဗွီအိုအေကနေ သူ့ကိုဆက်သွယ်မေးမြန်းခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူ့ရဲ့အနုပညာနဲ့ ပါတ်သက်လို့ ယူဆချက်နဲ့ပါတ်သက်လို့ ပြောပြခဲ့တာကို အမှတ်တရ ထုတ်လွှင့်လိုက်ပါတယ်။

"သီချင်းတွေအကုန်လုံးက သူ့ဖာသာသူ ဆိုင်ရာဆိုင်ရာတွေကတော့ရှိပါတယ်။ ကျနော်သန်တာကတော့ စိတ်ပိုင်းဆိုင်ရာ မြင့်မြတ်မှုကို ဖြစ်စေတဲ့သီချင်းတွေကို ဆိုရတာပိုပြီးတော့ အဆင်ပြေတယ်။ ပိုပြီးတော့လည်း လိုက်ဖက်မယ်လို့ထင်ပါတယ်။ နောက်ပြီးတော့ ဘဝသီချင်းတွေဆိုရတာလည်း သဘောကျပါတယ်။ သီချင်းတွေကြောင့် လူတွေစိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲသလို လူတွေကို မူတည်ပြီးတော့လည်း သီချင်းတွေကပြောင်းရတယ်။ လူ့ရဲ့ ဖြစ်စဉ်တွေ မူတည်ပြီးတော့လည်း သီချင်းတွေဟာ မွေးဖွားလာတယ်။ ဒီလိုပဲအပြန်အလှန်ပါပဲ။ ဆိုချင်ပြီးတော့မဆိုရတာတွေလည်းရှိတယ်။ မဆိုချင်ဘဲနဲ့ ဆိုရတာတွေလည်းရှိပါတယ်။ အဲဒါတော့ တစ်ချို့ကိစ္စတွေမှာ မလွဲမရှောင်သာ အကျဉ်းအကျပ်အနေအထားတွေမှာ ဆိုရတာတွေ ကြုံဖူးပါတယ်။ ဒါပေမယ့် စိတ်ပါတယ် မပါဘူးကတော့ ကိုယ်နဲ့ပဲဆိုင်ပါတယ်။ စိတ်ဝင်စားမှုရှိတယ် မရှိဘူးပေါ့။ အချို့ကိစ္စတွေကျတော့ ဆိုချင်ပေမယ့်လည်း မဆိုရတာတွေရှိတယ်။ အဲလိုသီချင်းမျိုးတွေ မဆိုခဲ့ရတာတွေ ရှိပါတယ်"

ကိုယ်ပိုင်သံစဉ်တွေကိုသာ အဓိက သီဆိုတဲ့ နိုင်ငံတော်အဆိုတော် ခင်မောင်တိုး အမေရိကန်ပြည်ထောင်စုကို ပြီးခဲ့တဲ့ နှစ်တုန်းကလာရောက်ခဲ့တုန်းက ဗွီအိုအေ နဲ့ တွေ့ဆုံမေးမြန်းခမ်းမှာ ဦးခင်မောင်တိုးပြောသွားခဲ့တဲ့ သူ့ရဲ့အနုပညာ အပေါ်ယူဆချက်တစ်ချို့ကို အခုအမှတ်တရအနေနဲ့ ပြန်လည်ထုတ်လွှင့်ပေးလိုက်တာပါ။
XS
SM
MD
LG