သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆိုတော် လားရှိုးသိန်းအောင်ကွယ်လွန် (အသက် ၇၃နှစ်)


နိုင်ငံကျော်အဆိုတော် လားရှိုးသိန်းအောင်
နိုင်ငံကျော်အဆိုတော် လားရှိုးသိန်းအောင်

မြန်မာ့စတူဒီယိုလောကရဲ့ ခေတ်ဦးပိုင်းမှာ နာမည်ကျော်ကြားခဲ့တဲ့ အဆိုတော် လားရှိုးသိန်းအောင် (ခေါ်) ဂျင်မီဂျက်ဟာ သူလက်ရှိနေထိုင်တဲ့ အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် Houston မြို့မှာ ဒီဇင်ဘာ လ ၂၈ ရက် သောကြာနေ့ နေ့လည်ပိုင်းက အသက် ၇၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ ပါတယ်။ လားရှိုး သိန်း အောင်ရဲ့ တေးဂီတနဲ့ သူ့ကိုကြုံတွေ့ခဲ့သူတွေရဲ့ အမှတ်တရစကားတွေကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

နိုင်ငံကျော် အဆိုတော် လားရှိုးသိန်းအောင်တယောက် နှလုံးရောဂါနဲ့ ကွယ်လွန်သွားတဲ့အကြောင်း သူ့နဲ့ တမြို့တည်း နေထိုင်သူလည်းဖြစ် အပျော်တမ်းဖျော်ဖြေရေး အိမ်ပါတီပွဲတွေမှာ ဆုံတွေ့နေကျဖြစ်တဲ့ တက္ကဆက်ပြည်နယ် Houston မြို့က ဦးခင်မောင်ညွန့်က အမှတ်တရ စကားတွေ ပြောလာပါတယ်။

“နှလုံးရောဂါနဲ့ သေတယ်လို့ ပြောတယ်။ အသက်က ၇၃ နှစ်၊ နောက်ဆုံး ဆုံလိုက်တာတော့ သူငယ်ချင်းတယောက်ရဲ့အိမ်မှာ ပါတီပွဲလုပ်တဲ့အခါကျတော့ ဆုံကြတယ်။ ဆုံပြီးတော့ သီချင်းတွေဘာတွေ ကာရာအိုကေ ဆိုကြတာပေါ့ဗျာ။ သူ့သီချင်းတွေထဲမှာ ဆိုရင်တော့ 'လယ်သူမလေးချစ်သူ' ဆိုတဲ့ဟာမျိုးပေါ့၊ 'နှုတ်မဆက်နဲ့ငိုချင်တယ်'- အဲလို သီချင်းမျိုးတွေကျတော့ တော်တော်လေး ကြိုက်ပါတယ်။ အမေတခု သားတခုကတော့ နာမည်ကြီးပေါ့လေ။ ကျနော်တို့လည်း ကြိုက်ခဲ့တာပဲ။ ကိုယ့်မိဘနဲ့ ခွဲနေရတဲ့အခါကျတော့ အဲဒီ သီချင်း ပိုတောင် သတိရသေးတယ်။ အသံကို သူ သိတယ်။ လူတယောက်ရဲ့အသံကို နားထောင်လိုက်တာနဲ့ ဘယ်သီချင်းမျိုးနဲ့မှ ကိုက်တယ်ဆိုတာ သူက အဲလို၊ ဒီလူရဲ့အသံက အတော်ကောင်းတယ်ဗျ။ သူက တီးလုံးတခုကိုကြားလိုက်တာနဲ့ ဘယ်ကီးနဲ့ဆိုတာ သူက ကီးဝင်အောင် ချက်ခြင်း ဆိုလို့ရတယ်။ အားနေရင် ဂစ်တာလေးတီးလိုက်၊ ဆိုလိုက်.. ဆိုတော့ သံစဉ်တွေကို ၊ ကီးတွေကို ချက်ခြင်း ချက်ခြင်းကို ရတယ်။”

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှာ နေထိုင်တဲ့ တိုင်းသိပြည်သိ အဆိုတော်ဖြစ်သူ ဒေါ်မာမာအေး ကတော့ လားရှိုးသိန်းအောင်ဟာ ဂီတကို ရူးသွပ်သူတဦး ဖြစ်တယ်လို့ဆိုရင်း သူ့အကြောင်းတွေကို ပြန်ပြောင်း ပြောပြပါတယ်။

“သူ့ကို လားရှိုးသိန်းအောင်ဆိုတာထက် ဂျင်မီလို့ပဲ ခေါ်တာများပါတယ်။ ဂျင်မီဂျက် ဆိုလည်း လူတိုင်းက သိပါတယ်။ ဘယ်လိုခေါ်မလဲ၊ သူ့ရဲ့သီချင်းလို့ဆိုပြီးတော့ သိရတဲ့ မုန်းမုန်းမေ့မေ့ တို့ ဘာတို့ ရှိတယ်လေ။ အဲဒီသီချင်းတွေကို မသည်းအူ (ရုပ်ရှင်) မှာ ဆိုပေးတဲ့အခါတုန်းက သူ့နဲ့ မတွေ့ဘူးသေးဘူး။ သူရေးတယ်လို့သာပဲ ကြားဖူးတာပဲရှိတာ။ အများကြီးပါပဲ.. သူဆိုတာတွေကတော့။ ဒါပေမယ့် အဲဒီအထဲမှာတော့ ကိုယ်က ဗမာလည်းဆန်တယ်၊ တကယ်လည်း အမေတယောက်ကို လွမ်းတယ်ဆိုတဲ့ အသံမျိုးနဲ့ ဆိုတဲ့ဟာ- အမေတခု သားတခုကတော့ ကိုယ်အကြိုက်ဆုံး သီချင်းဖြစ်နေတယ်။ ဒီဘက်ကို ကိုယ်တို့ ရောက်လာခဲ့တဲ့ အခါကျတော့လည်း အန်တီအေးနေတဲ့ ဖို့ဝိန်းမှာလည်း သူတို့ community ပွဲတွေမှာဆို လာပြီးတော့ ကူကြဖူးပါတယ်။ ဒါပေမယ့် ပွဲတခု လုပ်လို့ရှိရင်လည်း လာမလား၊ လာမလား နဲ့ တထိတ်ထိတ် စောင့်ရတဲ့ကိစ္စကလည်း သူက လုပ်တတ်တယ်။ ဒါပေမယ့် တကယ်လို့ ရောက်လာပြီ ဆိုလို့ရှိရင်လည်း မိုက်ကရိုဖုန်းကို လုံးဝကို မလွှတ်ဘဲနဲ့ကို ရှိသမျှပွဲမှာ မလွှတ်ဘဲကို ဆိုတတ်တဲ့ ပါဝါလည်းရှိတယ်။ တကယ်လည်း ဆိုတတ်တယ်။ တကယ်လည်း ဆိုပြပါတယ်။ အဲလို စိတ်မျိုးတော့ ရှိပါတယ်။ ဘယ်လိုခေါ်မလဲ၊ ဂီတကိုတော့ တော်တော်ကို ရူးသွပ်တာပါပဲ။ သူကိုယ်တိုင်ရေးတဲ့ သီချင်းတွေလည်း အများကြီးရှိပါတယ်။ ဒီမှာကျမှ သူရေးတာတွေလည်း ရှိတယ်။ သူကလည်း လူချစ်အောင်လည်း နေတတ်ပါတယ်။ နောက်ပြီးတော့ ပွဲလည်း ထိန်းနိုင်တဲ့ အနုပညာရှင်မျိုးပါ။ နှုတ်မဆက်ချင်ပေမယ့်လို့ နှုတ်ဆက်ရမှာပဲ။ ဘယ်သူပဲဖြစ်ဖြစ်ပါနော်။ တို့လည်းပဲ တချိန်ချိန်မှာ သွားရမှာပဲ။ သူ့ဟာသူ ဘယ်ဘာသာပဲဖြစ်နေနေ၊ တို့က ဗုဒ္ဓဘာသာဆိုတော့ ကောင်းရာမွန်ရာ ရောက်ပါစေ-လို့ ဆုတောင်းရမှာပေါ့ကွယ်။”

အဆိုတော်ကြီး လားရှိုးသိန်းအောင်ရဲ့ နာမည်ကြီး သီချင်းတွေထဲမှာ “အမေတခု သားတခု” ၊ “နှုတ်မဆက်နဲ့ ငိုချင်တယ်”၊ “ပန်းဘုရင်မလေး”၊ “မုန်းမုန်းမေ့မေ့” ၊ “စက်ခေါင်းအမှတ် ၀၀၉” စတာတွေဟာ နာမည်ကြီးခဲ့ ပါတယ်။

လားရှိုးသိန်းအောင်ဟာ အာဏာရှင် ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက် ၁၉၇၂ ခုနှစ် နောက်ပိုင်း တောခိုခဲ့ဖူးပြီး၊ နောက်ပိုင်းမှာ အမေရိကန် ပြည်ထောင်စုကိုရောက်ရှိ အခြေချခဲ့သူဖြစ်ပါတယ်။ မြန်မာနိုင်ငံက ထွက်ခွာလာပြီး နှစ်ပေါင်း ၄၀ ကျော်အကြာ ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်ပြီး၊ တကိုယ်တော် ဂီတဖျော်ဖြေပွဲ လုပ်ခဲ့ပါတယ်။

အဆိုတော် လားရှိုးသိန်းအောင်ကို ၁၉၄၆ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အသက် ၇၃ နှစ်အရွယ်မှာ ကွယ်လွန်သွား တာပါ။ ကွယ်လွန်ချိန်မှာ စပိန်နွယ်ဖွား အမေရိကန်နိုင်ငံသူ ဇနီးနဲ့ သမီးတယောက်၊ သား ၂ ယောက် ကျန်ရစ်ခဲ့ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG