ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တရုတ်နိုင်ငံကို ဒီလနှောင်းပိုင်းမှာ လာရောက်လည်ပတ်ဖို့ရှိတယ်လို့ တရုတ်နိုင်ငံက ဒီကနေ့ သောကြာနေ့မှာ ကြေငြာပါတယ်။ ဒီခရီးစဉ်ဟာ ၂၀၁၁ ခုနှစ် ကစလို့ ဂျပန်ဝန်ကြီးချုပ်ရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး ပြိုင်ဘက်နှစ်နိုင်ငံကြား နောက်ဆုံးတွေ့ရတဲ့ နွေးထွေးတဲ့ လက္ခဏာလည်းဖြစ်ပါတယ်။
တရုတ်-ဂျပန် နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးနဲ့ မိတ်ဖက်သဘောတူညီမှုအတွက် လက်မှတ်ရေးထိုးခဲ့တဲ့ Sino-Japan မဟာမိတ်စာချုပ် အနှစ် ၄၀ မြောက်နှစ်ပတ်လည် အခမ်းအနား ကျင်းပဖို့ အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ဂျပန်ဝန်ကြီးချုပ် လာရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Lu Kang ကပြောပါတယ်။ ဒီအလည်အပတ်ခရီးစဉ်ကနေ နှစ်နိုင်ငံအပြန်အလှန် ဆက်သွယ်မှုတွေ တိုးမြှင့်လာစေမယ့်အပြင်၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေလည်း လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်သွားစေမယ်လို့ ပြောခွင့်ရသူ Lu Kang ကဆိုပါတယ်။ Sino-Japan စာချုပ်ကို ၁၉၇၈ ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့မှာ ရေးထိုးခဲ့တာပါ။ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အပြည်ပြည်ဆိုင်ရာ အခမ်းအနားတွေရဲ့ ဘေးပန်းမှာ အကြိမ်ကြိမ် သီးခြားတွေ့ဆုံခဲ့ကြပေမယ့် ၂၀၁၁ ခုနှစ်နောက်ပိုင်းဂျပန်ဝန်ကြီးချုပ်တွေ တရုတ်နိုင်ငံကို တရားဝင်သွားရောက်ခြင်းမရှိသလို တရုတ်ဘက်ကလည်း၂၀၁၀ နောက်ပိုင်း ဂျပန်ကို တရားဝင် လာရောက်ခြင်းမရှိခဲ့ပါဘူး။ အရှေ့တရုတ်ပင်လယ်တွင်းကျွန်းစုတွေနဲ့ပတ်သက်ပြီး နယ်မြေပိုင်ဆိုင်မှုအငြင်းပွါးရာက ၂၀၁၂ခုနှစ်နောက်ပိုင်း တရုတ်နဲ့ ဂျပန်တို့ရဲ့ ဆက်ဆံရေးတွေ ဆိုးရွားလာခဲ့တာလည်းဖြစ်ပါတယ်။