သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပျံလွန်မှု ခွင့်လွှတ်ဖို့ သီတဂူဆရာတော် တိုက်တွန်း


ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ကို သွားရောက်ပြီး စစ်တပ်ပစ်ခတ်မှုကို သည်းခံခွင့်လွှတ်ဖို့ သီတဂူဆရာတော် တိုက်တွန်းဟောပြော။
ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ကို သွားရောက်ပြီး စစ်တပ်ပစ်ခတ်မှုကို သည်းခံခွင့်လွှတ်ဖို့ သီတဂူဆရာတော် တိုက်တွန်းဟောပြော။

ဇွန်လ ၁၉ ရက်နေ့က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ကမ္မရွာအနီး စစ်တပ်ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်ခဲ့တဲ့ အဖြစ်ကို သည်းခံခွင့်လွှတ်ဖို့ သီတဂူဆရာတော်ကြီးက တိုက်တွန်းခဲ့ပါတယ်။ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကို ရွှေကျင်သာသနာပိုင် ဘဒ္ဒန္တဉာဏိဿရက ဒီနေ့သွားရောက်ပြီး မိန့်ကြားခဲ့တာပါ။

"တိုင်းပြည်ရဲ့အခြေအနေအရ ညီညွတ်ဖို့ရာ သိပ်အရေးကြီးနေတဲ့အတွက် နိုင်ငံတော်အစိုးရနဲ့ သံဃာ လက်မတွဲနိုင်ရင် တပည့်တော်တို့ တိုင်းပြည်ဟာ ဒုက္ခဖြစ်စရာ အများကြီးရှိတယ်၊ အဲဒါကြောင့် တိုင်းသူပြည်သား လူအများကို ပြန်ငဲ့ညှာ၊ တိုင်းပြည်ရဲ့ စည်းကမ်းတည်တံ့ဖို့ ယူနီယံယူနိုက်တက် (Union united) ဆိုတဲ့ ညီညွတ်မှုကိုလည်းပဲ အားပေးတဲ့အနေနဲ့ သည်းခံတော်မူကြပါ၊ ခွင့်လွှတ်တော်မူကြပါ၊ မေ့ပျောက်တော်မူကြပါ။ ပြန်ပြင်လို့ မရတဲ့ ဒီအမှားကို တစုံတယောက်ကမှားတဲ့ ဒီအမှားကို တပည့်တော်တို့ သံဃာတော်တွေက အားပေးမိရာ မရောက်အောင်၊ ထပ်ပြီးတော့လည်း မမှားအောင် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း မေ့ပျောက်ခြင်းဖြင့် ထိမ်းသိမ်းစောင့်ရှောက်တော်မူကြပါဘုရား" လို့ သီတဂူဆရာတော်ကြီးက မိန့်ကြားခဲ့တာပါ။

ဗုဒ္ဓသာသာသနာရဲ့ အုတ်မြစ်ဟာ သည်းခံခြင်း ဖြစ်တယ်ဆိုတာကိုလည်း သူက ဥပမာတွေ ပေးပြီးတော့လည်း မိန့်ကြားခဲ့ပါတယ်။ သူ့အနေနဲ့ တနင်္ဂနွေနေ့ကျရင် Switzerland နိုင်ငံမှာ ဆေးကုသဖို့ သွားမှာဖြစ်လို့ ၂၇ ရက်နေ့ ကျင်းပမယ့် ဈာပနအခမ်းအနားကို တက်နိုင်မှာ မဟုတ်ဘူးလို့လည်း အသိပေးခဲ့ပါတယ်။

ဇွန်လ ၁၉ ရက်နေ့က ကမ္မရွာနာမှာ ဝင်းနိမ္မိတာရုံ ကျောင်းထိုင်ဆရာတော်ကြီး စီးလာတဲ့ကားကို စစ်ကားက ပစ်ခတ်လို့ ဆရာတော်ကြီး သေနတ်ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူခဲ့တာပါ။ အဲဒီနေ့က အဖြစ်အပျက်နဲ့ ပတ်သက်လို့ စစ်ကောင်စီက ရှင်းလင်းခဲ့တာမှာ လုံခြုံရေးအခြေအနေတွေ ရှုပ်ထွေးနေစဉ် ကားတစီးကို ပစ်ခတ်ခဲ့မိခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့ပါတယ်။

ပစ်ခတ်မိတဲ့ ကားပေါ်မှာ သံဃာတော်တွေ ပါသလားဆိုတာကို တိတိကျကျ မပြောပေမဲ့ သံဃာတော်တွေ စီးလာတဲ့ ကားပစ်ခံရတဲ့နေရာမှာ စစ်တပ်က ကားတစီကို ပစ်ခတ်ခဲ့ပုံကို ရှင်းလင်းပြောခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို အသေးစိတ် ထပ်မံစစ်ဆေးနေတယ်လို့လည်း ဆိုခဲ့ပါတယ်။ ပရိယတ္တိသာသနာမှာ တန်ဖိုးရှိ ထင်ရှားတဲ့ ဆရာတော်တပါးကို ဆုံးရှုံးရတဲ့အပေါ် များစွာဝမ်းနည်းတယ်လို့ စစ်ကောင်စီ ပြောခွင့်ရကပြောပေမဲ့ တောင်းပန်ခြင်းတော့ မရှိပါဘူး။

အခုလို ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရတဲ့ ပစ်ခတ်မှုအပါအဝင်၊ စစ်တပ်ရဲ့ လက်လွတ်စပယ် သတ်ဖြတ်မှုတွေရပ်အောင် ကံဆောင်ချိန်ရောက်ပြီလို့ ဆရာတော်ကြီးရဲ့ တပည့်သံဃာဟောင်းတွေက ဆော်ဩထားကြပါတယ်။

ပဲခူးမြို့က အထင်ကရ စာသင်တိုက်ဖြစ်တဲ့ ဝင်းနိမ္မိတာရုံကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ ရွှေကျင်နိသာသနာလုံးဆိုင်ရာ ဗဟိုအလုပ်မှုဆောင် ဆရာတော်တပါး ဖြစ်ပါတယ်။ တိပိဋက ရွေးချယ်ရေး စာမေးပွဲအပါအဝင် ရန်ကုန်၊ မန္တလေး၊ သထုံ၊ စတဲ့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က သံဃာစာမေးပွဲတွေအတွက် စာချ၊ စာသင်ပေးခဲ့တဲ့ ဆရာတော်တပါးလည်းဖြစ်ပါတယ်။ ပျံလွန်တော်မူချိန်အထိ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်က ဝင်းနိမ္မိတာရုံကျောင်း စာသင်တိုက်ကို ဦးစီးပြီး ရဟန်း၊သံဃာတွေကို စာသင်၊စာချ ပို့ချသင်ကြားပေးနေတာဖြစ်ပြီး စာပေးကျမ်းဂန် နှံ့စပ်ကျွမ်းကျင်တဲ့ ဆရာတော်ကြီးတစ်ပါးအဖြစ် ရဟန်းသံဃာထုကြားမှာ ထင်ရှားပါတယ်။

ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို ၉ ရက် အပူဇော်ခံထားရှိမှာဖြစ်ပြီး ဇွန်လ ၂၇ ရက်ကျမှာ ဈာပနအခမ်းအနားနဲ့ မီးသဂြိုလ်မှာ ဖြစ်တယ်လို့ ဈာပနစီစဉ်တဲ့ ဆရာတော်တွေက မိန့်ကြားထားပါတယ်။

Forum

XS
SM
MD
LG