သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတ်လ ၂၁ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဘာတွေ ထူးခဲ့သလဲ


အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတက်ရောက်လာတဲ့ AA တပ်ဖွဲ့ ကိုယ်စားလှယ်များ
အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတက်ရောက်လာတဲ့ AA တပ်ဖွဲ့ ကိုယ်စားလှယ်များ

အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တာဝန်ရှိသူတွေနဲ့ NCA တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ရဲ့ တွေ့ဆုံဆွေးနွေးမှု မတ်လ ၂၁ ရက်နေ့က ကျင်းပပြီးသွားပါပြီ။ နောင်ကျရင် နှစ်ဖက် အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်ကြမယ် ဆိုတာလောက် ပူးတွဲကြေငြာချက် ထုတ်နိုင်ပေမယ့် အခုလို တွေ့ဆုံမှုမျိုး အရင်က မရှိခဲ့ဖူးလို့၊ အဲဒါကိုပဲ ထူးခြားချက်လို့ ပြောနိုင်ပါတယ် ဆိုပြီး သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကတော့ ရည်ညွှန်းပါတယ်။ အစိုးရနဲ့ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တွေ့ဆုံပွဲ အပြီး ထုတ်တဲ့ ကြေငြာချက်မှာ လက်နက်ကိုင် တိုက်ပွဲတွေ လျော့ချနိုင်အောင် လုပ်မယ်၊ ဒေသခံ ပြည်သူတွေ မနစ်နာအောင် နှစ်ဖက်စလုံးက သတိထားကြမယ်၊ နိုင်ငံရေးပြသနာကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းမယ် ဆိုတာမျိုး ပြောနေကြ စကားလုံးတွေပဲ ပါပေမယ့် တခြား ထူးခြားတာလေးတွေတော့ ရှိနေပါသေးတယ်။ ခုတစ်ပတ် အဲဒီအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

ဆွေးနွေးပွဲအတွင်း ထူးခြားတာ တစ်ခုက KIA ကချင်လက်နက်ကိုင် အဖွဲ့ရဲ့ နောက်ဆုံး သဘောထား ရပ်တည်ချက်ကို သိလိုက်ရတာပါ။ KIA ကချင်လက်နက်ကိုင် အဖွဲ့အနေနဲ့ အစိုးရ၊တပ်မတော်နဲ့ နှစ်ဖက် အပစ်အခတ် ရပ်စဲစာချုပ် Bi lateral Agreement ထိုးပြီး သွားဖို့ ဆန္ဒရှိနေပါတယ် လို့ ကချင်လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီးခွန်နောင်က ပြောပါတယ်။ မီးပျက်လို့ ဆွေးနွေးပွဲ ခဏ နားချိန် သတင်းထောက်တွေရဲ့ မေးမြန်းမှုကို သူက အဲလို ဖြေကြားခဲ့တာပါ။ အစိုးရနဲ့ KIA အပစ်အခတ် ရပ် စာချုပ် လက်မှတ်ထိုးနိုင်ရင် စစ်ဘေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူတွေလည်း သူတို့ရပ်ရွာကို ပြန်လည် အခြေချ နေနိုင်မယ်လို့ ဗိုလ်မှူးကြီးခွန်နောင်က ပြောပါတယ်။ ကေအိုင်အေ ဟာ အရင် တပ်မတော်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်က နှစ်ဖက် အပစ်အခတ် ရပ်စဲခဲ့ဖူးပါတယ်။ ၁၇ နှစ်တာ ငြိမ်းချမ်းရေး ရပြီး နောက်ပိုင်း နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ နှစ်ဖက် ပြေလည်မှု မရတဲ့အတွက် ၂၀၁၁ ခုနှစ်မှာ တပ်မတော်နဲ့ ကေအိုင်အေ ပြင်းထန်တဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စတင်ရာမှာ NCA စာချုပ်ပေါ်ပေါက်ဖို့ ဆွေးနွေးရာမှာတော့ ကေအိုင်အေ အဖွဲ့ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် လက်မှတ်ထိုးချိန်မှာတော့ ကိုးကန့်၊ တအဲန်းပလောင် နဲ့ ရခိုင် AA အဖွဲ့တွေကို အစိုးရဘက်က လက်မှတ်ထိုးခွင့် မပေး၊ ချန်လှပ်ထားလို့ ကေအိုင်အေ ကလည်း အားလုံးပါဝင်ရေး မူအရ NCA စာချုပ်ကို လက်မှတ် မထိုးခဲ့ပါဘူး။ လက်မှတ် မထိုးရုံမက နောက်ပိုင်း၊ ရိုးရိုး နှစ်ဖက် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဖို့တောင် စိတ်မဝင်စားခဲ့ပါဘူး။ အဲဒီအချိန်တုန်းက ကေအိုင်အေ ရဲ့ သဘောထားဟာ သူတို့ အနေနဲ့ အရင်က ၁၇ နှစ်လောက်ကြာအောင် အပစ်ရပ်ထားခဲ့ဖူးပြီ။ နိုင်ငံရေးဆွေးနွေးတာ မရှိတော့ ဘာမှ ထူးမလာခဲ့ဘူး။ ဒါကြောင့် နိုင်ငံရေးပဲ ဆွေးနွေးချင်တယ်။ နိုင်ငံရေး ဆွေးနွေးတာ ပြေလည်သွားပြီဆိုရင် စစ်ပွဲတွေ၊ တိုက်ပွဲတွေကလည်း သူ့အလိုလို ရပ်ဆိုင်းသွားမှာပဲ၊ ဒါကြောင့် အပစ်ရပ်ဖို့ မလိုဘူး ဆိုတဲ့၊ အပစ်မရပ်ပဲ နိုင်ငံရေး ဆွေးနွေးမယ့် လမ်းစဉ် ဖြစ်ပါတယ်။

အခု ဗိုလ်မှူးကြီးခွန်နောင် ရဲ့ ပြောစကားအရ ဆိုရင်တော့ ကေအိုင်အေရဲ့ သဘောထား ပြောင်းလဲလာပြီလို့ မှတ်ယူနိုင်ပါတယ်။ သူ့ပြောစကားအရ နှစ်ဖက် အပစ်ရပ် စာချုပ် သီးခြားချုပ်ပြီး တိုက်ခိုက်မှုတွေကို ရပ်စဲထားချင်တယ်၊ NCA စာချုပ်ထဲ ပါဝင်နိုင်ရေးကိုတော့ နောက်ပိုင်း တဖြေးဖြေး ညှိနှိုင်းဆွေးနွေးသွားမယ် ဆိုတဲ့ သဘောမျိုး ဖြစ်ပြီး လက်ရှိ KNPP ကရင်နီ လက်နက်ကိုင် အဖွဲ့ရဲ့ ရပ်တည်ချက် ပုံစံမျိုးဖြစ်ပါတယ်။ KNPP ဟာ အစိုးရနဲ့ အပစ်ရပ်စာချုပ် ချုပ်ဆိုထားပြီး NCA လက်မှတ်မထိုးသေးတဲ့ အဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ သတင်းထောက်တွေလည်း သိချင်၊ ပြည်သူတွေလည်း သိချင်တဲ့ ကိစ္စကတော့ လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က သဘောထား၊ AA ရခိုင်တပ်ဖွဲ့ဘက်က သဘောထားပါ။

ဆွေးနွေးပွဲ အဖွင့်မှာပဲ NRPC ဒုဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက အခုလို ပြောခဲ့ပါတယ်။ “ရခိုင်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေဟာ မည်သည့်အဖွဲ့ကို လက်ခံသည် လက်မခံသည် ဆိုတဲ့ သဘောကြောင့် ဖြစ်ပွားနေခြင်း မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်ဟာ အဖြူရောင် နယ်မြေ ဖြစ်ပါတယ်။ အဖြူရောင်နယ်မြေကို လက်နက်ကိုင် အဖွဲ့အစည်းတွေ အခြေချဖို့ ကြိုးစားခြင်းဟာ ငြိမ်းချမ်း၊ လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်တဲ့အတွက် အစိုးရဘက်က ထိုက်သင့်တဲ့ လုံခြုံရေး ဆောင်ရွက်ချက်တွေကို ဆောင်ရွက်နေခြင်းသာ ဖြစ်ပါတယ် ဆိုတာ နားလည်သဘောပေါက်ပေးဖို့ လိုအပ်တယ် ဆိုတာ တင်ပြလိုပါတယ်။ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ပြီဖြစ်တဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေရဲ့ သင်ခန်းစာနဲ့ အခု လက်ရှိ ရခိုင်ပြည်နယ်က ပြည်သူတွေရဲ့ အခြေအနေတွေဟာ လက်နက်ကိုင်ပြီးတော့ အခွင့်အရေးတွေ တောင်းဆိုနေမယ့်အစား နိုင်ငံရေး စားပွဲဝိုင်းကို လာရောက်ကြဖို့ ကျနော် ဖိတ်ခေါ်ပြီးတော့ ပြောကြားလိုပါတယ်။ NCA လမ်းကြောင်းပေါ်ကို လာကြဖို့ အစိုးရနဲ့ တပ်မတော်ဘက်က အမြဲတမ်းပဲ တံခါး ဖွင့်လှစ်ထားပါတယ်။” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဆွေးနွေးပွဲ ပြီးတဲ့နောက်ပိုင်း NRPC ဘက်က ပြောခွင့်ရ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ AA တပ်ဖွဲ့နဲ့ ပတ်သက်ပြီး ပြောရရင် ကျနော်တို့ တစ်ဖက်ကနေ တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထားပေးတယ်၊ အခြားတစ်ဖက်မှာတော့ အစိုးရ တစ်ရပ် ဖြစ်တဲ့အားလျော်စွာ နယ်မြေ လုံခြုံရေး ကိစ္စတွေ ဆောင်ရွက်ရတာ ရှိတယ်။ အဲဒါကို နားလည်ပေးစေချင်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အစည်းအဝေး တက်လာတဲ့ AA တပ်ဖွဲ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီးကျော်ဟန် ကတော့ “ကျနော်တို့ AA ကတော့ ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရေးဟာ ကျနော်တို့ တာဝန်လို့ သတ်မှတ်ထားတယ်၊ ဒါကြောင့် ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ ရခိုင်ပြည်နယ်မှာ အခြေချရေးပဲ၊ ဒါပေမယ့် ဒါကို တပ်မတော်ဘက်က လက်မခံဘူး။ ဒီကနေ့ ဆွေးနွေး ဆုံးဖြတ်ချက်တွေအတိုင်း နိုင်ငံရေး ပြသနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းတာမျိုး လုပ်ကြမယ် ဆိုရင်တော့ တိုက်ပွဲတွေ လျော့ကျလာဖို့ ရှိပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ ဘာမှ ထူးမှာ မဟုတ်ပါဘူး။” ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဒါကို ကြည့်ရင် ရှေ့လာမယ့် အချိန်ကာလတွေအတွင်း ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေ၊ ပြည်သူတွေရဲ့ ဒုက္ခတွေ အေးငြိမ်းသွားလိမ့်မယ်လို့တော့ မမျှော်လင့်နိုင်သေးပါဘူး။

NRPC နဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ ဆွေးနွေးပွဲ တစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် ပထမ ပြသနာက နှစ်ဖက်စလုံးမှာ အဆုံးအဖြတ် ပေးနိုင်တဲ့သူတွေ ပါမလာတဲ့ ကိစ္စပါ။ ဒါနဲ့ ပတ်သက်ပြီး ၀ တပ်ဖွဲ့ဘက်ကတော့ သူတို့အနေနဲ့ အစိုးရနဲ့ အပစ်ရပ်တာ နှစ် ၃၀ ပြည့်တဲ့ပွဲ ကျင်းပဖို့ ပြင်နေတယ်၊ ဒါကြောင့် ထိပ်ပိုင်းခေါင်းဆောင်တွေ တက်နိုင်မှာ မဟုတ်ဘူး ဆိုပြီး ကြိုပြောထားတာမျိုး ရှိခဲ့ပါတယ်။ အလားတူ အခြားလက်နက်ကိုင် အဖွဲ့တွေကလည်း ဒုတိယတန်း၊ တတိယတန်း ခေါင်းဆောင်တွေလောက်ပဲ စေလွှတ်ခဲ့တာမျိုးပါ။ ဒုတိယ ပြသနာကတော့ အစိုးရဘက်က NCA လက်မှတ်ထိုးရေးကိုပဲ တောင်းဆိုခဲ့တဲ့ ကိစ္စ ဖြစ်ပါတယ်။ တတိယ ပြသနာကတော့ လက်ရှိ လူအများ အာရုံစိုက်နေတဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ပြသနာမှာ AA တပ်ဖွဲ့ ရခိုင်ပြည်နယ်အတွင်း အခြေချရေး သူတို့ရဲ့ ရည်မှန်းချက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားသလို၊ အစိုးရနဲ့ တပ်မတော်ဘက်ကလည်း လုံး၀ လက်မခံပဲ ဆက်ပြီး စစ်ဆင် ခြေမှုန်းမယ့် ပြသနာ ဖြစ်ပါတယ်။ အားလုံးကို ခြုံငုံ သုံးသပ်ကြည့်ရင်တော့ လက်ရှိ ကျင်းပပြီးသွားတဲ့ ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တိုးတက်မှု တစ်စုံတစ်ရာ မတွေ့ရပေမယ့် ပါဝင် ပတ်သက်သူတစ်ချို့ရဲ့ အမြင်တွေ၊ ထူးခြားပြောင်းလဲလာတဲ့ သဘောထား တွေကိုတော့ မြင်တွေ့ခွင့် ရနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG