သုံးရလွယ်ကူစေသည့် Link များ

ကြားဖြတ်နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေအပေါ် ကော်မရှင်ဥက္ကဋ္ဌရဲ့အချက်ပေးသံ


နေပြည်တော်မဲရုံမှာ သမ္မတဦးသိန်းစိန် ဆန္ဒမဲပေးနေစဉ်။ (ဧပြီ ၁၊ ၂၀၁၂)
အခုတလော ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးပြောဆိုချက်တွေဟာ၂၀၁၅ ရွေးကောက်ပွဲအတွက် အချက်ပေး ခေါင်းလောင်းသံ ဖြစ်နေပြီလားဆိုတာ ဒီတပတ်ဆွေးနွေးတင်ပြထားပါတယ်။

ဦးစည်သူအောင်မြင့်။ ။ ပြီးခဲ့တဲ့ သင်္ကြန်မတိုင်ခင် ရက်တွေတုန်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တိုင်းနဲ့ ပြည်နယ်တချို့ကို လှည့်လည်ပြီး နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပါတယ်။ တွေ့ဆုံရာမှာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ သူ ဘယ်လို လုပ်ကိုင်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းတွေ အသိပေးပြောဆိုပါတယ်။ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ပြောဆိုခဲ့တာတွေကတော့ ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်မှုရှိအောင် ဘယ်လို ဆောင်ရွက်ပေးမလဲ ဆိုတာထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံဘက်ကို ဘယ်လို နှိပ်ကွပ်လိုက်မယ်၊ အဲဒီအတွက် သူ့လုပ်ပိုင်ခွင့် ဘယ်လောက် ရှိတယ်ဆိုတာ ထုတ်ပြောမိလိုက်တော့ ဝေဖန်သံတွေ ဆူညံသွားခဲ့ပါတယ်။

နဂိုရ်က ၂၀၁၅ ရွေးကောက်ပွဲဆိုတာ အေးအေးဆေးဆေးပါ ဆိုပြီး စိတ်ချလက်ချ ဖြစ်နေတဲ့ NLD ပါတီ ခေါင်းဆောင်ပိုင်းကိုလည်း အသိတရားရဖို့ လှုပ်နှိုးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။

ဦးတင်အေး ဘာပြောခဲ့ပါသလဲ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆိုတာ ဘယ်သူတွေနဲ့ ဖွဲ့စည်းထားပါသလဲ၊ အရင် စစ်အစိုးရက ပြဌာန်းပေးခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ လက်ရှိ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကို အာဏာဘယ်လောက် အပ်နှင်းထားပါသလဲ၊ ဒီလို အခြေအနေအောက်မှာ ၂၀၁၅ ရွေးကောက်ပွဲ ဘယ်လို ပုံစံ ဖြစ်လာနိုင်ပါသလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒေါ်အင်ကြင်းနိုင်။ ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဦးတင်အေး ပြောသွားခဲ့တဲ့ စကားတစ်ချို့ကတော့ ဒီလိုပါ။

“လာမယ့် ရွေးကောက်ပွဲမှာ Election Campaign (ရွေးကောက်ပွဲမဲဆွယ်မှု) ကာလ သတ်မှတ်ပေးပါမယ်။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ပြောပါ။ မဆိုင်တဲ့လူ လာမပြောနဲ့။ ဝင်ချင်ဝင်၊ မဝင်ချင်နေ။ ကျနော် ဒီမြို့ ဒီရွာမှာ အရွေးခံမယ်ဆို ကျနော်ပြောဖို့ပဲ လိုတာပေါ့။ တခြားလူလာပြောလို့ ဘာလုပ်မတုန်း။ ဒါကြောင့် ကျနော်က အချိန်၊ လူ၊ နေရာ ကန့်သတ်ပါမယ်။ ဒါကကျနော့်လုပ်ပိုင်ခွင့်ထဲမှာ ရှိနေပါတယ်”လို့ ဦးတင်အေးက ဆိုပါတယ်။

အဓိပ္ပာယ်ကတော့ မဲဆန္ဒနယ် တစ်ခုခုမှာ ရွေးကောက်ပွဲလုပ်ရင် အဲဒီ အမတ်လောင်းပဲ ပြောဆိုစည်းရုံးရမယ်၊ တခြား ဘယ်သူမှ မစည်းရုံးရဘူး လို့ ဆိုတာပါ။ ပါတီခေါင်းဆောင်တွေလည်း လာမပြောနဲ့ ဆိုတဲ့ အဓိပ္ပာယ်လည်း ထွက်ပါတယ်။ အတိအလင်း မပြောပေမယ့် ဒါဟာ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ပြောပုံလည်း ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တရားလာမဟောနဲ့၊ မဲ လာမဆွယ်နဲ့ ဆိုတာမျိုး ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးစောနိုင်ကလည်း အတည်ပြုထားပါတယ်။ ဒါက အချက် တချက်ပဲ ရှိပါသေးတယ်။

ဦးစည်သူအောင်မြင့်။ ။ ဦးတင်အေး နောက်ထပ်ပြောတာက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကိစ္စပါ။ “လွတ်လပ်လွန်းတာမှ Election Campaign (ရွေးကောက်ပွဲမဲဆွယ်မှု) ဆိုတာနဲ့တောင် မတူဘူး။ ဆန္ဒပြနေသလား၊ ၈၈ အရေးအခင်းများ ပြန်ရောက်နေသလားမှတ်ရတယ်။ နဖူးစီးလည်းပါတယ်။ ကြယ်ငါးပွင့် အလံ လည်းပါတယ်။ဘယ်သူကမှလည်း ကန့်ကွက်သူမရှိဘူး။ ကန့်ကွက်ရင် ကျနော် အရှုံးပေးပစ်မှာပါ။ ၂၀၁၅ မှာ ကန့်ကွက်ပါ။ ကျနော်အရှုံးပေးပစ်ပါမယ်။ ဒါက ဥပဒေဖောက်ဖျက်ပြီးလုပ်တာပဲ။ အလံဥပဒေဆိုတာ ရှိပါတယ်” -ပါတဲ့။ ဒီ ပြောစကားတွေဟာလည်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကို ရည်ရွယ်တယ်ဆိုတာ အားလုံးနားလည်ကြပါတယ်။

သူပြောဆိုတာတွေကို ခြုံပြောရရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ၂၀၁၂ ပုံစံ ကျင်းပပေးတော့မှာ မဟုတ်ဘူး။ အဲဒီအတွက် ဥပဒေက ပေးထားတဲ့ လုပ်ပိုင်ခွင့် သူ့မှာ အများကြီးရှိတယ်။ အဲဒါတွေ သုံးမယ်၊ ဘယ်လောက်အထိ သူ့လုပ်ပိုင်ခွင့် ကြီးသလဲ ဆိုရင် တကယ်လို့ ကန့်ကွက်သူသာရှိခဲ့ရင် တစ်ဖက် အနိုင်ရသူကိုတောင် အရှုံးပေးလိုက်နိုင်သည်အထိ လုပ်ပိုင်ခွင့် ရှိတယ် ဆိုတဲ့အထိ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အင်ကြင်းနိုင်။ ။ လက်ရှိ ရွေးကောက်ပွဲကော်မရှင်ကိုကြည့်လိုက်ရင် ဥက္ကဋ္ဌဟာ အငြိမ်းစား စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး ကော်မရှင် တာဝန်ရှိသူ အဆင့်ဆင့်ဟာလည်း စစ်ဗိုလ်ဟောင်းတွေနဲ့ပဲ စနစ်တကျ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ကော်မရှင် တစ်ခုလုံးကို ခြုံကြည့်ရင် ရွေးကောက်ပွဲတစ်ခုကို သမာသမတ်ကျအောင် ဒိုင်လူကြီးတစ်ယောက်လို ကျင်းပပေးမယ်ဆိုတာမျိုးထက် ရည်မှန်းချက်တစ်ခုကို ပေါက်မြောက်အောင် အကောင်အထည်ဖော်မယ့် စစ်ဆင်ရေးတစ်ခုကို အောင်မြင်အောင် ဆောင်ရွက်မယ့် တပ်ဖွဲ့တစ်ဖွဲ့ပုံစံမျိုးနဲ့ ပိုပြီး တူပါတယ်။

ရွေးကောက်ပွဲအတွက် ပြဌာန်းပေးထားတဲ့ ဥပဒေတွေဟာလည်း အဲဒီအဖွဲ့က ရည်မှန်းချက် ပေါက်မြောက်အောင်မြင်အောင် လုပ်ကိုင် ဆောင်ရွက်နိုင်စေမယ့် ဥပဒေတွေဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နမူနာ တစ်ခုလောက် ထောက်ပြရရင် ပါတီတစ်ခုခုရဲ့ ပါတီဝင် တစ်ယောက်ယောက်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဌာန်းချက်တစ်ခုခုကို ဖောက်ဖျက်ရင် အဲဒီ ပါတီတစ်ခုလုံးကို ကော်မရှင်က ဖျက်သိမ်းနိုင်သည်အထိ လုပ်ပိုင်ခွင့် အာဏာ ပေးထားခြင်းပါ။ ဥပမာအားဖြင့် ပါတီဝင်တစ်ယောက်ယောက် တရားမဝင် အဖွဲ့အစည်းနဲ့ ဆက်သွယ်တာမျိုး၊ နိုင်ငံခြားက ငွေကြေးအထောက်အပံ့ လက်ခံတာမျိုး၊ မူးယစ်ဆေးဝါး အမှုနဲ့ ငြိစွန်းတာမျိုး၊ နိုင်ငံခြားသား အဖြစ် ခံယူထားတာမျိုး၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးတာမျိုး စတာတွေဖြစ်ပါတယ်။ ပါတီဝင်တစ်ယောက်ယောက်က အဲဒီ ပြဌာန်းချက် တစ်ခုခုဖေါက်ဖျက်ရင် ပါတီကို ဖျက်သိမ်းနိုင်သည်အထိ ကော်မရှင်ကို အတိအလင်း လုပ်ပိုင်ခွင့်ပေးထားသလို၊ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ကော်မရှင်ရဲ့ အဆုံးအဖြတ်သည်သာ အတည်ဖြစ်စေရမယ်၊ ဘယ်တရားရုံးမှာမှ တရားစွဲဆိုပိုင်ခွင့် မရှိစေရ ဆိုတဲ့အထိ ပြဌာန်းပေးထားတာ ဖြစ်ပါတယ်။

ဦးစည်သူအောင်မြင့်။ ။ပြောရရင် အရင် စစ်အစိုးရက ပြဌာန်းပေးခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတွေ ဆိုတာဟာ ကော်မရှင်ကို လုပ်ပိုင်ခွင့် အလွန်အကျွံပေးထားတဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ နောက်ပြီး ရွေးကောက်ပွဲကော်မရှင် ဆိုတာဟာလည်း ပါတီအားလုံးက ကြည်ညိုလေးစား သဘောတူထားသူတွေနဲ့ ဖွဲ့စည်းထားတာမျိုးမဟုတ်ဘဲ ရွေးကောက်ပွဲကို စစ်ဆင်ရေးတစ်ခုလို လိုချင်တဲ့ ရလဒ် ပေါ်ထွက်လာအောင် အကောင်အထည်ဖော်မယ့် စစ်အရာရှိဟောင်း အဆင့်ဆင့်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့မျိုးဖြစ်နေတာ မြင်တွေ့နိုင်ပါတယ်။ ဒီ ကော်မရှင်၊ ဒီ ရွေးကောက်ပွဲ ဥပဒေတွေနဲ့သာ ကျင်းပရင် ၂၀၁၅ ရွေးကောက်ပွဲ ဆိုတာ ဘယ်လို တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
XS
SM
MD
LG