သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မှာ ဒုစရိုက်မှုတွေ ပို ထူပြောလာနေပြီလား


ရန်ကုန်
ရန်ကုန်

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ မနက်လင်းအားကြီး ၃ နာရီဝန်းကျင်လောက်က စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းက g&g စတိုးဆိုင်ကို လူငယ်တစ်စု ဝင်ပြီး ဓားပြတိုက်ပါတယ်။ လူငယ်တွေလို့ သိလိုက်ရတာက နောက်ပိုင်း အဲဒီဆိုင်ရဲ့ စီစီတီဗွီ ကင်မရာကို ရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် သိရတာပါ။ သြဂုတ်လ ၁၆ ရက်နေ့မှာတော့ အဲဒီ ဓားပြတိုက် လုယက်မှု တရားခံတွေဖမ်းဆီးရမိပါတယ်၊ နောက်ဆက်တွဲ အမှုတွေနဲ့ တရားခံတွေလည်း ထပ်ပြီး ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒထုတ်ပြန်ချက်အရ g&g စတိုးဆိုင် ၅ ဆိုင် ဓားပြတိုက်ခံရတာကို ဖမ်းဆီးရမိတာပါ။ အလားတူပါပဲ၊ ပြီးခဲ့တဲ့ လ ပိုင်းက အငှားကား တစ်စီးကို အသုံးပြုပြီး ညဘက် ဓားပြလိုက်တိုက်တဲ့ အဖွဲ့တစ်ဖွဲ့ကို မထင်မှတ်ပဲ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါသေးတယ်။ တရားခံတွေ ဖမ်းဆီးရမိပြီးနောက် အဲဒီ အဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ အမှုပေါင်း၂၈ မှု ရှိတယ်ဆိုတာ သိလာရပါတယ်။ ဒါတွေကိုကြည့်ရင် ရန်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ မှုခင်း အရည်အတွက် ဘယ်လောက်တောင် များနေသလဲ၊ တစ်ခုခု မိလိုက်မှ နောက်ဆက်တွဲ အများကြီး ကျူးလွန်ခဲ့တာတွေ ဖော်ထုတ်နိုင်တာကိုကြည့်ရင် ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည် ဘယ်လောက် ကျဆင်းနေပြီလဲ ဆိုတာကိုလည်း မှန်းဆနိုင်ပါတယ်။ ရန်ကုန်မှာ ဒုစရိုက်မှုတွေ ပို ထူပြောလာနေပြီလား၊ ဒီ အတွက် ဘာတွေ လုပ်သင့်သလဲဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

Myanmar Police
Myanmar Police

g&g စတိုးဆိုင်တွေ ဓားပြတိုက် လုယက်ခံရမှုနဲ့ ပတ်သက်ပြီး ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တဲ့ အမှုတွေကတော့ ၂၀၁၇ မတ်လ ၁၈ ရက် မနက် ၄နာရီခွဲ အလုံမြို့နယ် ငုဝါလမ်း g&g စတိုးဆိုင် ဓားပြတိုက်ခံရမှု၊ ဇူလိုင်လ အတွင်း မနက် ၂နာရီ မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းပေါ်က g&g စတိုးဆိုင် ဓားပြတိုက်ခံရမှု၊ သြဂုတ်လ ၁ ရက်နေ့ မနက် ၂နာရီ မရမ်းကုန်းမြို့နယ် အမှတ်(၁) ကျန်စစ်သားလမ်း g&g စတိုးဆိုင် ဓားပြတိုက်ခံရမှု၊ သြဂုတ်လ ၁၁ ရက် မနက် ၁ နာရီ မရမ်းကုန်းမြို့နယ် အင်းစိန်လမ်းနဲ့ ရေခဲလမ်းဒေါင့်က g&g စတိုးဆိုင် ဓားပြတိုက်ခံရမှု၊ သြဂုတ်လ ၁၁ ရက်နေ့ မနက် ၂နာရီ ၄၀က စမ်းချောင်းမြို့နယ် စမ်းချောင်းလမ်း g&g စတိုးဆိုင် ဓားပြတိုက်ခံရမှု တွေပဲ ဖြစ်ပါတယ်။ ဓားပြတိုက် လုယက်သူတွေဟာ မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူတွေ ဖြစ်ကြပြီး အုပ်စုလိုက်၊ ကားတစ်စီး အသုံးပြုကာ ဓားပြတိုက် လုယက်မှုတွေ ကျူးလွန်ခဲ့ကြတယ်လို့ သိရပါတယ်။ ပြစ်မှုကျူးလွန်ရာမှာ တစ်ယောက်က ပတ်ဝန်းကျင် အခြေအနေကို စောင့်ကြည့် သတင်းပေး၊ တစ်ယောက်က အရောင်းစာရေး ဝန်ထမ်းကို ဓားနဲ့ထောက်၊ ကျန်သူတွေက အံဆွဲထဲက ရောင်းရငွေ၊ တယ်လီဖုန်း ငွေဖြည့်ကဒ်တွေ၊ ဆိုင်တွင်း ရှိနေသူတွေရဲ့ မိုဘိုင်းဖုန်း၊ ဝန်ထမ်းတွေရဲ့ လက်ဝတ်လက်စား စတာတွေကို လုယက်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုဓားပြမှုတွေနဲ့ ပတ်သက်လို့ စုစုပေါင်း ၇ ယောက်ဖမ်းဆီးထားပြီး နှစ်ယောက်က လွတ်မြောက်နေဆဲ လို့ ဆိုပါတယ်။ အဲဒီ နှစ်ယောက်ကို ဖမ်းဆီးရမိရင် နောက်ထပ် အမှုတွေလည်း ထပ်ပြီး ပေါ်ပေါက်ကောင်း ပေါက်ပေါက်လာနိုင်ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ မေလ ၂ ရက်နေ့တုန်းကလည်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ပြည်လမ်းပေါ်မှာ ကားတစ်စီး ဓားပြ အတိုက်ခံရပါသေးတယ်။ ဖြစ်စဉ် အကျဉ်းကတော့ ခုလိုပါ။

ပဲခူးမြို့မှာ နေထိုင်တဲ့ အမျိုးသမီးကြီး တစ်ဦးဟာ ကိုရီးယားသွားမယ့် သူ့ရဲ့ သားကို မိသားစုဝင်တွေနဲ့အတူ မင်္ဂလာဒုံ လေယာဉ်ကွင်းကို ကိုယ်ပိုင်ကားနဲ့ လိုက်ပို့ပါတယ်။ အပြန် ကားပေါ်ပါလာတဲ့ ကလေးငယ် တစ်ယောက် အပေါ့သွားချင်တယ် ဆိုလို့ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမပေါ် ဘီအိုစီ မှတ်တိုင်နားမှာ လမ်းဘေးရပ်ပြီး အပေါ့သွားစေပါတယ်။ အဲဒီအချိန် ကယ်လ်ဒီနား အမျိုးအစား အငှားယာဉ်တစ်စီး သူတို့ကားရှေ့ ပိတ်ရပ်၊ ကားပေါ်ပါတဲ့ လူ ၄ ယောက်က အမျိုးသမီးကြီးကို ဓားနဲ့ထောက်ပြီး ပါလာတဲ့ ပိုက်ဆံအိတ်၊ ဆွဲကြိုး၊ နားကပ်၊ လက်စွပ်၊ လက်ကိုင်ဖုန်း စုစုပေါင်း တန်ဘိုး ကျပ် သိန်း ၄၀ ကျော်ဖိုး၊ အားလုံးကို လုယူပြီး သူတို့ကားနဲ့ပဲ ပြန်ထွက်သွားပါတယ်။

အချိန်က ည ၉ နာရီလောက်ပဲ ရှိပါသေးတယ်။ ဓားပြတိုက်ခံလိုက်ရတဲ့ မိသားစု အနေနဲ့ ဖြတ်သွားတဲ့ ဘယ်ကားဆီကမှ အကူအညီ ရခဲ့ပုံ မပေါ်ပါဘူး။ ဒီလိုနဲ့ ပဲခူးက အဲဒီ မိသားစုဟာ မင်္ဂလာဒုံ မြို့မ ရဲစခန်းမှာ အမှုဖွင့်ပြီး ပြန်သွားခဲ့ပါတယ်။ နောက်ထပ် တစ်လကျော်ကြာမှ ရဲတပ်ဖွဲ့ဟာ အဲဒီအမှုကို မတော်တဆ ဖော်ထုတ်နိုင်ခဲ့ပြီး တရားခံတွေကို ဖမ်းမိခဲ့ပါတယ်။

အမှု ဖမ်းမိပုံက ခုလိုပါ။ ဇွန်လဆန်းမှာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေမှာ အပြင်းအထန် နာကျင်စေမှု၊ လုယက်မှုနဲ့ သက်ထွေး (ခေါ်) တိုက်မောင်း (ခေါ်) အသေးလေးလို့ ခေါ်တဲ့ လူဆိုးတစ်ယောက်ကို ဖမ်းဆီးရမိပါတယ်။ သူ့ကို လှော်ကားနယ်မြေ ရဲစခန်းမှာ ချုပ်ထားပြီး အမှုကို စစ်ဆေးရင်း စစ်ဆေးရင်းနဲ့ မေလ ၂ ရက်နေ့က ပြည်လမ်းမှာ ကားတစ်စီးကို ဓားပြတိုက်တဲ့အထဲ သူပါတယ် ဆိုတာကို မတော်တဆ ဝန်ခံမိရာကနေ နောက်ထပ် ကွင်းဆက် တရားခံတွေကို ဖမ်းမိခဲ့တာပါ။ အဲဒီ ဓားပြအဖွဲ့မှာ လူ(၈) ယောက်ပါဝင်ပြီး ကယ်ဒီးနားအမျိုးအစား အငှားတက္ကစီ တစ်စီးကို ငှားပြီး လုယက်မှု၊ ဓားပြမှုတွေကို ပုံမှန် အလုပ်လုပ်နေသလို ကျူးလွန်နေကြသူတွေပါ။ ကျူးလွန်သူတွေကို ဖမ်းဆီးပြီးနောက် အဲဒီ အဖွဲ့ရဲ့ ဝန်ခံချက်အရ သူတို့ဟာ ၂၀၁၆ ဒီဇင်ဘာ လောက်ကတည်းက စ ပြီး ကားတစ်စီးနဲ့ လုယက်မှု၊ ဓားပြမှုတွေ ကျူးလွန်ခဲ့တယ် လို့ ဆိုပါတယ်။ အဲဒီအချိန်ကနေ သူတို့ အဖမ်းခံရတဲ့ ဇွန်လလယ်အထိ ရန်ကုန်တိုင်း ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ လုယက်မှု ဓားပြမှု (၂၈) မှု ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ လုယက်၊ ဓားပြတိုက်ခဲ့တဲ့ ပစ္စည်းအမျိုးအမည်ပေါင်းကလည်း အတော်လေး စုံပါတယ်။ ပိုက်ဆံတွေ၊ ရွှေထည်နဲ့ လက်ဝတ်ရတနာ ပစ္စည်းတွေ၊ ဖုန်းတွေအပြင် ဆိုင်ကယ်တွေလည်း ပါပါတယ်။ ဒီ အုပ်စုရဲ့ ပြစ်မှုကျူးလွန်ပုံတွေကို အသေအခြာ လေ့လာဆန်းစစ်ကြည့်ရင် ကျူးလွန်သူ များတာ၊ လုယက်၊ ဓားပြတိုက်ခံရတဲ့သူ များတာ၊ လုယက် ဓားပြတိုက်လို့ ရလာတဲ့ ပစ္စည်းတွေလည်း များပြားပြီး ပြန်ရောင်းချတဲ့ နေရာတွေလည်း အနှံ့အပြား ဖြစ်နေမှာ အသေအခြာပါပဲ။ ပြောရရင် အစတွေ အများကြီး ထွက်နေတဲ့ မှုခင်းတွေလို့ ပြောရင် ရနိုင်ပါတယ်။ ဒါပေမယ့် တကယ့်ပြသနာကြီးက အဲဒီ အမှုတွဲကြီးကို ရဲတပ်ဖွဲ့က ဝိရီယ စိုက်ထုတ်ပြီး အသေအခြာ ဖော်ထုတ်နိုင်ခြင်း မရှိခဲ့တာပါပဲ။ တကယ်လို့သာ အဲဒီထဲက တစ်ယောက် လှော်ကားမှာ သူ့ဖာသာသူ သီးသန့် အကြမ်းဖက် လုယက်မှု မကျူးလွန်ခဲ့ရင်၊ ကျူးလွန်ပေမယ့် ရဲက ဖမ်းမမိခဲ့ရင်၊ ဖမ်းမိတဲ့တိုင် ပြည်လမ်းမှာ ကားနဲ့ ဓားပြတိုက်တာကို ဝန်မခံခဲ့ရင် အခုအမှုတွဲကြီး တစ်ခုလုံး ဖမ်းမိသေးမှာ မဟုတ်ပဲ ဓားပြအဖွဲ့ဟာ ဆက်ပြီး ဓားပြတိုက် လုယက်နေဦးမှာ ဖြစ်လို့ပါပဲ။

ဒါတွေဟာ ရန်ကုန်မှာ ကျူးလွန်တဲ့ ဒုစရိုက်မှုတွေထဲက အုပ်စုနှစ်ခု ကျူးလွန်ခဲ့တာလောက်ပဲ ဖြစ်ပြီး တခြား အမှုတွေ အမြောက်အများ ရှိနေသေးသလို မဖော်ထုတ်နိုင်သေးတဲ့ အမှုတွေလည်း အများကြီး ရှိနေပါသေးတယ်။ အမှုအတော်များများ ပြည်သူတွေက မတိုင်ကြလို့ စာရင်းမဝင်တာတွေလည်း မနည်းမနောပါ။ ဒါတွေကိုကြည့်ရင် ရန်ကုန်မှာ ဒုစရိုက်မှုတွေ ထူပြောလာတာ ငြင်းလို့ မရနိုင်ပါဘူး။ ဒီအတွက် လူတွေ ပြစ်မှုကျူးလွန်လာရတဲ့ ရေခံမြေခံဖြစ်တဲ့ အလုပ်အကိုင်ရှားပါးမှု၊ ဆင်းရဲမွဲတေမှု စတဲ့ ပြသနာတွေကို ဖြေရှင်းပေးရမှာ ဖြစ်သလို၊ ရဲတပ်ဖွဲ့ စွမ်းရည် ကျဆင်းနေရင်၊ ဝီရိယ စိုက်ထုတ်မှု အားနည်းရင်လည်း မှုခင်းဖြစ်ပွားမှု တားဆီးကာကွယ်နိုင်မှာ မဟုတ်သလို အားပေးအားမြှောက် ပြုသလိုတောင် ဖြစ်နေပါဦးမယ်။ ဒါကြောင့် ရန်ကုန်မှာ ဒုစရိုက်မှု ထူပြောလာတဲ့ ပြသနာတွေကို ဖြေရှင်းနိုင်ဖို့ အစိုးရကနေ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးရမယ့်အပြင် ရဲတပ်ဖွဲ့ဘက်ကလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုနေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG