သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ တိုင်းပြည်အတွက် အရေးကြီးသလား


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဆန္ဒမဲပေးရန် အချက်အလက်ဖြည့်နေစဉ်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဆန္ဒမဲပေးရန် အချက်အလက်ဖြည့်နေစဉ်

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲ တခု ကျင်းပပြီးခဲ့ပါတယ်။ တနိုင်ငံလုံးမှာ မဲဆန္ဒနယ် စုစုပေါင်း ၁၁၀၀ ကျော်ရှိတာမို့ အခု ကျင်းပတဲ့ မဲဆန္ဒနယ် ၁၃ ခုအတွက် ရွေးကောက်ပွဲဟာ အရေးမပါဘူးလို့ ထင်စရာ ရှိပါတယ်။ ၁၃ နေရာပဲ လို့ ဆိုပေမယ့်လည်း ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပပြီးတာ ၃ နှစ်၊ နောက်တကြိမ် ၂၀၂၀ ပြည့် ရွေးကောက်ပွဲ ကျင်းပဖို့ အချိန် နှစ် နှစ်ပဲ လိုတော့တဲ့အချိန် ကျင်းပတာ ဖြစ်လေတော့ မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူများရဲ့ ဆန္ဒ သဘောထားနဲ့ နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးရေး အရည်အချင်းကို အထိုက်အလျောက် သိနိုင်တဲ့ အနေအထား ဖြစ်လို့ အရေးကြီးတယ်လို့ ပြောမယ်ဆိုလည်း ပြောလို့ရနိုင်တဲ့ ရွေးကောက်ပွဲ အသေးစားလေးပါ။ ရွေးကောက်ပွဲမှာ ဘယ်လို ရလာဒ်တွေထွက်လာသလဲ၊ ရွေးကောက်ပွဲ ရလာဒ်တွေကနေ ဘာတွေ ကောက်ချက်ချနိုင်မလဲ၊ ၂၀၂၀ ရွေးကောက်ပွဲမှာရော ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

အခုကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၁၃ နေရာမှာ ပြည်သူ့လွှတ်တော် အတွက် ၄ နေရာ၊ အမျိုးသားလွှတ်တော် အတွက် ၁ နေရာ၊ တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေအတွက် ၇ နေရာ၊ တိုင်းနဲ့ ပြည်နယ် အဆင့် တိုင်းရင်းသားဝန်ကြီး ၁ နေရာ ပါဝင်ပါတယ်။ အဲဒီ ၁၃ နေရာထဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၇ နေရာ၊ ပြည်ခိုင်ဖြိုးက ၃ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD၊ ချင်းဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ ဒေါက်တာအေးမောင်ရဲ့သား ဦးတင်မောင်ဝင်းတို့က တနေရာစီ အနိုင်ရကြပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် ဦးဆောင်ကျင်းပပေးတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က တတ်နိုင်သမျှ ဘက်လိုက်မှုကင်းကင်း၊ အမှားအယွင်း နည်းနည်းနဲ့ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်တာ တွေ့ရပါတယ်။ ဒါဟာ မဲဆန္ဒနယ် နည်းနည်းပဲ ရှိလို့ ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်တာ ဖြစ်သလို၊ တကယ်ကိုလည်း ရွေးကောက်ပွဲ အောင်မြင်အောင် ကြိုးစားအားထုတ်ခဲ့တာကို တွေ့မြင်နိုင်ပါတယ်။

ဒုတိယ တခုကတော့ ဝင်ရောက် ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေရဲ့ အပိုင်းပါ။ မဲဆန္ဒနယ် ထောင်ကျော်တဲ့ တကယ့်ရွေးကောက်ပွဲကြီးလို ခြိမ့်ခြိမ့်သဲသဲ ၊ မီးကုန်ယမ်းကုန် ပြိုင်ဆိုင်ကြတာမျိုး မဟုတ်ပေမယ့် ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှုမျိုးနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာ တွေ့ရပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက အခု ကျင်းပတဲ့ ၁၃ နေရာမှာ လုံး၀ အနိုင်မရခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်တိုင် တက်တက်ကြွကြွ မဲဆွယ် ဝင်ရောက် ယှဉ်ပြိုင်တာ တွေ့ရသလို၊ ရှုံးမယ်မှန်း သိပေမယ့် မြင်းခြံမြို့နယ်မှာ အင်အားရှိသလောက် ကြိုးစားမဲဆွယ်စည်းရုံးခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီလိုမျိုးကိုလည်း အသိအမှတ်ပြုကြရပါလိမ့်မယ်။ ဒါဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် လျောက်လှမ်းတဲ့ နိုင်ငံ တနိုင်ငံအတွက် ဒီမိုကရေစီ အလေ့အကျင့်ရအောင် ပြုမူကြတာမို့ အစဉ်အလာကောင်းလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ပြည်သူတွေ မဲလာပေးတဲ့ ပျမ်းမျှ အရည်အတွက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲ ကာလ တုန်းကထက် အများကြီး လျော့နည်းတာကိုတော့ သတိပြုမိနိုင်ပါတယ်။ ဒါကလည်း အကြောင်းရှိပါတယ်။ လက်ရှိ ကြားဖြတ် ရွေးကောက်ပွဲဟာ မဲဆန္ဒနယ် နည်းနည်းလေး လုပ်တာမို့ ဘယ်လိုပဲ မဲပေးပေး တိုင်းပြည်အတွက် အပြောင်းအလဲ ဖြစ်မှာ မဟုတ်ဘူးလို့ ယူဆ ကြတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

နောက်တချက်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အမတ် ဆိုတာဟာ လွှတ်တော်ထဲမှာ ဥပဒေပြုရေးလောက်ကိုပဲ လုပ်တာမို့၊ ကိုယ့်စိတ်ကြိုက် အမတ်တယောက်ယောက်ကို မဲပေးလိုက်သည့်တိုင်၊ အဲဒီလူ ရွေးကောက်တင်မြှောက် ခံလိုက်ရသည့်တိုင်၊ လွှတ်တော်ထဲ သွားပြီး ဥပဒေပြုရေးပဲ လုပ်ရမှာမို့ တကယ့်လက်တွေ့ ကိုယ့်မြို့ ကိုယ့်ရပ် ကိုယ့်ရွာကို ဘာမှ သိပ်ပြီး အကျိုးပြုနိုင်မယ် မဟုတ်ဘူး ဆိုပြီး ယုံကြည်လို့လဲ ဖြစ်နိုင်ပါတယ်။

တကယ်လို့ အမတ်တွေဟာ လွှတ်တော်ထဲသွားပြီး သမ္မတ ရွေးချယ်ပွဲမှာ မဲပေးရုံ၊ ဥပဒေပြုရုံ သက်သက်မကပဲ ကိုယ့်မဲဆန္ဒနယ်မြေထဲက ပြည်သူတွေရဲ့ လိုလားချက်တွေကို အမြဲတန်း ကူညီဆောင်ရွက်ပေးနေမယ် ဆိုရင် အမတ်တဦးချင်းအပေါ် ပိုပြီး ယုံကြည်ကိုးစားစိတ် ဖြစ်ပေါ်စေပြီး ရွေးကောက်ပွဲတိုင်းမှာ တက်တက်ကြွကြွ မဲပေးလာကြမှာ ဖြစ်ပါတယ်။

အခု ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေ ဝေဖန် စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတာကတော့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွက်ပါ။ ပြည်သူလူထုကြီးဟာ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ လက်အောက်မှာ မနေချင်တော့လို့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကို မဲအပြတ်အသတ် ပေးခဲ့လို့ NLD ပါတီ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တာပါ။ အခု ရွေးကောက်ပွဲလုပ်တဲ့ ၁၃ နေရာမှာ ၂၀၁၅ ခုနှစ်တုန်းက NLD ပါတီဟာ ၁၁ နေရာ အနိုင်ရခဲ့ပါတယ်။ အခုကြားဖြတ်ရွေးကောက်ပွဲမှာတော့ ၇ နေရာပဲ နိုင်တာမို့ အရင် နိုင်ထားပြီးသား ၄ နေရာတောင် ဆုံးရှုံးသွားတာ တွေ့ရပါတယ်။ မဲဆန္ဒနယ် နည်းနည်းလေးမို့ ရာခိုင်နှုန်းနဲ့ တွက်ချက်ပြတာ မသင့်တော်ပေမယ့် ဆုံးရှုံးမှု ကြီးမားတယ် ဆိုတာကိုတော့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေကလည်း ဝန်ခံကြပါတယ်။

ဒီအခြေအနေ အတိုင်းသာသွားမယ် ဆိုရင် NLD ဟာ နောင် နှစ် နှစ်နေရင် ကျင်းပမယ့် ၂၀၂၀ ပြည့် ရွေးကောက်ပွဲမှာ ၂၀၁၅ တုန်းကလို သောင်ပြိုကမ်းပြို အနိုင်ရနိုင်ပါ့မလား ဆိုပြီး စိုးရိမ်နေတာပါ။ အဲဒီအချိန်က NLD ဟာ ပြည်ထောင်စု အဆင့် လွှတ်တော်နှစ်ရပ်အတွက် မဲဆန္ဒနယ် ၄၉၁ နေရာမှာ နေရာ ၃၉၀၊ ရာခိုင်နှုန်းအားဖြင့် ၇၉% ကျော် နိုင်ပြီး လွှတ်တော်ထဲ ရောက်သွားတာပါ။ လွှတ်တော်ထဲ ရောက်သွားတော့ တပ်မတော်သား အမတ် ၂၅ % ရှိနေနှင့်ပြီးသားမှာတောင် NLD အမတ် ၆၀% စွန်းစွန်း ရှိသေးတာမို့ ကိုယ့်တပါတီတည်း သဘောနဲ့ သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်ခဲ့တာပါ။ နှစ်ပေါင်း ၅၀ ကျော် အာဏာ ချုပ်ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ လက်ထဲကနေ သမိုင်းဝင် အာဏာလွဲှပြောင်းရယူနိုင်ခဲ့တာပါ။ အခြားတဖက်မှာတော့ ပြည်ခိုင်ဖြိုးပါတီဟာ လက်ရှိ ၁၃ နေရာမှာ ၂၀၁၅ တုန်းက တနေရာမှာမှ အနိုင်မရပဲ ရှိနေရာကနေ အခု ၃ နေရာ အနိုင်ရလာပါတယ်။ ၂၀၁၅ တုန်းက ပြည်ခိုင်ဖြိုးပါတီဟာ ပါတီတွင်း ကြီးမားတဲ့ အကွဲအပြဲ၊ ပြည်သူတွေရဲ့ အပြောင်းအလဲ လိုလားမှု စတာတွေကြောင့် ပြည်ထောင်စု အဆင့် လွှတ်တော်မှာ ၈.၃% ပဲ ရပြီး အရှုံးကြီး ရှုံးခဲ့ရတာပါ။ တကယ်လို့များ ၂၀၂၀ ရောက်သည် အထိ NLD ဟာ ၂၀၁၅ တုန်းကလောက် လူကြိုက် မများတော့ဘူး ဆိုရင်၊ အကွဲအပြဲမရှိ၊ ပြင်ဆင်မှု ရှိနေနှင့်ပြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၅ တုန်းကထက် အမတ်နေရာ ပိုများများ နိုင်ခြေရှိပြီး နောက်တကြိမ် NLD အစိုးရဖြစ်လာမယ့် အရေး ခြိမ်းခြောက်ကောင်း ခြိမ်းခြောက်လာနိုင်ပါတယ်။ အဲလိုသာ ဖြစ်ခဲ့ရင် အရင် ခေတ်ဟောင်းကို ပြန်သွားခြင်းပဲလို့ စိုးရိမ်သူတွေက စိုးရိမ်ကြပါတယ်။

ဒါတွေနဲ့ ပတ်သက်ရင် အဓိက ပြသနာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်ထဲက တပ်မတော်သားအမတ် ၂၅%ဟာ သမ္မတ ရွေးချယ်ပွဲမှာ မဲပေးခွင့်ရနေခြင်းပါ။ ဒါကြောင့် NLD ဟာ ဖွဲ့စည်းပုံပြင်ရေး ကြိုးစားတာ၊ တိုင်းပြည်တည်ဆောက်ရေး အောင်မြင်အောင် လုပ်ပြပြီး ပြည်သူတွေရဲ့ ထောက်ခံမှု ရအောင်လုပ်တာ၊ တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖွဲ့တာ စတာတွေ အများကြီး လုပ်ဖို့ လိုနေပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို သွားပါမယ်လို့ ကတိကဝတ် ပြုထားကြတဲ့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီဘက်ကလည်း ဖွဲ့စည်းပုံထဲက ဒီမိုကရေစီ မကျတဲ့ အခွင့်အရေးတွေကို မမျှော်မှန်းပဲ ဖွဲ့စည်းပုံပြင်ရေး အားပေးပြီး ရွေးကောက်ပွဲတွေမှာ ရိုးရိုးသားသား မျှမျှတတ ရင်ဆိုင် ယှဉ်ပြိုင် သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG