သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အကြောင်း သုတေသန ဘယ်လောက် အရေးကြီးလဲ


တရုတ်နိုင်ငံ "အမှတ် (၃) Xiang Yang Hong" သုတေသနသင်္ဘော မြန်မာနိုင်ငံသို့ရောက်ရှိပြီး တရုတ်-မြန်မာ သိပ္ပံပညာရှင်များ အတူတကွ သိပ္ပံသုတေသနပြုလုပ်နေစဉ် (ဓါတ်ပုံ- တရုတ်သံရုံး ဖေ့စ်ဘုတ်ခ်)
တရုတ်နိုင်ငံ "အမှတ် (၃) Xiang Yang Hong" သုတေသနသင်္ဘော မြန်မာနိုင်ငံသို့ရောက်ရှိပြီး တရုတ်-မြန်မာ သိပ္ပံပညာရှင်များ အတူတကွ သိပ္ပံသုတေသနပြုလုပ်နေစဉ် (ဓါတ်ပုံ- တရုတ်သံရုံး ဖေ့စ်ဘုတ်ခ်)

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနက တရုတ်ပြည်ဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး လေ့လာသုံးသပ်ချက် စာတမ်း တစောင် ထုတ်ပြန်ပြီး ဆွေးနွေးပွဲ တခု လုပ်ပါတယ်။ အဲဒီဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ မြန်မာရေးရာ လေ့လာရေး အဖွဲ့က ပြုလုပ်တာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်၊ အင်န်အယ်လ်ဒီ ပါတီ ခေါင်းဆောင်တွေ၊ လွှတ်တော် အမတ်တွေနဲ့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူတွေ သုတေသီတွေတက်ရောက်ပါတယ်။ တိုက်ဆိုင်တယ်လို့ ဆိုရမလား၊ အဲဒီနေ့မှာပဲ iSP လို့ခေါ်တဲ့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အင်စတီကျုကလည်း သူတို့ ပြုစုထားတဲ့ တရုတ်နိုင်ငံ ဆိုင်ရာ စာတမ်းတစောင် မိတ်ဆက်တဲ့ ပွဲ လုပ်ပါတယ်။ စာတမ်းကို “ တရုတ်၏ အလွှာစုံ ဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိ အခြေအနေ လို့ ခေါင်းစဉ် တပ်ထားပြီး iSP ရဲ့ တရုတ်လေ့လာရေး ဌာန တာဝန်ခံ ဒေါ်ခင်ခင်ကျော်ကြီး ပြုစုထားတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အင်အားကြီး အိမ်နီးချင်းနိုင်ငံ တနိုင်ငံဖြစ်ပြီး မြန်မာနဲ့ ရှည်လျားတဲ့ ဆက်ဆံရေးသမိုင်းကြောင်း ရှိတဲ့ နိုင်ငံ ဖြစ်ရုံမက မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ နိုင်ငံလည်း ဖြစ်နေပါတယ်။ တရုတ်နိုင်ငံအကြောင်း လေ့လာဖို့ ဘယ်လောက် လိုနေပြီလဲ၊ အဲလို လေ့လာချက် စာတမ်းတွေဟာ မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ပေါ်တိုးတက်မှုကို ဘယ်လို သက်ရောက်မှု ရှိနိုင်မလဲ ဆိုတာ ခုတပတ် လေ့လာဆန်းစစ်ကြည့်ပါမယ်။

တရုတ်နိုင်ငံ "အမှတ် (၃) Xiang Yang Hong" သုတေသနသင်္ဘော ရန်ကုန်သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်ထားစဉ်(ဓါတ်ပုံ- တရုတ်သံရုံး ဖေ့စ်ဘုတ်ခ်)
တရုတ်နိုင်ငံ "အမှတ် (၃) Xiang Yang Hong" သုတေသနသင်္ဘော ရန်ကုန်သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်ထားစဉ်(ဓါတ်ပုံ- တရုတ်သံရုံး ဖေ့စ်ဘုတ်ခ်)

ပြန်ကြားရေးဝန်ကြီးဌာနဟာ မြန်မာ့ရေးရာ လေ့လာရေး အဖွဲ့ ဆိုတာကို ဖွဲ့စည်းထားပါတယ်။ နိုင်ငံရေးကျွမ်းကျင်တဲ့ သတင်းစာဆရာ နဲ့ သုတေသီ တချို့ပါဝင်ပြီး အခြားသော သတင်းစာဆရာတွေ၊ နိုင်ငံရေး ဝေဖန်သုံးသပ်သူတွေ၊ စာရေးဆရာတွေ၊ သုတေသန သမားတွေကို မိတ်ဖက်ပြုပြီးတော့လည်း စာတမ်းပြုစုတာ၊ စာတမ်းဖတ်တာ၊ စာအုပ် စာစောင် ထုတ်ဝေတာ လုပ်နေတဲ့ အဖွဲ့အစည်းတခုပါ။ နိုင်ငံအတွက် လိုအပ်တဲ့ စာတမ်းတွေ ပြုစုပြီး ပြန်ကြားရေးဝန်ကြီးဌာန ကနေ တဆင့် အစိုးရအဖွဲ့ကို အကြံဉာဏ် အထောက်အကူ ပေးဖို့ ရည်ရွယ်ဖွဲ့စည်း လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းလို့ သိရပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး၊ စီးပွားရေးမှာ တရုတ်နိုင်ငံဟာ တနေ့တခြား အလွန်အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတာမို့ တရုတ်နိုင်ငံ ဆိုင်ရာ စာတမ်းပြုစုတာနဲ့ ဆွေးနွေးပွဲတွေ ကျင်းပရတာလို့ သိရပါတယ်။ အရင်ကတော့ ပြန်ကြားရေးမှာ အဲလို အဖွဲ့မျိုး ဖွဲ့စည်းလုပ်ကိုင်တာမျိုးတော့ မရှိခဲ့ပါဘူး။

မြန်မာရေးရာ လေ့လာရေး အဖွဲ့က ပြုစုထုတ်ပြန်တဲ့ တရုတ်ပြည်ဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး လေ့လာသုံးသပ်ချက် စာတမ်းကတော့ တရုတ်နိုင်ငံအကြောင်း သိရှိနားလည်နိုင်အောင် ခြုံငုံပြုစုထားတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး အပါအဝင် ဆက်စပ်ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း ဖော်ပြထားပေမယ့် အဓိကကတော့ တရုတ်နိုင်ငံကို နားလည်နိုင်ဖို့၊ တရုတ်နိုင်ငံအကြောင်းက အဓိက ဖြစ်ပါတယ်။ အနောက်နိုင်ငံ၊ ဂျပန်နဲ့ တရုတ်နိုင်ငံ သတင်းမီဒီယာတွေမှာ ဖော်ပြတာတွေကို ကိုးကားပြုစုထားတာပါ။

iSP အဖွဲ့က ထုတ်ဝေတဲ့ စာတမ်းကတော့ ပြောင်းလဲလာတဲ့ တရုတ်က မြန်မာအပေါ် ထားတဲ့ ဆက်ဆံရေး မူဝါဒ တရပ် အကြောင်းပါ။ မြန်မာနိုင်ငံမှာ တရုတ်က အကောင်အထည် ဖော်မယ့် ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း ယာယီ ရပ်နားထားချိန်၊ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေမှာ ပဋိပက္ခတွေ မြင့်မားပြီး မြန်မာနိုင်ငံသားတွေ အကြား တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ကိန်းအောင်းနေချိန် အဲဒီ အခြေအနေတွေ ပြောင်းလဲသွားအောင် တရုတ်က အလွှာစုံ ဆက်ဆံရေး ပြောင်းလဲ ကျင့်သုံးလာတဲ့အကြောင်း ဖော်ပြထားတာပါ။

အရင်က တရုတ်ဟာ မြန်မာအစိုးရနဲ့ပဲ ထိတွေ့ ဆက်ဆံတဲ့ ပေါ်လစီကနေ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ လွှတ်တော်၊ သတင်းမီဒီယာ၊ အရပ်ဘက် အဖွဲ့အစည်း၊ စာပေအနုပညာ စတဲ့ အလွှာပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံတာ၊ တရုတ်နိုင်ငံကို ဖိတ်ခေါ်ပြီး ဧည့်ဝတ်ပျူငှာမှုနဲ့အတူ တိုးတက်ဖွံ့ဖြိုးမှုတွေကို ပြသတာ စတာတွေ လုပ်ခဲ့တဲ့ကြောင်း၊ နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခ ပြသနာနဲ့အတူ မြန်မာအစိုးရက တရုတ်အပေါ် ပိုပြီး မှီခိုလာရတာနဲ့အတူ မြန်မာလူမှုနယ်ပယ်မှာလည်း တရုတ်အပေါ် အမြင် ပြောင်းလဲသွားခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။ ဒီစာတမ်းကတော့ မြန်မာ့ရေးရာ အဖွဲ့က ပြုစုတဲ့ စာတမ်းနဲ့ နှိုင်းယှဉ်ရင် အကြောင်းအရာ တခုကိုပဲ သီးသန့် အာရုံစိုက် ပြုစုထားတဲ့ စာတမ်း အမျိုးအစားပါ။

အခုလို မြန်မာနိုင်ငံဘက်က တရုတ်နိုင်ငံအကြောင်း စာတမ်းတွေ ပြုစု၊ သုတေသနတွေ လုပ်နေချိန် တရုတ်မြန်မာ အဆက်အစပ် ဘယ်အခြေအနေ ရောက်နေသလဲ လေ့လာကြည့်ဖို့ လိုလာပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ဆက်ဆံရေးရုံး BLO ကို ဖွင့်လှစ်ပါတယ်။ တရုတ်နိုင်ငံဟာ ကချင်ပြည်နယ် ကမ်ပိုင်တီ နဲ့ နယ်စပ်ခြင်းကပ်နေတဲ့ ဟိုချောင်မှာ နယ်စပ်ကုန်ကုန်သွယ်ရေး စခန်းနဲ့ နိုင်ငံတကာ အဆင့် နယ်စပ်ဂိတ် တစ်ခု တည်ဆောက်ပြီးသွားတာ အတော်လေးကြာပါပြီ။ အဲဒီနယ်စပ်ဂိတ်ကနေ မြစ်ကြီးနား၊ အဲဒီက တဆင့် မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ တရားဝင် ကုန်သွယ်ရေးတွေ လုပ်ချင်တယ်လို့ မြန်မာအစိုးရကို တောင်းဆိုထားတာလည်း ကြာပါပြီ။ မြန်မာဘက်ကတော့ နယ်မြေ မအေးချမ်းသေးလို့ တရားဝင် နယ်စပ် ကုန်သွယ်ရေးစခန်း မဖွင့်သေးပေမယ့် ကုန်စည်ကူးသန်းမှုတချို့တော့ ရှိနေပါပြီ။ အထူးသဖြင့် မြစ်ကြီးနား ဧရိယာက တစ်သျှူးငှက်ပျောနဲ့ သစ်သီးဝလံတွေ တရုတ်ပြည်ထဲ တင်ပို့နေကြတာပါ။ တကယ်လို့ နယ်စပ် ကုန်သွယ်ရေး စခန်း ဖွင့်ဖြစ်ခဲ့ရင် အဆင်ပြေအောင် မြစ်ကြီးနား ဆက်ဆံရေးရုံး ဖွင့်တာလို့ ခန့်မှန်းရပါတယ်။

အဲဒီ မတ်လ ၆ ရက်နေ့မှာပဲ မြန်မာနဲ့ တရုတ် တာဝန်ရှိသူတွေဟာ နေပြည်တော်မှာ မန္တလေး- ထီးချိုင့်- မူဆယ် အမြန်လမ်း စီမံကိန်း နဲ့ နေပြည်တော်-ကျောက်ဖြူ အဝေးပြေးလမ်းမကြီး စီမံကိန်း ဆောင်ရွက်ဖို့ ဖြစ်နိုင်ခြေ ရှိမှု လေ့လာတဲ့ သဘောတူညီချက် တစောင် လက်မှတ်ရေးထိုးပါတယ်။ တကယ်တော့ ယူနန်ပြည်နယ် နယ်စပ် ရွှေလီကနေ ရခိုင်ပြည်နယ် ကျောက်ဖြူအထိ တရုတ်က လမ်းဖေါက်ချင်တယ် ဆိုတာ သိထားကြပေမယ့် ဒီတကြိမ်ကတော့ လက်တွေ့ MoU ထိုးတဲ့ အဆင့် ရောက်လာတာပါ။ ပြောရရင် တရုတ်နိုင်ငံဟာ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းထားရတယ် ဆိုပေမယ့် တခြားသော စီမံကိန်းတွေကို ဆက်ပြီး အကောင်အထည် ဖော်နေပါတယ်။ တပြိုင်နက်တည်း OBOR လို့ခေါ်တဲ့ တရုတ်ရဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် စီမံကိန်းထဲပါတဲ့ မြန်မာနိုင်ငံဘက် အခြမ်းက စီမံကိန်းတွေကို အကောင်အထည် ဖော်ဖို့ ကြိုးစားနေတာ တွေ့မြင်နိုင်ပါတယ်။ ဒီလို စီမံကိန်းတွေ အားလုံးအတွက် မြန်မာနိုင်ငံအတွင်း တည်ငြိမ်တဲ့ အခြေအနေတခု ဖြစ်စေချင်လို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ငြိမ်းချမ်းရေး ကိစ္စမှာ ဝင်ပါနေသလို၊ ရခိုင်ပဋိပက္ခမှာလည်း မြန်မာ အစိုးရဘက်က ရပ်တည်သူ၊ မြန်မာအစိုးရကို ကူညီသူ ဖြစ်နေပါတယ်။

အရေးကြီးတာက မြန်မာအစိုးရဟာ တရုတ်ရဲ့ အဲဒီ စိတ်ဝင်စားချက် နဲ့ လိုလားချက်တွေအပေါ် ဘယ်အခန်းကဏ္ဍက ပါဝင်မလဲ ဆိုတာပါ။ နိုင်ငံရေး သုံးသပ်ဝေဖန်သူတွေကတော့ မြန်မာအစိုးရဟာ တရုတ်နဲ့ ပတ်သက်ပြီး တိကျတဲ့ ကိုယ်ပိုင် ပေါ်လစီ မရှိ၊ တရုတ်ရဲ့ လှုပ်ရှားမှု အပေါ်မှာသာ လိုက်လံ တုန့်ပြန် ဆက်ဆံနေရတဲ့ အနေအထား ဖြစ်နေတယ် ဆိုပြီး သုံးသပ်နေကြပါတယ်။ ဒီအတွက် မြန်မာအစိုးရဟာ တရုတ်နဲ့ ပတ်သက်လို့ တိကျတဲ့ ပေါ်လစီ တရပ် ချမှတ်ကျင့်သုံးသင့်သလို၊ ကိုယ်ဖြစ်စေချင်တဲ့ ကိုယ့်လိုလားချက်တွေမှာ တရုတ်က ပါဝင် ရင်းနှီးမြှုပ်နှံ ကူညီတာမျိုး ဖြစ်လာအောင်လည်း ကြိုးစားသင့်တယ်လို့ ဆိုကြပါတယ်။ ဒီအတွက် တရုတ်နိုင်ငံအကြောင်း များများသိဖို့ လိုသလို၊ သုတေသနလည်း များများ လုပ်ပြီး မူဝါဒ ချမှတ်မယ့် အစိုးရအဖွဲ့ကို ကူညီဖို့ လိုအပ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG