သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

သမ္မတရဲ့ အစီအစဉ်သစ်နဲ့ မူးယစ်ဆေးဝါး ပြသနာ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ပါ့မလား


သမ္မတ ဦးဝင်းမြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထိမ်းအမှတ်နေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားနေစဉ်- နေပြည်တော် ဇွန်လ ၂၆ ၂၀၁၈ (ဓါတ်ပုံ- Myanmar President Office)

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခန်းအနားတွေ ကျင်းပကြပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမှာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားတွေ လုပ်ခဲ့ကြပြီး နေပြည်တော်မှာလုပ်တဲ့ အခမ်းအနားမှာတော့ သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောပါတယ်။ သူ့မိန့်ခွန်းဟာ အတော်လေးကို ရှည်လျားပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ တကယ် ဖြစ်ပျက်နေတာတွေ၊ ပြသနာတွေ နဲ့ နောင် နှိမ်နင်းရေး ကိစ္စတွေမှာ သူ ဘယ်လိုကိုင်တွယ်မလဲ ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ ပြောရရင် မူးယစ်ဆေးဝါး ပြသနာနဲ့ ပတ်သက်ပြီး သမ္မတ အဆက်ဆက် မှတ်ချက်ပေး ပြောဆိုမှုတွေထဲမှာ အပြည့်စုံဆုံးနဲ့ အရှည်ဆုံး မိန့်ခွန်းတောင် ဖြစ်ဖွယ် ရှိပါတယ်။ သူဘာတွေ ပြောခဲ့သလဲ၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး သူ့အစီအစဉ်တွေက ဘာတွေလဲ၊ ရှေ့အနာဂတ် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ပြသနာ အလားအလာ ဘယ်လို ရှိနိုင်မလဲ ဆိုတာ ခုတပတ် သုံးသပ် တင်ပြသွားပါ့မယ်။

သမ္မတ ဦးဝင်းမြင့်ဟာ သူ့မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံက မူးယစ်ဆေးဝါး ပြသနာကိစ္စ ပွင့်ပွင့်လင်းလင်း ၀န်ခံခဲ့ပါတယ်။ မိန့်ခွန်း တနေရာမှာ သူဟာ ပထမအကြိမ် လွှတ်တော် သက်တန်းကာလတုန်းက တရားဥပဒေ စိုးမိုးရေးကော်မတီ အတွင်းရေးမှူး အနေနဲ့ ပြည်နယ်နဲ့ တိုင်းတွေကို သွားရောက်ခဲ့တဲ့အကြောင်း၊ အဲဒီမှာ ကျောင်းသားကျောင်းသူတွေဟာ ကျောင်းချိန်အတွင်းမှာကိုပဲ မူးယစ်ဆေးဝါးတွေ သုံးစွဲနေကြတာကို စိတ်မကောင်းဖွယ်ရာ ကြားသိ တွေ့ရှိခဲ့ရကြောင်း၊ စာသင်ကျောင်းတွေမှာတောင် မူးယစ်ဆေးဝါးကို ကျောင်းသားလူငယ်တွေ အဖိုးနည်းနည်းနဲ့ လက်လှမ်းမီ လွယ်လင့်တကူ သုံးစွဲနေကြတဲ့ သတင်းတွေ ကြားသိခဲ့ရပြီး ဒါဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ကျရှုံးမှု နွံတွင်းထဲ တွန်းပို့နေသလို သူ ခံစားရတယ်လို့ ဆိုပါတယ်။ ဒီ ပြသနာကို ညီညီညွတ်ညွတ်နဲ့ မဖြေရှင်းနိုင်ဘူး ဆိုရင် နောင်လာမယ့် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ အနေအထား မတွေးဝံ့စရာ အခြေအနေ ဆိုက်ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါတွေက မြန်မာနိုင်ငံထဲက မူးယစ်ဆေးစွဲ ပြသနာလောက်ကို ပြောတာ ရှိပါသေးတယ်။ သမ္မတ ဦးဝင်းမြင့် အနေနဲ့ သူ့မိန့်ခွန်းထဲမှာ ဖော်ပြမထားပေမယ့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးမှုဟာ အိမ်နီးချင်းနိုင်ငံတွေတင်မက အရှေ့အလယ်ပိုင်း နိုင်ငံတွေ၊ ကနေဒါလို ဝေးလံခေါင်ဖျားတဲ့ နိုင်ငံတွေအထိ ဒုက္ခပေးနေတာ တွေ့မြင်နိုင်ပါတယ်။ သိပ်မကြာသေးခင်က မလေးရှားနိုင်ငံမှာ ကွန်တိန်နာထဲ ဖမ်းမိလိုက်တဲ့ စိတ်ကြွနဲ့ မူးယစ်ဆေး အမြောက်အများ ဖမ်းမိတဲ့ကိစ္စဟာ နမူနာ တခုပါပဲ။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ရွှေတြိဂံ ဧရိယာက ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါး အများအပြား မြန်မာနိုင်ငံ အနှံ့အပြားကို စီးထွက်သွားပြီး တချို့ ပြည်တွင်းမှာသုံး၊ တချို့ အိမ်နီးချင်းနိုင်ငံတွေဆီရောက်၊ အခုနောက်ဆုံး သိရတာကတော့ တရားဝင် ကွန်တိန်နာ လမ်းကြောင်းကနေတောင် နိုင်ငံတကာကို ရောက်သွားတယ် ဆိုတာပါပဲ။

သမ္မတရဲ့ မိန့်ခွန်းထဲမှာတော့ ၂၀၁၇ ခုနှစ် UNODC ရဲ့ အစီရင်ခံစာအရ ၂၀၁၇ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်းကျဆင်းပြီး ထုတ်လုပ်မှုလည်း ၁၄ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ သူ ထည့်မပြောတာကတော့ အင်ဖက်တမင်းလို၊ အက်စ်တာစီ လို စိတ်ကြွဆေးပြား ထုတ်လုပ်မှု အဆမတန် မြင့်မားလာတာကိုပါ။ ၂၀၁၇-၁၈ ခုနှစ်အတွင်း ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ ကာလတန်ဘိုးချည်းပဲတောင် ကျပ်ငွေ ဘီလျံ ၅၂၀ ကျော်ဖိုး၊ အမေရိကန်ဒေါ်လာနဲ့ဆို သန်းပေါင်း ၃၇၀ ဖိုးလောင်တောင်ရှိနေပါတယ်။ တကယ့်တကယ် လွတ်မြောက်ပြီး အရောင်းအ၀ယ် အကူအသန်း လုပ်နေတဲ့ ပမာဏဆိုရင်တော့ အဲဒီထက် အဆပေါင်း များစွာ ပိုများနိုင်ပါတယ်။

မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး သမ္မတ ကတော့ လက်ကြီး ပင်ရင်းနေရာတွေကို ကိုင်တွယ်ဖို့၊ ရောင်းဝယ်ဖေါက်ကားနေတာတွေကို မမြင်ချင်ယောင်ဆောင် လွှတ်ပေးထားတဲ့ အဂတိလိုက်စားသူတွေကို အရေးယူဖို့၊ ပိုင်ရှင်မဲ့ ဆိုတာတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ ညွှန်ကြားထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အောက်ခြေက အရေးယူ ကိုင်တွယ်မှု စိတ်မချရတာကြောင့် သူ့ရဲ့ သမ္မတရုံးမှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်တယ်၊ မူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီး တိုက်ရိုက် သတင်းပေးနိုင်မယ့် မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန ဆိုတာမျိုးလည်း ဖွဲ့စည်းထားပြီး ဖြစ်တယ်၊ မူးယစ်ဆေးဝါး သတင်းပေးလာရင် အချက်လက်တွေ အားလုံး လျှို့ဝှက်ပေးထားမယ်၊ သိမ်းဆည်းရမိတဲ့ အထဲကလည်း ဆုကြေးငွေတွေ ပေးဦးမယ်လို့ ဆိုပါတယ်။ သမ္မတရဲ့ မိန့်ခွန်းကို ကြည့်လိုက်ရင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနဲ့ ပတ်သက်ရင် တာဝန်ရှိ အောက်ခြေရဲတပ်ဖွဲ့ အဆင့်ဆင့်ကို မယုံရတော့ဘူး ဆိုတဲ့ သဘော သက်ရောက်ပါတယ်။ အလားတူ စကားမျိုး မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကလည်း ပြောဆိုဖူးပါတယ်။ ပြီးခဲ့တဲ့လ အတွင်း ကျင်းပပြီးသွားတဲ့ တိုင်းက အကောင်အထည် ဖော်နိုင်တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက မူးယစ်ဆေးဝါး ပြသနာ၊ တိုင်းအဆင့် ရဲမှူးကြီးကို မေးမြန်းတဲ့အကြောင်း၊ ရဲမှူးကြီး ပြန်ဖြေတာက အရင်တုန်းက ဆိုရင် ရဲတပ်ဖွဲ့ဟာ မူးယစ်ကုန်ကူးတွေကို စုံစမ်းထောက်လှမ်းတဲ့အကြောင်း၊ အခုနောက်ပိုင်း ခေတ်ပြောင်းပြီး မူးယစ်မှောင်ခိုတွေက ရဲတွေဘာလုပ်မလဲ အချိန်ပြည့် စောင့်ကြည့်၊ သတင်းပေးတွေ ထားထားပြီဖြစ်ကြောင်း၊ ဒါကြောင့် ရဲတပ်ဖွဲ့က ဖမ်းမယ် ဆီးမယ် ဆိုတာနဲ့ ရှောင်ပြီးသား ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် မူးယစ်ဆေးဝါး နှိမ်နင်းရေး မလွယ်ကူဘူးလို့ ပြောတယ်လို့ ဆိုပါတယ်။

သူ့ဆိုလိုရင်းကတော့ ရဲတပ်ဖွဲ့အတွင်း အကျင့်ပျက် အဂတိလိုက်စားမှု ကြီးထွားနေတဲ့ ပြသနာကို ရည်ညွှန်းနေပြီး သမ္မတ မိန့်ခွန်းကလည်း အဲဒီအချက်နဲ့ ထပ်တူဖြစ်ကြောင်း အတည်ပြုထားပါတယ်။ ဒါကြောင့် အောက်ခြေမှာ အဂတိလိုက်စား၊ မူးယစ်ဆေးဝါး မဖမ်းလို့ ဗဟိုက အထူးအဖွဲ့ဖွဲ့ပြီး ဖမ်းဖို့ ကြိုးစားရတယ် ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်စေပါတယ်။ တကယ့်တကယ် အဲလို အစီအစဉ်မျိုး အောင်မြင်နိုင်ပါ့မလား ဆိုတာကတော့ မေးခွန်းထုတ်စရာ အများကြီး ရှိနေပါတယ်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ပြသနာကို ပြန်ကြည့်လိုက်ရင် ပင်ရင်း ထုတ်လုပ်တဲ့နေရာတွေဟာ နယ်မြေ တည်ငြိမ်မှု သိပ်မရှိတဲ့ လက်နက်ကိုင် ဧရိယာတွေ များပါတယ်။ အဲဒီထဲမှာ အစိုးရနဲ့ အပစ်မရပ်ရသေးတဲ့ အဖွဲ့တွေ၊ အပစ်ရပ်ပြီးသား အဖွဲ့တွေ အပြင် အစိုးရ အသိအမှတ်ပြု ပြည်သူ့စစ်လို အဖွဲ့မျိုးတွေလည်း ပါဝင်ပတ်သက်နေပါတယ်။ ဒီအတွက် မူးယစ်ဆေးဝါး ထုတ်လုပ်မှု အသေအခြာ လျော့ကျဖို့ ဆိုရင် လက်နက်ကိုင် ပဋိပက္ခ ပြေလည်အောင် ဖြေရှင်းတာ၊ ကိုယ့်သြဇာခံ လက်နက်ကိုင် အဖွဲ့တွေ ရံပုံငွေရဖို့ မူးယစ်ဆေးဝါး ထုတ်လုပ်တာတွေ မျက်စေ့မှိတ်ထားပေးတာ စတဲ့ ပြသနာတွေ ဖြေရှင်းရမှာဖြစ်ပြီး အဓိက သက်ဆိုင်တာကတော့ တပ်မတော်ဘက် ဖြစ်ပါတယ်။ နောက်တခုကတော့ ရဲတပ်ဖွဲ့အတွင်း အဂတိလိုက်စားမှု ထိထိရောက်ရောက် ကိုင်တွယ်ဖို့နဲ့ မူးယစ်ဆေးဝါး စုံစမ်းထောက်လှမ်း ဖမ်းဆီးရာမှာ ကျွမ်းကျင်လာအောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။ ဒီလို အဓိကကျတဲ့ ပြသနာတွေကို မဖြေရှင်းနိုင်ပဲ၊ ဗဟိုမှာ အထူး အဖွဲ့တစ်ဖွဲ့ ဖွဲ့ထားရုံ၊ သတင်းပေးသူကို ဆုငွေပေးမယ်လို့ ကြေငြာရုံနဲ့တော့ မူးယစ်ဆေးဝါး ပြသနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်လို့ မမျှော်လင့်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG