သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ရခိုင်မြောက်ပိုင်း ဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည် ဖော်နိုင်ပါ့မလား


 နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ထူးခြားတယ်လို့ ဆိုရမလား၊ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရပိုင် ရေဒီယို၊ ရုပ်သံတွေကနေ တဆင့် မိန့်ခွန်း တစ်ခု ပြောပါတယ်။ မိန့်ခွန်းထဲပါတာကတော့ လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပြသနာကို ဖြေရှင်းဖို့ပါ။ ဒီအတွက် “ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine)” လို့ နာမည်ပေးပြီး သူကိုယ်တိုင် ဦးဆောင်မယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာမယ့်သူတွေ အတွက်တင်မက ဒိုင်းနက်၊ မြိုအစရှိတဲ့ တိုင်းရင်းသားတွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ ရခိုင်တိုင်းရင်းသားတွေ အားလုံးအတွက် ဆောင်ရွက်မယ်၊ ဒီအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်ကူညီဖို့ မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ် ပြသနာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ဖြေရှင်းမှာပါလဲ၊ အောင်မြင်မှုရော ရနိုင်ပါ့မလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြသနာနဲ့ ပတ်သက်ပြီး သူ လုပ်ကိုင်မယ့် ဦးစားပေး လုပ်ငန်း သုံးခု ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ အဲဒါတွေကတော့ လူသားချင်း စာနာမှုအကူအညီတွေ ထိထိရောက်ရောက်ပေးပြီး ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဒေသဖွ့ံ့ဖြိုးရေးနဲ့ ရေရှည်ပဋိပက္ခ ကင်းဝေးရေး လုပ်ငန်းစဉ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်ဘက်မှာ ပေါ်ပေါက်နေတဲ့ လင်ငင်းအကျဆုံး ပြသနာကတော့ အဲဒီမှာ နေထိုင်သူ အားလုံး စားနပ်ရိက္ခာက အစ အကူအညီ အကြီးအကျယ် လိုအပ်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းထဲမှာတော့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ထိထိရောက်ရောက် ပေးရေး ဆိုပြီး ဖော်ပြထားပါတယ်။ ဒီလို အခက်အခဲတွေ ရှိတာကြောင့်မို့လို့ပဲ စစ်ဆင်ရေးတွေ မရှိတော့တဲ့တိုင်၊ နယ်မြေ အေးချမ်းပြီလို့ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေ ပြောဆိုနေကြတဲ့တိုင် မူဆလင် ကျေးရွာသားတွေ ဘင်္ဂလားဒေ့ရှ်ဘက် ဆက်ပြီး ထွက်ခွာနေကြတာ ဖြစ်ပါတယ်။

ပြောရရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြန်လာမယ့်သူတွေကို လက်ခံကျွေးမွေးဖို့ မဆိုထားနဲ့ဦး၊ လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ထွက်မပြေးပဲ ကျန်နေခဲ့သူတွေကို ကျွေးရမွေးရ စောင့်ရှောက်ရမယ့် အတွက်ကိုပဲ ကုန်ကျစားရိတ် အလွန်ကြီးကြီးမားမား ရှိနေတယ် ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဒါကြောင့်လဲ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ စီမံကိန်းထဲမှာ တိုင်းသူပြည်သားတွေ၊ ပြည်တွင်း NGO တွေ၊ CSO တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပူးပေါင်းပါဝင်ကြဖို့ အလေးအနက် မေတ္တာ ရပ်ခံခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဒါဟာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

အခုလက်ရှိ ပြသနာနဲ့ ပတ်သက်ပြီး စနစ်တကျ ဖြေရှင်းနိုင်ဖို့ ဆိုရင် ပြသနာတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေကို အရင်ရှာဖို့ လိုပါတယ်။ ဒါမှ ရေရှည်ထိရောက်တဲ့ အောင်မြင်တဲ့ ဖြေရှင်းနည်း ဖြစ်မှာပါ။ လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းက ထွက်မပြေးပဲ ကျန်ခဲ့တဲ့ မူဆလင်တွေရော၊ မြို့ပေါ်နဲ့ တောင်ပိုင်းကို ထွက်ပြေးပြီး ပြန်ရောက်လာတဲ့ ရခိုင်နဲ့ တိုင်းရင်းသားတွေပါ ဘာကြောင့် စားနပ်ရိက္ခာ အပါအဝင် နေရေးထိုင်ရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရသလဲ ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ နေအိမ်တွေကနေ စွန့်ခွာ ထွက်ပြေးကြရတဲ့ ရခိုင်နဲ့ တိုင်းရင်းသားတွေကတော့ တည်ငြိမ်မှု မရှိသေးလို့၊ ဝမ်းစာအတွက် အလုပ်မလုပ်နိုင်သေးလို့ စားဝတ်နေရေး အခက်အခဲ ဖြစ်ရတာပါ။

အလားတူ ထွက်မပြေးပဲ ကျန်နေသေးတဲ့ မူဆလင်တွေ ကိုယ်တိုင်လည်း စားဝတ်နေရေးအတွက် အလုပ်လုပ်နိုင်ကြသေးတာ မဟုတ်ပါဘူး။ အကြောင်းကတော့ အကြမ်းဖက် တိုက်ခိုက်ခံရမှု၊ တပ်မတော်ရဲ့ နယ်မြေ ရှင်းလင်းမှု လုပ်နေတဲ့ ကာလ အပိုင်းအခြား အဲဒီ မူဆလင်တွေဟာ သူတို့ရွာကနေ ထွက်ပြီး ဘယ်ကိုမှ မသွားနိုင်မလာနိုင်၊ သွားခွင့်၊ လာခွင့် မရကြလို့ပါ။ တကယ်လို့ အခြေအနေ တည်ငြိမ်ပြီး တစ်ရွာကနေ တစ်ရွာ သွားလာကူးလူးနိုင်သည် ဆိုစေဦး၊ သူတို့သက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လုပ်ဖို့ မလွယ်ကူသေးပါဘူး။ အကြောင်းကတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ် ပေါ်ပေါက်အပြီး သူတို့ ပုံမှန် လုပ်နေကြ ငါးဖမ်းလုပ်ငန်း၊ ကုန်သွယ် ကူးသန်းလုပ်ငန်း၊ တောတောင်တွေထဲဝင်ပြီး သစ်သီးသစ်ရွက်နဲ့ သားငါး ရှာဖွေ စားသောက်တဲ့ လုပ်ငန်း အားလုံးနီးပါး ပြိုလဲ ပျက်စီးခဲ့လို့ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက မူဆလင်တွေရဲ့ သက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ဘာကြောင့် ပျက်စီးခဲ့တာလဲ၊ အဲလို ပိုပိုပြီး ဆင်းရဲမွဲတေသွားတဲ့ မူဆလင်တွေကို ဘာကြောင့် အကြမ်းဖက် သမားတွေက စည်းရုံးလို့ ရသွားတာလဲ၊ ဘာကြောင့် အကြမ်းဖက်မှု လုပ်နိုင်သွားရတာလဲ စတာတွေပါ ဆက်စပ် စဉ်းစားဖို့ လိုပါတယ်။ ရှင်းရှင်းလင်းလင်း ပြောရရင် လတ်တလော အဲဒီ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခရော၊ ရှေ့ပိုင်းမှာ ဖြစ်ခဲ့တဲ့ ပြသနာတွေ အားလုံးဟာ အရင် စစ်အာဏာရှင်တွေနဲ့ လက်ရှိ တပ်မတော် ခေါင်းဆောင်တွေရဲ့ အဲဒီ ဒေသက မူဆလင်တွေ အပေါ် ထားတဲ့ သဘောထားအပေါ်ကနေ အခြေခံပြီး ပေါက်ဖွားလာတာတွေပဲ ဖြစ်ပါတယ်။ အရင် စစ်အာဏာရှင်တွေနဲ့ လက်ရှိ တပ်မတော် ခေါင်းဆောင်တွေဟာ အဲဒီဒေသက မူဆလင်တွေဆိုတာ နဂိုက ရှိခဲ့တာ မဟုတ်ဘူး၊ ၁၈၂၄ ခုနှစ် နယ်ချဲ့ဗြိတိသျှတွေ မြန်မာနိုင်ငံကို ကျူးကျော်စစ်ဆင်နွဲှ၊ မြန်မာ့မြေတွေကို ကိုလိုနီပြု သိမ်းပိုက်၊ အဲဒီအချိန်ကစ လယ်ကူလီ လုပ်ဖို့ ခေါ်သွင်းလာရင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် နောက်ပိုင်း အရည်အတွက် များပြားလာတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် အဲဒီ မူဆလင်တွေဟာ မြန်မာတိုင်းရင်းသားတွေ မဟုတ်သလို၊ မြန်မာ နိုင်ငံသားတွေလည်း မဟုတ်ဘူး၊ ခိုးဝင်တွေပဲ ဖြစ်တယ်၊ ဒါကြောင့် သူတို့ကို ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနဲ့ စိစစ်ရမယ်၊ ဥပဒေအရ နိုင်ငံသား မဖြစ်ရင် နိုင်ငံမဲ့တွေအဖြစ် စခန်းတွေမှာ စုစည်းထားမယ်၊ နိုင်ငံတကာက ခေါ်ရင် သွားခွင့်ပေးမယ် စသဖြင့် ခံယူထားပြီး၊ အဲဒီအတိုင်း ဖြစ်အောင်လည်း အကောင်အထည် ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ အယူအဆ ခံယူချက်ကနေ ပေါ်ပေါက်လာတာတွေကတော့ အဲဒီ လူတွေဟာ တို့နိုင်ငံသားတွေ မဟုတ်တဲ့အတွက် သူတို့အတွက် ဖွံ့ဖြိုးရေး လုပ်ပေးဖို့ မလိုဘူး၊ နိုင်ငံတကာကလည်း သူတို့ကို အကူအညီ ပေးစရာ မလိုဘူး ဆိုတဲ့ လုပ်ကိုင်ဆောင်ရွက်မှုမျိုးတွေပါ။ လက်ရှိအချိန်ထိ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေ အဲဒီလို ခံယူချက်နဲ့ အကောင်အထည် ဖော်နေကြတာပါ။ အဲဒီလို အကောင်အထည် ဖော်တာကြောင့်လဲ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နေထိုင်သူအားလုံး ဆင်းရဲမွဲတေပြီး နောက်ဆုံး အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်ဝါဒ ခြေကုပ်ရသွားရုံမက၊ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဘက် ဝင်ပြေး၊ မြန်မာအစိုးရနဲ့ တပ်မတော်ကို တစ်ကမ္ဘာလုံးက ပြစ်တင်ရှုတ်ချ ဆိုတဲ့ အခြေအနေထိ ရောက်သွားရတာပါ။

ဒီအတွက် ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြသနာတွေ ပြေလည်အောင် ဖြေရှင်းချင်တယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်ရှိ တပ်မတော်ခေါင်းဆောင်တွေရဲ့ အဲဒီဒေသမှာ နေထိုင်တဲ့ မူဆလင်တွေအပေါ် သဘောထားပြောင်းဖို့၊ ကိုလိုနီ စနစ်ဆိုးက ထားခဲ့တဲ့ ဆိုးမွေကို အခြား ကမ္ဘာပေါ်က နိုင်ငံတွေနည်းတူ အမျှော်အမြင်ရှိရှိ ဖြေရှင်းဖို့စည်းရုံးဆွဲဆောင်ဖို့ လိုပါတယ်။ တပ်မတော် စည်းရုံးဆွဲဆောင်ဖို့ လိုပါတယ်။ တပ်မတော် ခေါင်းဆောင်တွေနဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ အဲလို နားလည် လက်ခံပါမှ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖွံ့ဖြိုးရေး စီမံကိန်း ဆိုတာမျိုးကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG