သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲက Deadlock (ညှိုနှိုင်းမရနိုင်တာ) ဘာတွေဖြစ်မလဲ ဘယ်လို ကျော်ဖြတ်မလဲ


နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးမြင်ကွင်း။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရဟာ အခု ၂၀၁၈ ခုနှစ်ထဲမှာ ၂၁ရာစု ပင်လုံညီလာခံ တစ်ကြိမ်၊ ၂၀၁၉ ထဲမှာ (၂) ကြိမ် စုစုပေါင်း ၃ ကြိမ်ကျင်းပဖို့ လျာထားပြီး အဲဒီ သုံးကြိမ်ပြီးရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အဖြေရလာဒ် တစ်ခု ထွက်လာဖို့ မျှော်လင့်ထားပါတယ်။ ဒီမျှော်လင့်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ကရော၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပါ ပြောဆိုထားတာပါ။ အခြားတစ်ဖက်မှာတော့ မြောက်ပိုင်းက အင်အားကြီး လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ (၇) ဖွဲ့နဲ့ KNPP ကရင်နီ လက်နက်ကိုင်အဖွဲ့လိုမျိုးကလည်း NCA လက်မှတ်ထိုးတဲ့ အခြေအနေကို ရောက်မလာသေးပါဘူး။ ဒါတင်မက NCA လက်မှတ်ထိုးပြီး အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးနေကြတဲ့ KNU ကရင်လက်နက်ကိုင် အဖွဲ့နဲ့ အခြားအဖွဲ့တွေကလည်း ဆွေးနွေးမှုတွေမှာ Deadlock, ပိတ်ဆို့မှုတွေ ဖြစ်နေပြီး ရှေ့မတိုးနိုင်တော့လို့ နှစ်ဖက် ခေါင်းဆောင်တွေခြင်း တွေ့ကြဖို့ ကြိုးစားနေချိန်လည်း ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ Deadlock တွေက ဘာတွေ ဖြစ်မလဲ ဆိုတာ ဆွေးနွေးကြည့်ကြရအောင်ပါ။

ငြိမ်းချမ်းရေး ဖော်ဆောင်နေသူတွေ ပထမဦးဆုံးကြုံရတဲ့ Deadlock ကတော့ ၀၊ ကချင် အပါအ၀င် မြောက်ပိုင်းက လက်နက်ကိုင် (၇) ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေးပါ။ လက်ရှိ အဲဒီ (၇) ဖွဲ့ဟာ ၀ အဖွဲ့ကို ခေါင်းဆောင်တင်ပြီး ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ FPNCC လို့ခေါ်တဲ့ တပ်ပေါင်းစု တစ်ခု ဖွဲ့ထားပါတယ်။ အဲဒီ အဖွဲ့တွေဘက်က အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေးမယ် ဆိုရင် သူတို့ တစ်ဖွဲ့ချင်းနဲ့ မဆွေးနွေးဘူး၊ FPNCC အနေနဲ့ စုပေါင်းပြီး ဆွေးနွေးချင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် တပ်မတော်ဘက်ကတော့ ဒါကို လက်မခံပါဘူး။ လက်ရှိ အစိုးရနဲ့ တပ်မတော်ဟာ NCA လမ်းကြောင်းအတိုင်း သွားနေတယ်၊ တကယ်လို့ FPNCC ကို တပ်ပေါင်းစု အနေနဲ့ လက်ခံ ဆွေးနွေးမယ် ဆိုရင် NCA မဟုတ်တဲ့ အခြား လမ်းကြောင်း တစ်ခု ဖြစ်သွားမယ်၊ ဒါကြောင့် တပ်ပေါင်းစုနဲ့ မဆွေးနွေးလိုဘူး၊ ဒါပေမယ့် FPNCC အနေနဲ့ NCA လက်မှတ်ထိုးရေးကိစ္စကို ဦးတည် ဆွေးနွေးမယ် ဆိုရင်တော့ FPNCC ကို လက်ခံဆွေးနွေးနိုင်တယ် ဆိုတဲ့ သဘောထားပါပဲ။ လက်ရှိအချိန်မှာ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့တွေဟာ ၀ တပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ ပုံမှန်တွေ့ဆုံမှုတွေ လုပ်နေပြီး ၀ တပ်ဖွဲ့ဘက်က NCA လက်မှတ်ထိုးပြီးရင် NCA စာချုပ်ပါ အချက်တွေကို ပြင်လို့ ရနိုင်မလား၊ နောက် မကြိုက်တော့ဘူး ဆိုရင် NCA စာချုပ်ထဲကနေ ပြန်နှုတ်ထွက်လို့ ရသလား၊ အဲဒီ (၂) ချက် အဆင်ပြေရင် NCA လက်မှတ်ထိုးနိုင်တဲ့ သဘောထား ရှိနေပြီး တပ်မတော်ဘက်က အဲဒါကို ဘယ်လို တုန့်ပြန်မလဲ ဆိုတာကတော့ မသိရသေးပါဘူး။

တစ်ပြိုင်နက်တည်းမှာ ငြိမ်းချမ်းရေး ကော်မရှင် တာဝန်ရှိသူတွေဟာ မိုင်းလား အဖွဲ့၊ ကေအိုင်အေ အဖွဲ့တွေနဲ့လည်း တစ်ဖွဲ့ချင်းစီ တွေ့ဆုံဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဒီကြားထဲမှာ အရင်က အဆက်အဆံ မလုပ်ခဲ့တဲ့ ကိုးကန့်တပ်ဖွဲ့၊ ရခိုင် AA နဲ့ တအဲန်းပလောင် တပ်ဖွဲ့တွေနဲ့လည်း ပြန်ပြီး တွေ့ဆုံမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ငြိမ်းချမ်းရေး ညီလာခံကာလ အဲဒီ သုံးဖွဲ့ ခေါင်းဆောင်တွေကို ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက လက်ခံတွေ့ဆုံခဲ့ပြီး သိပ်မကြာသေးခင်တုန်းကတော့ တရုတ်နိုင်ငံရဲ့ စီစဉ်ပေးမှုနဲ့ ယူနန်ပြည်နယ် ခွင်းမင်မှာ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့က သွားပြီး တွေ့ဆုံခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက တပ်မတော်ရဲ့ သဘောထားဖြစ်တဲ့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ကြောင်း ကြေငြာချက်ထုတ်ပြန်ရင် နှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တစ်ခုခု ရေးထိုးနိုင်မယ့် အခြေအနေမျိုး ဖန်တီးဖို့ပါ။

နောက်ထပ် ကြုံရတဲ့ Deadlock နှစ်ခုကတော့ အဲဒီထက် ခက်ခဲမယ့် သဘောရှိပါတယ်။ အဲဒါကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပြည်ထောင်စုကနေ ခွဲမထွက်ပါဘူး ဆိုတဲ့အချက် ညှိမရတဲ့ကိစ္စနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို နောင် ဘယ်လို လုပ်မလဲ ဆိုတဲ့ ကိစ္စပါ။

ပြီးခဲ့တဲ့ ပင်လုံညီလာခံ တစ်ကြိမ်မှာ အစိုးရနဲ့ တပ်မတော်ဘက်က နိုင်ငံရေးဆွေးနွေးမှုထဲ “ ပြည်ထောင်စုကနေ ခွဲမထွက်ရ” ဆိုတဲ့ စာပိုဒ်ထည့်သွင်းဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေဘက်က မလိုအပ်လို့ မထည့်ချင်ဘူး ဆိုတဲ့ သဘောထားမျိုးပေးပါတယ်။ ညှိမရ၊နှိုင်းမရတဲ့အဆုံး အဲဒီအချက်ကို မထည့်သွင်းတော့သလို၊ နောက်ထပ် ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတယ် ဆိုတဲ့ကိစ္စ၊ ပြည်နယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲပြဌာန်း ကျင့်သုံးနိုင်ရေး ကိစ္စတွေကိုလည်း တပ်မတော်ဘက်က လက်ခံဆွေးနွေးခြင်း မပြုတော့ပါဘူး။ ဒါကြောင့် ပင်လုံညီလာခံတွေကနေ နိုင်ငံရေးအရ အရေးကြီးတဲ့ သဘောတူညီချက် မရခဲ့ကြပါဘူး။ အလားတူ “လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း” ခေါင်းစဉ်အောက်မှာလည်း နိုင်ငံမှာ တပ်မတော် တစ်ခုတည်းသာ ရှိရမယ် ဆိုတာလောက် သဘောတူညီကြပေမယ့် ကျန်တာကိုတော့ မဆွေးနွေးနိုင်ကြသေးပါဘူး။ တိုင်းရင်းသားတွေဘက်က တပ်မတော်ကို ပြည်ထောင်စု တပ်မတော်ကြီးအဖြစ် ပြုပြင်ပြောင်းလဲတာမျိုး လုပ်ချင်ပေမယ့်၊ တပ်မတော်ဘက်ကတော့ တပ်မတော်ကို ပြုပြင်ပြောင်းလဲဖို့ မလိုအပ်ဘူး၊ တိုင်းရင်းသား တပ်ဖွဲ့တွေကိုသာ တပ်မတော်ထဲ ပုံစံတစ်ခုခုနဲ့ ပူးပေါင်းတာမျိုးကိုသာ လိုချင်နေတာပါ။

ဒီလို ခက်ခဲတဲ့ Deadlock တွေရှိနေသလို အခြား အခက်အခဲတွေလည်း ရှိနေပါသေးတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ RCSS/SSA ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ အနေနဲ့ လူထုတွေ့ဆုံပွဲတွေ လုပ်ဖို့ နားလည်မှု မရနိုင်ကြသေးပါဘူး။ ဒီလို ပြသနာကြီးတွေ ဖြေရှင်းနိုင်ရေး ကေအဲန်ယူ ဥက္ကဌ စောမူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့က အစိုးရ၊ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ထိပ်သီးခေါင်းဆောင်တွေချင်း တွေ့ဆုံဖို့ ကြိုးစားမှု ရှိလာပါတယ်။ ဒါပေမယ့် လတ်တလော အဆင်မပြေသေးပါဘူး။ အခြားတစ်ဖက်မှာတော့ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဟာ အရင် ၀န်ကြီးဟောင်းဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့လောက် စွမ်းဆောင်ရည် မရှိဘူး ဆိုတဲ့ ဝေဖန်ချက်တွေလည်း ရှိနေပါတယ်။ တကယ့်တကယ်မှာလည်း ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ အဖွဲ့ဟာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အလွတ်သလော၊ အလုပ်သဘော ထိတွေ့၊ ဆက်ဆံမှု အရည်အတွက် အများကြီးနည်းနေပါတယ်။ ဒါကိုလည်း လက်ရှိ ငြိမ်းချမ်းရေး အဖွဲ့က တာဝန်ရှိသူတွေ ၀န်ခံကြပါတယ်။

တိုးတက်မှုလို့ ပြောနိုင်တာကတော့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်တဲ့ လုပ်ငန်း၊ ဒေါ်အောင်ဆန်းစုကြည် လက်လွှဲရယူပြီး ၂နှစ်ခွဲ ပတ်ဝန်းကျင် ရှိလာချိန်မှာ နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးသုတေသီတွေနဲ့ အခြားပညာရှင်တွေကို ဖိတ်ခေါ်ပြီး Stakeholder အစည်းအဝေး ပြန်ကျင်းပနိုင်ခြင်းပါ။ တကယ်တော့ အရင် ၀န်ကြီးဦးအောင်မင်း ငြိမ်းချမ်းရေး အကောင်အထည် ဖော်စဉ်ကာလတုန်းက ပျမ်းမျှ တစ်လ တစ်ကြိမ်လောက် Stakeholder အစည်းအဝေးနဲ့ ကွန်မြူနတီဖိုရမ် လုပ်ပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဖြစ်ပေါ်တိုးတက်သမျှ အသိပေး၊ အပြန်အလှန် ဆွေးနွေးမှု ပုံမှန် လုပ်ခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်သမျှ ဒီ Stakeholder တွေကနေ တဆင့် ပြည်သူတွေ ပြန်ပြီးသိနိုင်၊ နားလည်နိုင်မယ့် အခွင့်အရေး ရသွားစေမှာဖြစ်ပါတယ်။ အားလုံးကို ခြုံပြီး သုံးသပ်ရရင် ဒီ Deadlock တွေကို ကျော်ဖြတ်နိုင်ဖို့၊ နှစ်ဖက် ခေါင်းဆောင်တွေ တကယ့်ကို စိတ်ပါလက်ပါ ညှိနှိုင်း အပေးအယူ လုပ်ကြဖို့ လိုနေသေးသလို၊ ငြိမ်းချမ်းရေး အကောင်အထည် ဖော်တဲ့အဖွဲ့ဘက်ကလည်း ဒီထက် အများကြီး ကြိုးစား အားထုတ်ဖို့ လိုအပ်နေပါသေးကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG