သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူရဦးရွှေမန်းကံကြမ္မာ ဘာဆက်ဖြစ်လာနိုင်မလဲ


Thura U Shwe Mann (Photo- Thura U Shwe Mann's Facebook)
Thura U Shwe Mann (Photo- Thura U Shwe Mann's Facebook)

ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ထူးခြားမှု တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ အရင် ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း ဦးဆောင်နေတဲ့ “ ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်” သက်တမ်းတိုးရေး ကိစ္စ တင်ပြရာမှာ ခါတိုင်းနှစ်လိုပဲ တပ်မတော်ဘက်က ကန့်ကွက်တဲ့ အတွက် မဲခွဲ ဆုံးဖြတ်ပါတယ်။ ထူးခြားချက်ကတော့ အခုနှစ် မဲခွဲရာမှာ ထောက်ခံမဲ ၂၀၊ ကန့်ကွက်မဲ ၅၅၅ မဲနဲ့ သက်တမ်းတိုးမယ့် ကိစ္စ ပြတ်ပြတ်သားသား ပယ်ချခံလိုက်ရပါတယ်။ ထင်မှတ်မထားတဲ့ အဲဒီ ရလာဒ်နဲ့ ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ်တွေ ဘက်ကတောင် အံ့သြသွားတဲ့အကြောင်း နောက်ပိုင်း ဗိုလ်မှူးချုပ်မောင်မောင်က သတင်းထောက်တွေကို ပြောပါတယ်။ သူရဦးရွှေမန်း ဦးဆောင်တဲ့ အဲဒီ အထူးကော်မရှင်ကို အင်န်အယ်လ်ဒီ ဘက်က ဘာကြောင့် ရပ်ဆိုင်းလိုက်ရတာလဲ၊ နောက်ပိုင်း သတင်းထောက်တွေနဲ့ အင်တာဗျူးမှာ သူ့ကို အဲဒီ ကိစ္စ ကြိုတင်ညှိနှိုင်းတာမျိုး မရှိခဲ့ဘူးလို့ သူရဦးရွှေမန်းက ပြောလိုက်တဲ့အတွက် သူနဲ့ အင်န်အယ်လ်ဒီ ဆက်ဆံရေး ဘယ်အဆင့်ရောက်နေသလဲ၊ နောက်ပိုင်း သူရဦးရွှေမန်းရဲ့ ကံကြမ္မာ ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေး တင်ပြသွားပါမယ်။

ပထမဦးဆုံးအနေနဲ့ သူရဦးရွှေမန်းရဲ့ အဲဒီ အထူးကော်မရှင် ဘယ်လို ပေါ်ပေါက်လာသလဲ အရင်ပြန်ကြည့်ကြရအောင်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်ကာလဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပြည်ခိုင်ဖြိုးပါတီထဲမှာ ဂိုဏ်းဂဏ ပြသနာ အကြီးအကျယ် တက်နေတဲ့ အချိန်လို့ ဆိုနိုင်ပါတယ်။ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ထဲက ပြည်ခိုင်ဖြိုး အမတ်တွေ အုပ်စုက တစ်ဖက်၊ သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုး အုပ်စုအပါအဝင် တပ်မတော်က တစ်ဖက် ပဋိပက္ခ ဖြစ်ကြတဲ့ပွဲမှာ သူရဦးရွှေမန်း အုပ်စု ရှုံးပြီး သန်းခေါင်ယံ အာဏာသိမ်းပွဲလို့ ခေါ်တဲ့ ပါတီတွင်း ဖြုတ်၊ ထုတ်၊ ဖယ်ရှားတာ ခံလိုက်ရပါတယ်။ တဖက်အင်အားစုရဲ့ ထိုးနှက်ချက်ဟာ အဲလောက်မကပဲ အရင် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို လုပ်သလို အရေးယူနိုင်ဖို့ အထိ ကြိုးစားတာ ရှိခဲ့ပေမယ့် နိုင်ငံမှာ အဆင့် နံပတ်(၄) ခေါင်းဆောင်ဖြစ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ရာထူးရယူထားတာမို့ ဦးဆန်းဆင့် ကံကြမ္မာလိုတော့ မဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် သူရဦးရွှေမန်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်၊ လွှတ်တော် သက်တမ်းကုန်ရင် သာမန် အရပ်သားတစ်ယောက် ပြန်ဖြစ်သွားမှာမို့ သူ့အခြေအနေ စိုးရိမ်ရပြန်ပါတယ်။ ဒီလို အခြေအနေမှာ သူနဲ့ ရင်းနှီးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးညှိနှိုင်းရာကနေ တဆင့် လွှတ်တော်မှာ အထူးကော်မရှင်ဖွဲ့၊ သူရဦးရွှေမန်း ဥက္ကဌ ရာထူးရပြီး ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ် တစ်ယောက် ပြန်ဖြစ်လာတာပါ။ သူ့အတွက် ဖွဲ့စည်းတယ်လို့ ယူဆ ရတဲ့ အဲဒီ အထူးကော်မရှင်ကို ၂၀၁၆ ကတည်းက တပ်မတော်သား အမတ်တွေ ကန့်ကွက်ခဲ့တာပါ။ ကန့်ကွက်ရုံမက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်သည်အထိ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် တပ်မတော်ဘက်က မအောင်မြင်ခဲ့ပဲ သူရဦးရွှေမန်းဟာ လွှတ်တော် တာဝန်ရှိပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ နိုင်ငံရေး စင်မြင့်ထက်မှာ ဆက် ရှိနေပြီး နိုင်ငံတကာ တာဝန်ရှိသူတွေ လာရောက်တွေ့ဆုံရတဲ့ ပုဂ္ဂိုလ် အဆင့်ထိ ရောက်နေခဲ့ပါတယ်။

လွှတ်တော်မှာ အထူးကော်မရှင် ဖွဲ့ပေးပြီး သူရဦးရွှေမန်းကို ဥက္ကဌ နေရာပေးရတာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အတွက် သူရဦးရွှေမန်းကို ကယ်တင်တာ တစ်ခုတည်း မဟုတ်ပဲ အခြားသော ရည်ရွယ်ချက်တွေလည်း ပါနိုင်ပါတယ်။ အထူးသဖြင့် လွှတ်တော် အကူးအပြောင်းကာလမှာ အင်န်အယ်လ်ဒီ အမတ်တွေ လွှတ်တော် ယန္တယား တစ်ခုလုံးကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်နိုင်ဖို့ အရေး သူရဦးရွှေမန်းရဲ့ အကူအညီ အများကြီး လိုပုံရပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေးယန္တယားကြီး တစ်ခုလုံးအတွက် လူပေါင်းများစွာ ရွေးချယ် ခန့်ထားရာမှာ သူရဦးရွှေမန်းရဲ့ အကူအညီကို ရယူလိုတာလည်း ပါနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူရဦးရွှေမန်းကတော့ အရင် သူ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကို ကော်မရှင်ထဲမှာ စုစည်းပြီး သြဇာတစ်ခု ထူထောင်ထားနိုင်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။

ခုတော့ အင်န်အယ်လ်ဒီ ဘက်က အဲဒီ ကော်မရှင်ကို ဖျက်သိမ်းလိုက်ပါပြီ။ အခုလို သက်တမ်း တိုးမပေး၊ ဖျက်သိမ်းလိုက်ရတာနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ ပြောခွင့်ရ လွှတ်တော် အမတ် ဦးအောင်ကြည်ညွန့်က သူရဦးရွှေမန်းဟာ နိုင်ငံရေးပါတီ တစ်ခု တည်ထောင်ထားပြီး ခေါင်းဆောင် ဖြစ်နေတယ်၊ ဒါတင်မက သူ့ရဲ့ အထူးကော်မရှင်က လူ ၁၂ ယောက်လောက်ကလည်း အဲဒီ ပါတီ ခေါင်းဆောင်တွေ ဖြစ်နေတယ်၊ အဓိပ္ပါယ်အရ လွှတ်တော် အနေနဲ့ ပါတီ တစ်ခုရဲ့ အကြံပေးတာ၊ အကူအညီ ပေးတာကို ယူရမယ့် သဘောမျိုးဖြစ်နေပြီး အဲဒါဟာ မသင့်တော်တဲ့ အတွက် ကော်မရှင်ကို ရပ်ဆိုင်းလိုက်ရတာလို့ ပြောပါတယ်။ ဒါပေမယ့် ထူးခြားတာက အဲလို လုပ်မယ်ဆို ဘာကြောင့် သူရဦးရွှေမန်းနဲ့ မတိုင်ပင်ရသလဲ ဆိုတဲ့ ကိစ္စပါ။

လွှတ်တော်တွင်း မဲခွဲပြီးလို့ သတင်းထောက်တွေ သူရဦးရွှေမန်းရဲ့ ရုံးခန်းကို စုပြီးသွား၊ အဲဒီမှာ သူရဦးရွှေမန်းရဲ့ ဖြေပုံကိုကြည့်ရင် တကယ်ပဲ သူ ကြိုမသိတာ တွေ့ကြရပါတယ်။ မေးခွန်းတွေ များပေမယ့် သူရဦးရွှေမန်း ပြန်ဖြေနိုင်တာကတော့ နည်းနည်းလေးပါ။ သူထောင်ထားတဲ့ ပါတီအတွက် အလုပ်တွေ ပိုလုပ်လိမ့်မယ် ဆိုတာလောက် အပြင် အခြား အထွေအထူး ဘာမှ သိပ် မပြောနိုင်ပါဘူး။

ဒီလို ကြိုတင်ညှိနှိုင်းတာမျိုး မလုပ်တဲ့အတွက် သူရဦးရွှေမန်းနဲ့ အင်န်အယ်လ်ဒီ ပါတီအကြား ဆက်ဆံရေး သိပ်ကောင်းပုံ မရဘူး ဆိုတဲ့ မှန်းဆချက်လည်း ထွက်ပေါ်လာပါတယ်။ သူရဦးရွှေမန်း အနေနဲ့ အထူးကော်မရှင် ဥက္ကဌ တာဝန်ယူခဲ့တဲ့ ၃ နှစ်တာ ကာလ အတွင်း အစိုးရ အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်း တာဝန်ပေးရာမှာ၊ လွှတ်တော်တွင်း ဥပဒေပြုရေးနဲ့ ဆုံးဖြတ်ချက်တွေ ချရာမှာ သြဇာ အများကြီးညောင်းခဲ့ပုံရတယ်လို့ အင်န်အယ်လ်ဒီ အမတ်တွေက ပြောဆိုကြပါတယ်။ တစ်ချို့ အင်န်အယ်လ်ဒီ အမတ်တွေကတော့ လွှတ်တော်တွင်း ဆုံးဖြတ်ချက်တွေဟာ သူရဦးရွှေမန်း ဆီကလား၊ ဒါမှမဟုတ် အခြားဘယ်နေရာက လာသလဲ မသိဘူး လို့ ပြောကြသလို၊ အစိုးရအဖွဲ့ အဆင့်အသီးသီး ခန့်အပ်ရာမှာလည်း သူရဦးရွှေမန်းဟာ သူ့လူတွေကို ထည့်သွင်းနေတယ် လို့လည်း သံသယ ရှိကြပါတယ်။ ခုဆိုရင် သူရဦးရွှေမန်းဟာ သာမန် အရပ်သား ဖြစ်သွားပြီမို့ အဲလို ဝေဖန်ဖို့ လိုတော့မှာ မဟုတ်ပါဘူး။

သာမန် အရပ်သားဖြစ်သွားတဲ့ သူရဦးရွှေမန်းဟာ လွှတ်တော် အကာအကွယ်၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ် ဆိုတဲ့ အကာအကွယ် မဲ့သွားပြီမို့ အရင် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်လို ကံကြမ္မာမျိုး ကြုံနိုင်သေးသလား၊ မကြုံတော့ဘူးလား မမှန်းဆ နိုင်ပါဘူး။ လောလောဆယ် ပါတီ တည်ထောင်ထားသူမို့ ပါတီ တည်ဆောက်ရေး၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရေး လုပ်ရမယ် ဆိုပေမယ့် လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သူ့အနေနဲ့ နိုင်ငံရေးဘ၀ ကို အစ ကနေ ပြန်စရမယ့် အနေအထားမျိုး ရောက်သွားစေပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အင်န်အယ်လ်ဒီ ပါတီကို ပြည်သူအများစုကြီးက ထောက်ခံနေကြဆဲ ဖြစ်သလို၊ ပြည်ခိုင်ဖြိုးအတွက်လည်း သူ့အင်အားစုနဲ့ သူ ရှိနေပါတယ်။ အဲလို အခြေအနေမှာ သူရဦးရွှေမန်း တည်ထောင်ထားတဲ့ ပါတီအတွက် သီးသန့် အင်အားစု တစ်ခု ရှိလိမ့်မယ်လို့တော့ သိပ်ပြီး မမျှော်လင့်နိုင်ပါဘူး။ သူ့ကံကြမ္မာအတွက် အကောင်းဆုံး မျှော်လင့်နိုင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားပေးမှု၊ နေရာချထားမှု၊ မဟာမိတ် ပြုမှု၊ အသုံးပြုမှုတွေပါပဲ။ အဲဒါတွေ မရှိခဲ့ဘူး ဆိုရင်တော့ သူရဦးရွှေမန်း အနေနဲ့ အတိတ်ကာလတုန်းကလို နိုင်ငံရေးဇာတ်ခုံထက်ကို ပြန်တက်နိုင်ဖို့ အရေး မသေခြာ မရေရာလှကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG