နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့ ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့မီဒီယာ လွတ်လပ်ခွင့် အညွှန်းကိန်းမှာ မြန်မာကို အဆင့် ၁၃၇ မှာ သတ်မှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က မြန်မာရဲ့ မီဒီယာ လွတ်လပ်ခွင့် အညွှန်းကိန်းဟာ ၁၃၁ ရှိခဲ့တာမို့ အဆင့် ၆ဆင့် ကျဆင်းသွားတယ် ဆိုတဲ့ သဘောပါ။ ပုံမှန်အားဖြင့် ကြည့်ရင် တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်း တည်ထောင်မယ်လို့ ပြောဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရအဖွဲ့လက်ထက်မှာ တနှစ်အတွင်း ခုလို မီဒီယာ လွတ်လပ်ခွင့် ကျဆင်းသွားတာဟာ အံ့သြဖို့ ကောင်းနေပါတယ်။ ဒါပေမယ့် ဒီပြသနာမှာ နောက်ကွယ်က အကျိုးအကြောင်း အများကြီး ရှိနေပါတယ်။ မြန်မာ့ မီဒီယာ လွတ်လပ်ခွင့် ဘာကြောင့် ကျဆင်းသွားရသလဲ၊ နောင် လာမယ့် အချိန်တွေမှာရော မီဒီယာ လွတ်လပ်ခွင့် ဒီထက် တိုးတက်လာနိုင်ဦးမလား ဆိုတာ ခုတပတ် လေ့လာ တင်ပြသွားပါ့မယ်။
RSF ရဲ့ မီဒီယာ လွတ်လပ်ခွင့် အညွှန်းကိန်းကို ပြန်ကြည့်ရင် ၂၀၁၅ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က အဆင့် ၁၄၃ ရှိရာကနေ NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှာ အဆင့် ၁၃၁ ဖြစ်လာပါတယ်။ တနှစ်အတွင်း အဆင့် ၁၂ ဆင့်လောက် တက်လာတာမို့ မီဒီယာ လွတ်လပ်ခွင့် အတွက် အတော်လေး အားတက်စရာပါ။ ဒါပေမယ့် ၂၀၁၇ ခုနှစ် အတွက် အညွှန်းကိန်းမှာတော့ အဆင့် ၁၃၇ အထိ ပြန်ကျသွားတာမို့ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် စိုးရိမ်စရာ အခြေအနေ ပြန်ဖြစ်လာသလို၊ အခြားသော ဒီမိုကရေစီရေးနဲ့ တိုင်းပြည် တည်ဆောက်ရေး အတွက်လည်း စိုးရိမ်စရာပါ။ ဒါပေမယ့် အာဆီယံ အပါအဝင် အိမ်နီးချင်း တရုတ်၊ အိန္ဒိယ နိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံကသာ အဆင့် ၁၂၄နဲ့ ၁၃၃ ရှိပြီး မြန်မာထက် မီဒီယာ လွတ်လပ်ခွင့် ပိုရနေတာ တွေ့ရပါတယ်။ ကျန်နိုင်ငံတွေ အားလုံးဟာ မြန်မာထက် မီဒီယာလွတ်လပ်ခွင့် နည်းပါးနေတာမို့ ကျေနပ်မယ် ဆိုရင်လည်း ကျေနပ်နိုင်လောက် သေးတယ်လို့ ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ မီဒီယာ လွတ်လပ်ခွင့် ကျဆင်းသွားရတာနဲ့ ပတ်သက်ပြီး RSF ဘက်က မှတ်ချက်ပေးတာကတော့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွား၊ အဲဒါကို တပ်မတော်နဲ့ လုံခြုံရေးဘက်က ပြန်နှိမ်နင်းပြီးနောက် မူဆလင် ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားရတဲ့ ကိစ္စ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်သွားတဲ့ မူဆလင်တွေရဲ့ စွတ်စွဲချက်မှာ မြန်မာလုံခြုံရေး အဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်တဲ့ ပြသနာတွေ အများကြီး ရှိနေတယ် ဆိုပေမယ့် မှုခင်းဖြစ်ပွားခဲ့တဲ့ အဲဒီ ရခိုင်ပြည်နယ် မြောက်ပိုင်းကို မီဒီယာတွေ လွတ်လွတ်လပ်လပ် သွားရောက်သတင်းရယူခွင့် မရှိတဲ့ ကိစ္စ၊ သတင်းမီဒီယာ သမားတွေကို တပ်မတော်ဘက်က အရေးယူမှုဆိုင်ရာ ကိစ္စ၊ အခုနောက်ဆုံး ရိုက်တာ သတင်းထောက်နှစ်ယောက် ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ကိစ္စ စတဲ့ ပြသနာတွေကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် အခြား ပြသနာတွေလည်း ရှိနေပါသေးတယ်။
NLD အစိုးရလက်ထက် မီဒီယာလွတ်လပ်ခွင့် မျှော်မှန်းသလောက် မတိုးတက်ခဲ့တဲ့ အဓိက ပြသနာကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအဖွဲ့၊ လွှတ်တော်နဲ့ ပါတီ၊ အားလုံးက မီဒီယာတွေ အပေါ် ယုံကြည်မှု သိပ်မရှိတဲ့ ကိစ္စကနေ မြစ်ဖျားခံပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မြန်မာမီဒီယာတွေကို အဆင့်အတန်း တစုံတရာ ရှိတယ်လို့ သိပ်ပြီး ယူဆပုံ မပေါ်ပါဘူး။ မီဒီယာတွေကို လက်ရှိ အခြေအနေထက် လွတ်လပ်ခွင့် ပိုပေးလိုက်ရင် မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်လာနိုင်တယ်၊ တပ်မတော်နဲ့ ဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာနိုင်တယ်၊ အထူးသဖြင့် အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကလို အစိုးရကို အကြီးအကျယ် ဝေဖန်တာမျိုးတွေ ပေါ်ပေါက်လာနိုင်တယ် လို့ ထင်မြင်နေကြပုံ ရပါတယ်။
ဒါကြောင့်လည်း ရေဒီယိုနဲ့ ရုပ်သံ ထုတ်လွှင့်ခွင့်ဆိုင်ရာ အတည်ပြုပြီးသား ဥပဒေဟောင်းကို အသက်မသွင်းရုံမက ပြင်ဆင်ဖို့ ဆိုတာကိုလည်း အချိန်ဆွဲထားတာ တွေ့နိုင်ပါတယ်။ ဒီအတွက် လွတ်လပ်တဲ့ ပုဂ္ဂလိက ရေဒီယိုနဲ့ ရုပ်သံလွှင့် မီဒီယာတွေ တည်ထောင်ခွင့် မရသေးတာ ဒီကနေ့ အချိန်ထိပါပဲ။ အလားတူ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ရေးဆွဲခဲ့တဲ့ Right to information law လို့ခေါ်တဲ့ သတင်းသိပိုင်ခွင့် ဥပဒေလိုမျိုးဟာလည်း အစိုးရသက်တမ်း နှစ်နှစ်ကျော်လာသည်အထိ လွှတ်တော်ထဲ ရောက်လာနိုင်သေးပါဘူး။ ဒါကြောင့်လည်း အစိုးရဝန်ကြီးဌာနတွေဟာ သတင်းတွေကို ထုတ်ပြန်ချင် ထုတ်ပြန်မယ်၊ မထုတ်ပြန်ပဲလည်း နေနိုင်တယ်၊ မေးမြန်းလာတာတွေကိုလည်း ဖြေချင်ရင် ဖြေမယ်၊ မဖြေချင်လည်း ရတယ်၊ သတင်းထိမ်ချန်ထားလည်း ဘာပြသနာမှ မရှိဆိုတဲ့ အခြေအနေမျိုး ရှိနေဆဲဖြစ်တာ တွေ့နိုင်ပါတယ်။
မီဒီယာလွတ်လပ်ခွင့် ကျဆင်းသွားတဲ့ဆီမှာ နောက်ထပ် ပြသနာရှိသူကတော့ တပ်မတော်ဘက်ကပါ။ ပုံမှန်အားဖြင့် သတင်းမီဒီယာတွေဟာ တပ်မတော်ဘက်က သတင်းရယူနိုင်ခြင်း မရှိကြပါဘူး။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး Facebook စာမျက်နှာလိုမျိုးကနေ ထုတ်ပြန်ပေးသမျှကို သုံးရင်သုံး၊ မသုံးရင် အခြား အတည်ပြု မေးမြန်းစရာ နေရာ မရှိနိုင်ပါဘူး။ တပ်မတော်ဟာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေဆီ သတင်းသွားယူပြီး ပြန်လာတဲ့ မီဒီယာသမားတွေကို ဖမ်းဆီး ရုံးတင်ခဲ့ဖူးသလို၊ သရော်စာ ဖော်ပြတဲ့ ဂျာနယ် အယ်ဒီတာချုပ်ကိုလည်း ဖမ်းဆီး ရုံးတင်တာမျိုး လုပ်ခဲ့ဖူးပါတယ်။ အခုနောက်ဆုံး ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ဖမ်းဆီး ရုံးတင်တာဟာလည်း တပ်မတော် စစ်ဗိုလ်ချုပ် တယောက် ဦးဆောင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ပါပဲ။ ဒီထက် ပိုဆိုးတာကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သတင်းသွားယူရေး ကိစ္စပါ။ နိုင်ငံတကာ ဝေဖန်ချက် များလွန်းလို့၊ NLD အစိုးရဟာ အဲဒီ ဒေသကို သတင်းထောက်တွေ ဘယ်လောက် သွားခွင့်ပြုလိုသည် ဖြစ်စေ၊ တပ်မတော်နဲ့ လုံခြုံရေး တာဝန်ရှိသူတွေဘက်က သဘောမတူသမျှ ဘယ်နေရာကိုမှ စေလွှတ်ခွင့် မရှိပါဘူး။ လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်နေတဲ့ သတင်းရယူရေး ခရီးစဉ်အားလုံးဟာ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက် အောက်မှာပဲ သွားလာနေကြရတာမျိုးပါ။
မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ရင် နောက်ထပ် ပြသနာရှိနေတာကတော့ အစိုးရရဲ့ ဗျူရိုကရေစီ ယန္တယားကြီးပါ။ ခေတ်အဆက်ဆက် မတော်မတရားမှုတွေ၊ အဂတိလိုက်စားမှုတွေ၊ အကျင့်ပျက် ခြစားမှုတွေ အရည်အချင်းမဲ့မှုတွေနဲ့ ပြည့်နှက်နေတဲ့ အဲဒီ ယန္တယားက အရာထမ်း အများစုဟာ ထုတ်ပြန်သင့်တဲ့ သတင်း အချက်အလက်တွေကို ထုတ်ပြန်ပေးလိုစိတ် မရှိကြပါဘူး။ မီဒီယာတွေကို သတင်းပေးလိုစိတ် မရှိကြပါဘူး။ သတင်းအချက်အလက်တွေ ထုတ်ပြန်သည် ဖြစ်စေ၊ မထုတ်ပြန်သည် ဖြစ်စေ၊ သတင်းဌာနတွေရဲ့ မေးမြန်းတာကို ဖြေကြားသည် ဖြစ်စေ၊ မဖြေကြားသည် ဖြစ်စေ ဥပဒေကြောင်းအရ၊ ဝန်ထမ်းစည်းမျဉ်းအရ ဘာမှ ပြသနာ မရှိတာမို့ သတင်းအမှောင်ချပြီး နေမြဲနေနိုင်နေကြတာ ဖြစ်ပါတယ်။
အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် မီဒီယာလွတ်လပ်ခွင့် တိုးတက်လာဖို့အတွက် တာဝန်အရှိဆုံးဟာ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ၊ လွှတ်တော်နဲ့ NLD ပါတီပဲ ဖြစ်ပါတယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့် တိုးမြှင့်ပေးလိုက်တာဟာ အစိုးရနဲ့ လွှတ်တော် ယန္တယားတွေ ပိုကောင်းလာအောင် ထိန်းကျောင်းပေးတာ၊ အရည်အသွေး ပိုမြင့်လာအောင် ဝေဖန်မှုပေးတာ၊ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ရာမှာ အထောက်အကူ ပြုစေတာ၊ လူ့အခွင့်အရေးကို ပိုပြီး ထိမ်းသိမ်းမြှင့်တင် အကာကွယ်ပေးနိုင်တာ၊ ဒီမိုကရေစီ တိုင်းပြည် တည်ဆောက်ရေး အတွက် ပိုပြီး တတပ်တအား ဖြစ်စေတာလို့ ခံယူ ကျင့်သုံးတဲ့ အခါကျမှ မြန်မာ့မီဒီယာလွတ်လပ်ခွင့် အခုထက် ပို မြင့်တက်လာမှာ ဖြစ်ကြောင်းပါ။