သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ သဘောထား ပြောင်းနေပြီလား


KNU KNLA (ဓါတ်ပုံ- KNU KNLA Facebook)
KNU KNLA (ဓါတ်ပုံ- KNU KNLA Facebook)

လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေထဲမှာ တပ်မတော်နဲ့ နားလည်မှု အရှိဆုံး၊ ရင်းနှီးမှု အရဆုံးလို့ ယူဆနိုင်တဲ့ KNU ကရင်အမျိုးသား အစည်းအရုံး နဲ့ တပ်မတော်ကြား ထိတွေ့ တိုက်ပွဲတွေ စ ဖြစ်လာပြီး တဖက်နဲ့ တဖက် စွတ်စွဲပစ်တင်မှုတွေ ရှိလာနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ကတော့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ဟာ အဲဒီ ကရင်ပြည်နယ် ဖာပွန်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ရှည်လျားတဲ့ သတင်းထုတ်ပြန်ချက် တစ်ခု မြဝတီ သတင်းစာမှာ ဖော်ပြလာပါတယ်။ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဘာတွေ ပါသလဲ၊ ဒီ ထုတ်ပြန်ချက်အပါအဝင် လတ်တလော တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ ဆက်ဆံရေး အခြေအနေကို ကြည့်ပြီး တပ်မတော်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ထားတဲ့ သဘောထား ပြောင်းလဲစ ပြုလာပြီလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ချက်မှာ ပါတာက တပ်မတော် အနေနဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းက ၁၅ မိုင် အရှည်ရှိတဲ့ ခေးပူရွာနဲ့ လွယ်မူပလောရွာ ဆက်သွယ်ထားတဲ့ အရင် လမ်းကြောင်းဟောင်းကို ပြန်ပြီး ပြုပြင် မွမ်းမံ ဖေါက်လုပ်လိုတဲ့ အကြောင်း၊ ရည်ရွယ်ချက်ကတော့ ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံ ပြည်သူတွေ အသုံးပြုနိုင်ဖို့၊ တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှု ကိစ္စရပ်တွေမှာ ဆက်သွယ်ဆောင်ရွက်မှု လွယ်ကူစေဖို့ ဆိုပြီး ဖော်ပြထားပါတယ်။ ဒီအတွက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ နယ်မြေခံ KNLA ကရင်အမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့ ဆီကို ကြိုတင် အကြောင်းကြား ညှိနှိုင်းမှု ၁၁ ကြိမ် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ နယ်မြေခံ KNLA တပ်ဖွဲ့ဆီက သဘောတူညီချက် ရခဲ့တယ်လို့ ဖော်ပြမထားတဲ့ အတွက် သဘောတူညီချက် မရပဲ ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့က စပြီး လမ်းဖေါက်လုပ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအခါ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း လမ်းဖေါက်လုပ်ရေး ပြသနာကနေ စပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ကြားထဲမှာ ဖြစ်ပွားတဲ့ နောက်ပြသနာ တစ်ခုကတော့ မူတြော် (ဖာပွန်) ခရိုင်ဒေသ အရေးပေါ် ကူညီပေးရေး MEAT အဖွဲ့ဝင် တစ်ယောက် ပစ်ခတ် သေဆုံးသွားတဲ့ ကိစ္စပါ။ ဒါနဲ့ ပတ်သက်ပြီး MEAT ရဲ့ ထုတ်ပြန်ချက်မှာ တပ်မတော်နဲ့ ကရင်တပ်ဖွဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ကျေးရွာသား ၂၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ဒါကြောင့် အဲဒီ ထွက်ပြေးတိမ်းရှောင်နေရသူတွေကို အကူအညီပေးဖို့ ကေအဲန်ယူ နဲ့ အရပ်သားတွေ ပါဝင်တဲ့ MEAT အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ အဲဒီ အဖွဲ့ထဲက လယ်မူပလော ရွာသား အသက် ၄၂ နှစ်အရွယ် စောအိုမူး ဆိုသူဟာ ရွာအပြန်မှာ တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း၊ ဒါဟာ တပ်မတော် အနေနဲ့ NCA တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ချိုးဖေါက်ရုံမက လူ့အခွင့်အရေးကိုပါ ချိုးဖေါက်တယ် ဆိုပြီး စွတ်စွဲထားပါတယ်။ ဒါပေမယ့် တပ်မတော်ဘက်ကတော့ အဲဒီလူ နာမည်ဟာ စောကလိုပါး ဆိုသူဖြစ်ပြီး နှောင့်ယှက်ပစ်ခတ်ဖို့နဲ့ မိုင်းထောင်ဖို့ ကားလမ်းပေါ် ရောက်လာတာကြောင့် ပစ်ခတ်ဖမ်းဆီးရာကနေ သေဆုံးသွားတာ ဖြစ်ပြီး သူ့ဆီက ဗုံးသီးတွေ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတော့ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး အဖွဲ့ JMC ဆွေးနွေးပွဲကနေ တဆင့် နှစ်ဖက် တွေ့ဆုံဖို့ စီစဉ်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တွေ့ဆုံမယ့် ရက်မှာ နယ်မြေခံ KNLA တပ်မဟာ (၅) တပ်မဟာမှူး ပါဝင်တာ မရှိတဲ့အတွက် ဆွေးနွေးမှုကို ရွှေ့ဆိုင်းလိုက်တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကေအဲန်ယူ ဘက်ကတော့ တပ်မတော်နဲ့ ညှိနှိုင်းတိုင်ပင်မယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး သူတို့ဘက်မှာ MANT ဆိုတဲ့ အဖွဲ့ ဖွဲ့စည်းထားတဲ့အကြောင်း၊ အဲဒီအဖွဲ့ဟာ KNLA တစ်ခုလုံးနဲ့ တပ်မဟာ (၇) ခုစလုံးကို ကိုယ်စားပြုကြောင်း၊ အဲဒီအဖွဲ့ထဲမှာ တပ်မတော်ဘက်က ပြောတဲ့ တပ်မဟာ (၅) တပ်မဟာမှူး နဂိုကတည်းက မပါတဲ့အကြောင်း၊ တပ်မတော်နဲ့ ညှိမယ့်အထဲမှာ နယ်မြေခံ တပ်မဟာ(၅) အရာရှိတစ်ယောက် ပါဝင်ပြီးဖြစ်တဲ့အကြောင်း ပြန်ပြီး ရှင်းလင်းထားတာ တွေ့ရပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ထုတ်ပြန်ချက်ရဲ့ နိဂုံးပိုင်းမှာတော့ တပ်မတော်ဘက်ကတော့ တစ်ဖက်ကနေ လမ်းဟောင်းပြုပြင်တာ ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်သလို၊ အခြားတစ်ဖက်ကလည်း စေ့စပ်ညှိနှိုင်းသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီဖြစ်စဉ် တစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ကရင်လက်နက်ကိုင်တွေဘက်က သဘောတူချက် မရပဲ တပ်မတော်က လမ်းဖေါက်လုပ်လို့ ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ရတယ် ဆိုတာ ထင်ရှားပါတယ်။ ထိတွေ့မှုတွေ ဖြစ်တဲ့တိုင်လည်း တပ်မတော်ဘက်က လမ်းဖေါက်လုပ်ရေးကို ဆက်ပြီး လုပ်မယ်လို့ အတိအလင်း ကြေငြာတာ တွေ့ရပါတယ်။ တပ်မတော်ဘက်က အသုံးအနှုန်းကို ကြည့်ရင် ငြိမ်းချမ်းရေး၊ တစ်ဖက်နဲ့ တစ်ဖက် နားလည် ယုံကြည်မှု ရှိရေး ဆိုတာထက် မိမိတပ်များ အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်ရာတွင် အဆင်ပြေစေရေး ဆိုတာကို ပိုပြီး ဦးစားပေးပုံ ရပါတယ်။ ဒီလမ်း ဒေသခံတွေ အသုံးပြုဖို့ ဆိုတာကတော့ သိပ်ပြီး သဘာ၀ မကျလှပါဘူး။ အကြောင်းကတော့ လမ်းဖေါက်လို့ ထိတွေ့ တိုက်ပွဲဖြစ်ရတာကြောင့် ဒေသခံ ထောင်နဲ့ချီ စစ်ပြေးဒုက္ခသည်တွေ ဘ၀ ရောက်နေရပြီး ဖြစ်လို့ပါပဲ။ ပြောရရင် ဒီ လမ်းဖေါက်လုပ်ရေး ပြသနာကြောင့် ရင်းနှီးခဲ့တဲ့၊ ယုံကြည်ခဲ့ကြတဲ့ တပ်မတော်နဲ့ ကေအဲန်ယူ အကြား ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိလာပြီ ဆိုတာပါပဲ။

အခြားတစ်ဖက်ကို ကြည့်လိုက်ရင်လည်း တပ်မတော်ဟာ NCA လက်မှတ်ထိုးထားပြီး အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ ပြင်နေတဲ့ RCSS/SSA ရှမ်းတပ်ဖွဲ့၊ မွန်ပြည်သစ် ပါတီတို့နဲ့လည်း အဆင်မပြေပါဘူး။ RCSS/SSA က ကျင်းပဖို့ ပြင်ဆင်ထားတဲ့ လူထုတွေ့ဆုံပွဲတွေ ရပ်ဆိုင်းထားရပြီး နောင် ဘယ်တော့ ကျင်းပနိုင်မလဲ မမှန်းဆနိုင်သေးပါဘူး။ အလားတူ မွန်ပြည်သစ်ပါတီက လုပ်မယ့် လူထုတွေ့ဆုံပွဲတွေ ကိစ္စမှာလည်း တပ်မတော်နဲ့ ညှိနှိုင်းမရ ဖြစ်ခဲ့ပါသေးတယ်။ အခု မွန်ပြည်သစ်ပါတီဘက်က လူထုတွေ့ဆုံပွဲတစ်ခု သူ့ရဲ့နယ်မြေ ရေးချောင်းဖျားမှာ ကျင်းပခဲ့ပါတယ်။ သူ့နယ်မြေမှာ သူ ကျင်းပတာ ဖြစ်တော့ ဘာပြသနာမှ ပေါ်စရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် အစိုးရနယ်မြေအတွင်း ကျင်းပမယ့် လူထုတွေ့ဆုံပွဲတွေကိစ္စကိုတော့ ညှိရနှိုင်းရဦးမှာ ဖြစ်ပါတယ်။ ညှိနှိုင်းလို့ အဆင်မပြေရင် ရှမ်းတပ်ဖွဲ့လိုပဲ ပြသနာတွေ ဆက်ပေါ်နိုင်ပါသေးတယ်။ ဒါဆိုရင် ၂၁ ရာစု ပင်လုံညီလာခံ ဆိုတာလည်း ကျင်းပဖို့ ဖြစ်နိုင်ဦးမှာ မဟုတ်ပါဘူး။

အခုလို NCA လက်မှတ်ထိုးထားပြီးသား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တပ်မတော် ဆက်ဆံရေး အဆင်မပြေဖြစ်နေတာ ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ လက်မှတ်ထိုးထားပြီးသား အဖွဲ့တွေ တစ်ဖက်နဲ့ တစ်ဖက် ပိုပြီး ယုံကြည်၊ ပိုပြီး ရင်းနှီး၊ ပိုပြီးနားလည်၊ ငြိမ်းချမ်းရေး ပိုပြီး ခိုင်မာလာရမယ့်အစား သံသယစိတ်တွေကြီးမားတဲ့ အရင် အခြေအနေမျိုး ပြန်ရောက်သွားစေပါတယ်။ လက်ရှိ NCA လက်မှတ် မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း ဒီအခြေအနေကို စောင့်ကြည့်နေတဲ့အတွက် အကျိုးဆက်က မကောင်းနိုင်ပါဘူး။ ဒါ့အပြင် လက်ရှိအချိန် ကချင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ KIA ကချင်လက်နက်ကိုင် တပ်ဖွဲ့ အသေအပျောက်များတဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါသေးတယ်။ တပ်မတော်ဟာ လက်နက်ကိုင် တိုင်းရင်းသား တစ်ဖွဲ့ နှစ်ဖွဲ့နဲ့ ယုံကြည်မှုမရ၊ ပဋိပက္ခ ဖြစ်ပွားနေတယ် ဆိုတာမျိုးကို နားလည်လက်ခံလို့ ရနိုင်ပေမယ့် အဖွဲ့ အများစုနဲ့ ထိပ်တိုက်တိုးနေတာမျိုးကတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် ကောင်းမွန်တဲ့ အလားအလာ မဟုတ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG