သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Multi-level Marketing လို့ခေါ်တဲ့ ဆင့်ပွားစနစ်နဲ့ ကုန်ပစ္စည်း ဖြန့်ဖြူးမှုကို ပိတ်ပင်တာ မှန်သလား


Multi-level marketing ဆင့်ပွားစနစ်နဲ့ ကုန်ပစ္စည်း ဖြန့်ဖြူးမှု
Multi-level marketing ဆင့်ပွားစနစ်နဲ့ ကုန်ပစ္စည်း ဖြန့်ဖြူးမှု

အခုရက်ပိုင်း ဒေါ်လာအပါအဝင် နိုင်ငံခြား ငွေဈေးတွေတက်၊ တဆက်တည်း ရွှေဈေး၊ လောင်စာဆီဈေးနဲ့ အခြားဈေးနှုန်းတွေ တက်နေချိန် ထူးခြားတဲ့ သတင်းတပုဒ် ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဟာ Multi Level Marketing, MLM လို့ခေါ်တဲ့ ဆင့်ပွားစနစ်နဲ့ ဈေးကွက်ဖြန့်ချီရေး လုပ်ငန်း လုပ်ကိုင်တာကို တားမြစ်ပိတ်ပင်လိုက်တဲ့ သတင်းပါ။ စီးပွား-ကူးသန်းက ထုတ်တဲ့ အမိန့်ကြော်ငြာစာမှာ စက်တင်ဘာ ၁၈ ရက်နေ့ကစပြီး အဲလို ဆင့်ပွားစနစ်နဲ့ ဈေးကွက်ဖြန့်ချီရေး ဆက်လုပ်နေဦးမယ် ဆိုရင် အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ နဲ့ အရေးယူမယ်လို့ ဆိုပါတယ်။ အဲဒီ ပုဒ်မနဲ့သာ အပြစ်ရှိကြောင်း တွေ့ရှိ အရေးယူခံရရင် ထောင်ဒါဏ် ၃ နှစ်အထိနဲ့ ငွေဒါဏ်ပါ ချမှတ်ခံရမယ့် သဘော ရှိနေပါတယ်။ ဒီ ဆင့်ပွားနစ်နဲ့ ဈေးကွက်ဖြန့်ချီရေး လုပ်ငန်းကြီးထဲမှာ ကုမ္ပဏီ တရာကျော်၊ ဝင်ရောက်လုပ်ကိုင်သူ သောင်းနဲ့ချီ ရှိနေနိုင်ပြီး၊ သူတို့ ဖြန့်ဖြူးတာကို ဝယ်ယူသုံးစွဲတဲ့သူတွေကလည်း သိန်းနဲ့ချီ ရှိနေမှာမို့ ကြီးမားတဲ့ သက်ရောက်မှုရှိတယ် လို့ ပြောနိုင်ပါတယ်။ Multi Level Marketing လို့ ခေါ်တဲ့ ဆင့်ပွားစနစ် အကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

Multi Level Marketing လို့ခေါ်တဲ့ ဆင့်ပွားစနစ်နဲ့ ဈေးကွက် ဖြန့်ချီတယ် ဆိုတာ ကုန်စည် တခုခု၊ ဒါမှမဟုတ် အများအပြားကို ကြော်ငြာတွေ၊ သာမန် ဖြန့်ချီရေး စနစ်တွေနဲ့ ဖြန့်ချီတာမျိုး မဟုတ်ပဲ လူတွေကို သိမ်းသွင်းပြီး ဖြန့်ချီရောင်းချတဲ့ စနစ်လို့ လွယ်လွယ် ပြောနိုင်ပါတယ်။ လူတယောက်ဟာ အဲဒီ ကုမ္ပဏီကို ရောက်သွားရင် အရင်ဆုံး အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ လိုပါတယ်။ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ဖို့ သတ်မှတ်ချက်ကတော့ ကုမ္ပဏီ တခုနဲ့ တခု မတူပါဘူး။ တချို့ကုမ္ပဏီတွေမှာ ကုန်ပစ္စည်းနည်းနည်းဖိုး ဝယ်လိုက်တာနဲ့ အဖွဲ့ဝင် ဖြစ်နိုင်ပေမယ့် တချို့ကုမ္ပဏီတွေမှာတော့ သိန်းရာနဲ့ချီ တန်ဘိုးရှိ ပစ္စည်းတွေ ဝယ်မှ အဖွဲ့ဝင် ဖြစ်ရတာမျိုးလည်း ရှိပါတယ်။ အဖွဲ့ဝင်ဖြစ်ပြီးရင် အဲဒီလူဟာ နောက်ထပ် အဖွဲ့ဝင်သစ်တွေ ရအောင် ရှာဖွေ စည်းရုံးရပါတယ်။ ကုမ္ပဏီက ဖြန့်ဖြူးတဲ့ ပစ္စည်းတွေကို သူ့လိုပဲ ဝယ်လာအောင် အဖွဲ့ဝင်သစ်ကို စည်းရုံးရတာမျိုးပါ။ တပြိုင်နက်တည်း အဖွဲ့ဝင် အဆင့် မရောက်ပေမယ့် ကုန်ပစ္စည်း နည်းနည်းပါးပါး ကုန်အောင် ရောင်းချရတာမျိုးလည်း လုပ်ရပါတယ်။ အဲလို အဖွဲ့ဝင်သစ် စည်းရုံးနိုင်မှု၊ ကုန်ပစ္စည်း ရောင်းချနိုင်တဲ့ အရည်အတွက်ကို မူတည်ပြီး အဲဒီလူတွေကို အမှတ်ပေးစနစ် ကျင့်သုံးပါတယ်။ ကိုယ်စည်းရုံးထားတဲ့လူဟာ နောက်ထပ် အဖွဲ့ဝင်သစ်တွေကို စည်းရုံးရင် ကိုယ့်အတွက်လည်း အမှတ်တချို့ ရတဲ့ စနစ် ကျင့်သုံးပါတယ်။ ကိုယ်စည်းရုံးထားတဲ့ လူကနေ တဆင့် ဆင့်ပွား ဆင့်ပွား လူတွေ တိုးပွားလာသလောက် ကိုယ်က အမှတ်တွေရနေမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ အမှတ် တစ်စုံတခု ရောက်သွားရင် အဲဒီလူကို နာမည်လှလှပေးထားတဲ့ အဆင့်တခု သတ်မှတ်ပေးပြီး တစ်ချို့ကုမ္ပဏီတွေမှာဆို လစဉ် ဝင်ငွေ မြိုးမြိုးမြက်မြက် ရတဲ့သူတွေ ဖြစ်လာစေပါတယ်။

MLM ကိစ္စမှာ ဖြန့်ဖြူးတဲ့ စနစ်က အဓိက ပြသနာ မဟုတ်ပဲ ဖြန့်ဖြူးတဲ့ ကုန်ပစ္စည်းတွေရဲ့ အမျိုးအစား၊ ဈေးနှုန်းနဲ့ ဘယ်လို စည်းရုံးရောင်းချသလဲ ဆိုတာက တကယ့် ပြသနာပါ။ လက်ရှိ မြန်မာနိုင်ငံထဲ ရောက်နေတဲ့ ဆင့်ပွားစနစ် လုပ်ကိုင်နေတဲ့ ကုမ္ပဏီ အများစုကြီးဟာ ဆေးဝါး၊ ဒါမှမဟုတ် ဆေးဝါးလို့ နာမည်ခံမထားတဲ့ ဓာတ်စာ၊ ဒါမှမဟုတ် ကျန်းမာရေးနဲ့ သက်ဆိုင်တယ်လို့ ဆိုတဲ့ အလှကုန်နဲ့ လူသုံးကုန်ပစ္စည်း စတာတွေ ဖြစ်နေတာ တွေ့ရပါတယ်။ ဒီလို ဖြစ်ရတာကလည်း အကြောင်းရှိပါတယ်။ သာမန် ကုန်ပစ္စည်းတွေမှာ သူ့ထုတ်ကုန် အရည်အသွေးနဲ့ သူ့ဈေးနှုန်း ပျမ်းမျှ သတ်မှတ်ချက်တွေ ရှိပြီးသားမို့ သူနဲ့ အမျိုးစားတူ၊ အမှတ်တံဆိပ်လောက်ပဲ ကွဲတဲ့ ကုန်ပစ္စည်းတွေကို ဈေးနှုန်း မတန်တဆ မြှင့်တင် ရောင်းချလို့ မရနိုင်ပါဘူး။

ဆေးဝါး၊ ဒါမှမဟုတ် ဓာတ်စာ၊ ဒါမှမဟုတ် ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အလှကုန် လူသုံးကုန်တွေကတော့ အဲဒီ ကုန်ပစ္စည်းရဲ့ အာနိသင်တွေကို ပြောပြီး ဈေးနှုန်း မတန်တဆ မြှင့်တင်နိုင်လို့ပါပဲ။ နမူနာအားဖြင့် လွန်ခဲ့တဲ့ အနှစ် ၂၀ ဝန်းကျင်လောက်က မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ လင်ဇီး ဆေးတောင့်တွေ၊ လင်ဇီးနဲ့ လုပ်ထားပါတယ် ဆိုတဲ့ စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို ပြသနိုင်ပါတယ်။ အဲဒီ ကုန်ပစ္စည်းတွေကို ထိုင်ဝမ်အခြေစိုက် ရှိုင်းဟုတ် ကုမ္ပဏီက ဆင့်ပွားစနစ်နဲ့ ဖြန့်ဖြူးပြီး မြန်မာပြည်မှာ အကြီးအကျယ် အောင်မြင်မှုရ၊ အကြီးအကျယ် အငြင်းပွားရတဲ့ ပြသနာ တခု ဖြစ်စေခဲ့ပါတယ်။

လုပ်ပုံကိုင်ပုံ နည်းစနစ်ကတော့ အဖွဲ့ဝင်သစ်တွေ မစုဆောင်းခင် အကြိုဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ဆွယ်တဲ့ ပွဲတွေ လုပ်ပါတယ်။ အဲဒီပွဲတွေမှာ လင်ဇီးဆေးတောင့်နဲ့ အခြား ကုန်ပစ္စည်းတွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လို ကောင်းမွန်ကြောင်း ပြောဆိုစေပါတယ်။ အဲဒီဆေးတောင့်သောက်ပြီး ကင်ဆာရောဂါ ဘယ်လို သက်သာစေတယ်၊ အေအိုင်ဒီအက်စ်ကို ဘယ်လို တားထားနိုင်တယ်၊ အခြား ရောဂါတွေကိုလည်း ဘယ်လို ကောင်းမွန်စေတယ် စသဖြင့် ပြောဆိုထားတဲ့ ဗီဒီယို ပြပြီး စည်းရုံးပါတယ်။

ဒါပေမယ့် တကယ့်လက်တွေ့ အဲဒီ လင်ဇီးနဲ့ ဆက်စပ်ပစ္စည်းတွေကို မြန်မာနိုင်ငံ FDA မှာ ဆေးဝါးတွေအဖြစ် မှတ်ပုံတင်တာ မလုပ်ပါဘူး။ ဒီလိုနဲ့ အဖွဲ့ဝင်တွေဟာ တအိမ်တက်ဆင်း လိုက်လံပြီး လင်ဇီးဆေး ဘယ်လောက် စွမ်းကြောင်း အာဘောင်အာရင်းသန်သန်တွေနဲ့ ဟောပြော၊ ကင်ဆာရောဂါသည်ကို တိုက်ခိုင်း၊ အေအိုင်ဒီအက်စ် နဲ့ အခြားရောဂါသည်တွေကို တိုက်ခိုင်း စတာတွေ လုပ်ကြပါတော့တယ်။ ဒါပေမယ့် သက်သေ အထောက်အထား ဖြစ်စေမယ့် စာရွက်စာတမ်းတွေမှာတော့ အဲလို ရောဂါပျောက်ကင်းပါတယ် ဆိုတာ ရေးမထားပါဘူး။ အဲဒီအချိန်က လင်ဇီးဆေးတောင့် တပုလင်းကျော်၊ ဆေးတဖုံစာ ကျပ်ငွေ ၇ သောင်းကျော်လောက်နဲ့ ရောင်းချပါတယ်။ အလွန်ဈေးကြီးတဲ့ နှုန်းပါ။ နောက်ပိုင်း ရောဂါသည်တွေနဲ့ ပြသနာတွေ အမျိုးမျိုးတက်၊ မီဒီယာတွေကနေ ဝေဖန်ရေးသားမှု မြင့်မားလာမှ အဲဒီ ကုမ္ပဏီ မြေအောက်ကို အသာလေး လျှိုးသွားခဲ့ပါတယ်။

နောက်ပိုင်း အစိုးရ ကျန်းမာရေးဝန်ကြီးဌာနကိုယ်တိုင် လင်ဇီးမှိုတွေ စိုက်ပျိုးပြီး လင်ဇီး ဆေးတောင့်တွေ ထုတ်လုပ်လာနိုင်ပါတယ်။ ရှိုင်းဟုတ် ကုမ္ပဏီက ထုတ်တဲ့ လင်ဇီးဆေးတောင့်ဗူးတွေနဲ့ အာနိသင်ချင်း တူတဲ့ ဝန်ကြီးဌာနထုတ် လင်ဇီးဆေးတောင့် တဗူးဟာ ကျပ် ၂၀၀၀ ကျော် ၃၀၀၀ လောက်နဲ့ ဖြန့်ဖြူးနိုင်ပါတယ်။ ဒါကိုကြည့်ရင် ဆင့်ပွားစနစ်နဲ့ ဖြန့်ဖြူးတဲ့ ကုမ္ပဏီဟာ ကုန်ပစ္စည်းတခုကို လူတွေရဲ့မသိနားမလည်မှု၊ အယုံသွင်းပြီး လိမ်ညာအောင် စေခိုင်းမှု၊ လောဘ အားကို အသုံးချပြီး ဘယ်လောက် မတော်မတရား အမြတ်ထုတ်ခဲ့သလဲ တွေ့နိုင်ပါတယ်။ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဆင့်ပွားကုမ္ပဏီတွေဟာလည်း အဲဒီခေတ်က နာမည်အကြီးအကျယ် ကြီးခဲ့တဲ့ လင်ဇီးဖြန့်တဲ့ ကုမ္ပဏီနဲ့ မတိမ်းမယိမ်း ပုံစံတူတွေ များပါတယ်။

ခုဆိုရင် Multi Level Marketing နဲ့ ဖြန့်ဖြူးရေးလုပ်တဲ့ ကုမ္ပဏီတချို့ဟာ FDA မှာ ထောက်ခံချက် မယူပဲ ဆေးဝါးလိုလို၊ ဓာတ်စာလိုလို ကုန်ပစ္စည်းတွေ ဖြန့်ဖြူးတာနဲ့ ပတ်သက်ပြီး အစိုးရဘက်က အရေးယူထားတာ၊ တရားစွဲထားတာတွေလည်း ရှိနေပါပြီ။ တချို့ စားသုံးသူဘက်က နစ်နာလို့ တိုင်ကြားထားပြီး တရားရုံးရောက်နေတဲ့ အမှုတွေလည်း ရှိနေပါတယ်။ ပြသနာက အဲဒီ လုပ်ငန်းကြီးထဲမှာ မသိနားမလည်သူ ပြည်သူအများအပြားဟာ သားကောင်တွေသဖွယ် ပါဝင်နေကြရတာ ဖြစ်လို့ အရေးယူကိုင်တွယ်ဖို့ အလွန်ခက်ခဲတဲ့ အခြေအနေ ဖြစ်နေရတာပါ။ ဒါကြောင့် အခြားသော နိုင်ငံတွေနည်းတူ ပြသနာပေါင်းများစွာ ပေါက်ဖွားစေတဲ့၊ စားသုံးသူ ပြည်သူတွေကို ကြီးကြီးကျယ်ကျယ် ထိခိုက်စေတဲ့ Multi Level Marketing စနစ်နဲ့ ဖြန့်ဖြူးရေးလုပ်မှုကို ပိတ်ပင်လိုက်တာဟာ ကောင်းမွန်တဲ့ ကိစ္စဖြစ်ပါကြောင်း၊ ဒီလို လုပ်ခြင်းအားဖြင့် အခြားသော ဈေးကွက်နဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာတွေကိုလည်း ထိခိုက်နိုင်စရာ အကြောင်း မရှိပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG