အခုဆိုရင် တပ်မတော်ဘက်က စစ်တိုင်း ၅ တိုင်းမှာ အပစ်အခတ် ရပ်စဲထားပြီး လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ တစ်ဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ဖိတ်ခေါ်ထားတာ ၂ လကျော် ရှိသွားပါပြီ။ ဒါပေမယ့် ခုချိန်ထိ တပ်မတော်နဲ့ ဘယ် တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့နဲ့မှ တွေ့ဆုံ ဆွေးနွေးတာမျိုး မရှိသေးတဲ့အပြင် ရခိုင်ပြည်နယ်မှာတော့ AA ရခိုင်တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဖြစ်ရပ် အားလုံးကို ခြုံငုံကြည့်ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့မတိုးနိုင်ရုံမက နောက်ဆုတ်နေတယ် ဆိုပြီးလည်း သုံးသပ်နေကြပါတယ်။ ဒီထဲမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက အဖွဲ့ဝင် တစ်ချို့ကတောင် အလွတ်သဘော ပြောဆိုမှုတွေမှာ အခုလို ငြိမ်းချမ်းရေး ရှေ့မတိုးနိုင် ဖြစ်ရတာဟာ တပ်မတော်ဘက်က အရင်နဲ့မတူ သဘောထား ပြောင်းလဲလာလို့၊ ဒါမှမဟုတ် သဘောထား ပိုပြီး တင်းမာလာလို့ ဆိုပြီး ဝေဖန်မှုတွေလည်း ရှိလာပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တပ်မတော်ခေါင်းဆောင်တွေ တကယ်ပဲ သဘောထား ပြောင်းလဲလာသလား၊ လေ့လာသုံးသပ်ကြည့်ကြပါမယ်။
ဒီနေရာမှာ ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်နေသလား၊ တန့်နေသလား၊ ဒါမှမဟုတ် နောက်ဆုတ်နေသလား အရင် ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပြန်ကြည့်ရင် အရင် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ အစိုးရက ဦးဆောင်ပြီး ငြိမ်းချမ်းရေး ရအောင် အကောင်အထည် ဖော်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနီးပါးပါတဲ့ တပ်ပေါင်းစု ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပြီး နှစ်ဖက် လက်ခံနိုင်တဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် NCA ကို ရပါတယ်။ ဒါပေမယ့် လက်နက်ကိုင် (၈) ဖွဲ့လောက်ပဲ လက်မှတ်ရေးထိုးနိုင်ပါတယ်။ တကယ်လို့များ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စာချုပ်ပါ အတိုင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ အဆက်မပြတ် လုပ်နိုင်ရင်၊ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ သြဇာ သက်ရောက်ရာ နယ်မြေတွေမှာ တိုင်းရင်းသားတွေဟာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ရရှိခံစားနေကြတာကို သက်သေပြနိုင်ရင်၊ NCA လက်မှတ် မထိုးရသေးတဲ့ လက်နက်ကိုင် အဖွဲ့တွေကိုလည်း ငြိမ်းချမ်းရေး စားပွဲဝိုင်းဆီ ရောက်အောင် ဆောင်ကျဉ်းနိုင်ခဲ့ရင် ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်မှု ရှိနေတယ်လို့ ပြောနိုင်မှာပါ။
လက်ရှိ အခြေအနေမှာတော့ NCA အပြင်ဘက်က အဖွဲ့တွေကို ငြိမ်းချမ်းရေး စားပွဲဝိုင်းဆီ မခေါ်နိုင်ရုံမက၊ NCA ထိုးထားတဲ့ အလွန်ယုံကြည် စိတ်ချပါတယ် ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ချို့နဲ့ ပဋိပက္ခ ပြသနာ ဖြစ်ပြီး NCA စာချုပ် အကောင်အထည် ဖော်ရေး ရပ်တန့်နေတာ၊ ဘယ်အချိန် ပြန်စ နိုင်မလဲ မသေခြာ မရေရာသေးတာ၊ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေတာ စတဲ့ အချက်တွေကို ကြည့်ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရပ်တန့်နေရုံမက နောက်ပြန် ဆုတ်နေတယ်လို့တောင် သုံးသပ်နိုင်ပါတယ်။
ဒီနေရာမှာ ဘယ်သူကြောင့် ဘာကြောင့် နောက်ပြန်ဆုတ်နေသလဲ ဆိုတာကို အကြမ်းဖျဉ်းပဲဖြစ်ဖြစ် သုံးသပ်ကြည့်သင့်ပါတယ်။ တပ်မတော်ခေါင်းဆောင်တွေကတော့ KIA ကချင်တပ်ဖွဲ့၊ ၀ တပ်ဖွဲ့အပါအဝင် မြောက်ပိုင်းက လက်နက်ကိုင် တပ်ဖွဲ့တွေ NCA လက်မှတ် မထိုးကြသေးလို့ လို့ အပြစ်တင်ပါတယ်။
NCA ထိုးထားပြီးသား အဖွဲ့တစ်ချို့ကလည်း စာချုပ်ပါ အချက်တွေကို မလိုက်နာတာကြောင့် လို့ ဝေဖန်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေ ဘက်ကတော့ တပ်မတော်ဟာ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာရေးထက် တပ်မတော် တစ်ခုတည်း ရှိရမယ် ဆိုတဲ့ ခေါင်းစဉ်ကို အသုံးပြုပြီး တိုင်းရင်းသား အဖွဲ့တွေကို လက်နက်ဖြုတ်ဖို့ ကြိုးစားနေတာကြောင့် ခုလို ပြသနာပေါ်နေရတာလို့ ဆိုပါတယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ် အစပိုင်းကို ပြန်ကြည့်ရင် ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ပထမ အဆင့် အပစ်အခတ် ရပ်ထားကြရအောင်၊ သေနတ်တွေ ဘေးချထားပြီး နိုင်ငံရေးပြသနာတွေကို စားပွဲဝိုင်းမှာ ဆွေးနွေး အဖြေရှာကြရအောင်၊ ဆွေးနွေးနေတဲ့ ကာလ တလျောက်လုံး ကိုယ့်နယ်မြေမှာ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့် လက်နက်ကိုင်တပ်နဲ့ ကိုယ် တည်ရှိနေနိုင်တယ်၊ မကျေနပ်ရင် အချိန်မရွေး ပြန်တိုက်နိုင်တယ်၊ နိုင်ငံရေးပြသနာ ညှိနှိုင်းပြေလည်သွားရင် အဲဒါတွေကို အကောင်အထည်လည်းဖေါ်၊ ညှိနှိုင်းထားတဲ့ အတိုင်း လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးကို လုပ်ကြရအောင်၊ ငြိမ်းချမ်းရေး လုပ်တာဟာ တိုင်းရင်းသားတွေကို လက်နက်ချခိုင်းဖို့ မဟုတ်၊ လက်နက်တွေ ဖြုတ်သိမ်းဖို့လည်း မဟုတ် ဆိုပြီး ကတိနဲ့ စ ခဲ့ကြတာပါ။ တကယ်လက်တွေ့လည်း အဲဒီအတိုင်း ကျင့်သုံး၊ တိုင်းရင်းသားတွေဘက်က တပ်ပေါင်းစုနဲ့ ဆွေးနွေးချင်တယ် ဆိုလည်း ခွင့်ပြု ဆိုတဲ့ နည်းနဲ့ ယုံကြည်မှု ရယူခဲ့တာပါ။ အဲဒီ သဘောထားနဲ့ လုပ်နည်းလုပ်ဟန်ကို အဲဒီအချိန်က ကာကွယ်ရေး ဦးစီးချုပ် ဖြစ်နေပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် ဘက်ကလည်း လက်ခံ လိုက်နာတာ တွေ့ကြရပါတယ်။ ဒီလိုနည်းနဲ့ NCA စာချုပ်ပေါ်ပေါက်၊ ပထမအကြိမ် ငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပနိုင်ခဲ့ပါတယ်။
နောက်တော့ တပ်မတော် ခေါင်းဆောင်တွေ၊ စစ်ခေါင်းဆောင်တွေ လုံး၀ မျှော်လင့်မထားတဲ့ အစိုးရအပြောင်းအလဲ ပေါ်ပေါက်လာပါတယ်။ မူအရ ငြိမ်းချမ်းရေးကို ဦးဆောင်သူဟာ NLD အစိုးရ ဖြစ်လာပြီး တပ်မတော်ခေါင်းဆောင်တွေက လိုက်ပါ ဆောင်ရွက်ရသူတွေ ဖြစ်လာပါတယ်။ ဒါပေမယ့် လက်တွေ့အခြေအနေမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အင်န်အယ်လ်ဒီ တာဝန်ရှိသူတွေဘက်က ကောင်းကောင်း မစွမ်းဆောင်နိုင်တဲ့အခါ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ တပ်မတော်ခေါင်းဆောင်တွေဟာ အစိုးရဘက်က ငြိမ်းချမ်းရေး ဦးဆောင်သူတွေ သဖွယ် ဖြစ်လာပါတယ်။ အဓိပ္ပါယ်ကတော့ ကြားခံလူ မရှိတော့ပဲ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ရိုက် ညှိနှိုင်းနေကြတဲ့ အနေအထားမျိုး ရောက်သွားခဲ့တာပါ။ အဲဒီအခြေအနေမှာ တပ်မတော်ဘက်က လိုလားတဲ့ တစ်ခုတည်းသော တပ်မတော် ပြသနာ၊ ပြည်ထောင်စုက ခွဲမထွက်ရ ဆိုတာကို လက်ခံဖို့ တောင်းဆိုတဲ့ ပြသနာတွေ ပေါ်ပေါက်လာပြီး နောက်ဆုံး ထိပ်သီးအစည်းဝေးပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ “ဒါ့အပြင် တပ်မတော်အနေနဲ့ ဒီမိုကရေစီ စနစ်နဲ့ကိုက်ညီတဲ့ တပ်မတော်အဖြစ် ပြုပြင်ပြောင်းလဲသွားဖို့ မူအားဖြင့် သဘောတူပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကနဦးဆောင်ရွက်ရမှာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ဟာ NCA စာချုပ်ကို လက်မှတ် ရေးထိုးပြီး လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေးကိစ္စရပ်များကို ဦးစွာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။” ဆိုပြီး ပြောဆိုလိုက်တာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကြပ်အတည်း တစ်ခုတည်းကို ကျရောက်သွားစေခဲ့ပါတယ်။
ဒါဟာ အရင် အစိုးရနဲ့ တပ်မတော်ဘက်က တိုင်းရင်းသားလက်နက်ကိုင်တွေကို ကတိပေးထားတဲ့ “ကိုယ့်လက်နက် ကိုယ်ကိုင်ထား၊ အပစ်ရပ်ပြီး နိုင်ငံရေးအရ ဆွေးနွေး၊ သဘောတူညီချက်တွေရပြီး နောက်ဆုံးကျရင် လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေး လုပ်” ဆိုတာနဲ့ မတူနိုင်တော့ပါဘူး။ တကယ်တန်း NCA စာချုပ် အခန်း ၅၊ အပိုဒ် ၂၀ နိုင်ငံရေးလမ်းပြမြေပုံ ချမှတ်ခြင်း အချက် (၇) ချက်မှာလည်း လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ဆိုတာကို နောက်ဆုံးကျမှ အကောင်အထည် ဖော်ဖို့ သဘောတူထားတာ တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ခုလို နောက်ပြန်ဆုတ်နေခြင်းဟာ တပ်မတော်ခေါင်းဆောင်တွေရဲ့ သဘောထားကြောင့် ဟုတ်မဟုတ်၊ တပ်မတော် ခေါင်းဆောင်တွေ ကိုယ်တိုင်ကပဲ ရဲရဲဝံ့ဝံ့နဲ့ အသေအခြာ ပြန်ပြီး သုံးသပ် သင့်ကြောင်းပါ။