သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်‌မာ့သယံဇာတ၊ တရုတ်‌စီးပွား‌ရေးစီမံကိန်‌းများနဲ့ တရုတ်နိုင်ငံသဘောထား


Presos controlam presídios em Pernambuco, diz Human Rights Watch
Presos controlam presídios em Pernambuco, diz Human Rights Watch
ဦးစည်သူအောင်မြင့်။ ။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ကျင်းပတဲ့ အာဆီယံ၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား ထပ်သီးအစည်းအဝေးနဲ့ အာဆီယံဒေသတွင်းဆိုင်ရာ ဖိုရမ် တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ တရုတ် ဒုနိုင်ငံခြားရေး ဝန်ကြီး လျူကျင်းမင်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တရုတ်သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် မြင်တွေ့လိုတယ်လို့ ဆိုပါတယ်။ ဒီ ပြောဆိုချက် တရုတ်၊ မြန်မာ မီဒီယာတွေမှာ အလျင်အမြန်ပဲ ပျံ့နှံ့သွားခဲ့ပါတယ်။ တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး ဘာတွေ ပြောခဲ့သလဲ၊ သူပြောသလို တကယ်ပဲ မြန်မာအပေါ် တရုတ်က သဘောထားခဲ့သလား၊ အဲဒီ နိုင်ငံခြားရေး ပေါ်လစီ အကျိုးဆက်ကို မြန်မာနိုင်ငံ ဘယ်လို ခံစားခဲ့ရသလဲ၊ တကယ့်တကယ် မြန်မာနိုင်ငံကို ချမ်းသာကြွယ်၀ စေချင်ရင် ဘယ်လို လုပ်သင့်သလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒေါ်အင်ကြင်းနိုင်။ ။ လျူကျင်းမင်ပြောခဲ့တာအပြည့်အစုံကတော့ တရုတ်ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် မဟာဗျူဟာမြောက် ရေရှည်အမြင်ကို ကျင့်သုံးပြီး နှစ်နိုင်ငံအကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ကြိုးစားနေတဲ့အကြောင်း၊ မြန်မာပြည်သူတွေဘဝကို မြှင့်တင်ရေးအတွက် အကူအညီ ပေးသွားမယ့်အကြောင်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က စခဲ့တဲ့ သံတမန်ဆက်ဆံရေးမှာ တရုတ်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တာမျိုး မလုပ်ခဲ့တဲ့အကြောင်း၊ မြန်မာနိုင်ငံကို ဘယ်လို ပုံစံ ဖွံ့ဖြိုးတိုးတက်ရမယ် ဆိုပြီးတော့လည်း ဝင်ရောက်ပြဌာန်းပေးတာမျိုး မရှိခဲ့တဲ့အကြောင်း ပြောဆိုပါတယ်။ တဆက်တည်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုကို ဆန့်ကျင်ခဲ့တယ် ဆိုတဲ့အကြောင်းလည်း အလေးအနက်ပြု ပြောခဲ့ပါတယ်။

ဒုနိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်တဲ့အပြင် တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေကိုလည်း မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေကို လိုက်နာဖို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။ ဒီအတွက် ပထမဦးဆုံး ဆွေးနွေးဖို့လိုတာက တရုတ်ရဲ့ အဲဒီ သဘောထားကြောင့် မြန်မာနိုင်ငံဟာ ကြွယ်ဝချမ်းသာတဲ့နိုင်ငံဖြစ်ခဲ့သလား ဆိုတာပါ။

ဦးစည်သူအောင်မြင့်။ ။ အားလုံးသိကြတဲ့အတိုင်း ၁၉၈၈ ခုနှစ်၊ မြန်မာနိုင်ငံမှာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဒီမိုကရေစီအရေး ဆန္ဒပြတောင်းဆိုမှုကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေဟာ ဒီတောင်းဆိုမှုကို စစ်အာဏာသိမ်းပြီး တုံ့ပြန်ခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် သိပ်မကြာခင် ၁၉၉၀ မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲပါတယ်။ အဲဒီအထဲ တရုတ်နယ်စပ်တွေမှာ အခြေစိုက်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်ကြပါတယ်။ အခြားတစ်ဖက်မှာတော့ ကိုယ့် တိုင်းသူ ပြည်သားတွေကို အနိုင်အထက် ဖိနှိပ်၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ စစ်အစိုးရကို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဥရောပ သမဂ္ဂ အပါအဝင် အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ အရေးယူတာ လုပ်ပါတယ်။ မြန်မာနိုင်ငံကို ကုလသမဂ္ဂကနေတဆင့် ပြစ်တင်ရှုတ်ချဖို့၊ အရေးယူဒဏ်ခတ်ဖို့ အမျိုးမျိုးကြိုးစားပါတယ်။

အဲဒီအချိန် တရုတ်နိုင်ငံကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီထဲ ရောက်လာတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပြစ်တင်ရှုတ်ချမှုတွေ၊ အရေးယူဒဏ်ခတ်ဖို့ လုပ်တာတွေအားလုံး ဗီတိုအာဏာသုံး ပယ်ချပေးခဲ့ပါတယ်။ တစ်ပြိုင်နက်တည်း မြန်မာနိုင်ငံထဲက သစ်တော သယံဇာတ၊ ကျောက်စိမ်းနဲ့ ကျောက်မျက်၊ ဓာတ်သတ္တု တူးဖေါ်ရေး လုပ်ငန်းတွေထဲ အကြီးအကျယ် ဝင်ရောက် လုပ်ကိုင်ပါတယ်။ ဒီလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ တရားဝင် လုပ်ကိုင်တာကနည်းနည်းပဲ ဖြစ်ပြီး အများစုကတော့ နယ်စပ်တွေကနေ မှောင်ခို ခိုးထုတ်တဲ့ လုပ်ငန်းတွေ ဖြစ်ခဲ့ပါတယ်။ သစ်ထုတ်ယူရာမှာ လွယ်ကူအောင် မီးရှို့တောရှင်းပြီး ထုတ်ယူတာ၊ သစ်တွေကို အလုံးလိုက် ခုတ်လှဲထုတ်ယူတာအပြင် အမြစ်ကိုပါတူးပြီး ထုတ်ယူတဲ့အတွက်လည်း သစ်တောတွေ ပိုပြီး ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ မြန်မာ့သစ်တော သယံဇာတ အကြီးအကျယ် ပြုန်းတီးကုန်ပြီး ရာသီဥတု ပြောင်းလဲသည်အထိ ဆိုးကျိုး သက်ရောက်မှု ရှိခဲ့ပါတယ်။ နိုင်ငံတကာ လေ့လာသူတွေကတော့ မြန်မာပြည် မြောက်ပိုင်းက ခေါင်မိုးကြီး ပေါက်သွားပြီလို့တောင် တင်စားခဲ့ကြပါတယ်။

ဒေါ်အင်ကြင်းနိုင်။ နောက်ပိုင်းကာလတွေမှာတော့ သစ်တော သယံဇာတတင်မက ရခိုင်ကမ်းလွန်က ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကို ဝယ်ယူဖို့လုပ်တာ၊ မြန်မာပြည်အလယ်ပိုင်း မုံရွာနားက လက်ပန်းတောင်းတောင်မှာ ကြေးနီ ထုတ်လုပ်ဖို့ လုပ်တာ၊ မြစ်ဆုံနဲ့အထက်ပိုင်းမှာ ရေကာတာတွေဆောက်ပြီး ရေအားလျှပ်စစ် ထုတ်ဖို့တွေ အကောင်အထည် ဖော်လာပါတယ်။ အားလုံးကို ခြုံငုံ သုံးသပ်ရရင် တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ နိုင်ငံခြားရေး ပေါ်လစီ၊ တစ်နည်းပြောရရင် စစ်အာဏာရှင်တွေကို ထောက်ခံအားပေးတဲ့ ပေါ်လစီကြောင့် စစ်အစိုးရ သက်ဆိုးရှည်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံထဲမှာ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေမယ့် ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဘဲ သဘာဝအရင်းအမြစ် ကုန်ကြမ်းထုတ်ယူရေးကိုပဲ အငမ်းမရ လုပ်ကိုင်ခဲ့တဲ့အတွက် မြန်မာ့သဘာ၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့သလို မြန်မာတွေလည်း ဆင်းရဲတွင်းထဲက မတက်နိုင်ခဲ့ပါဘူး။

ပြောရရင် မြန်မာနိုင်ငံ ဆင်းရဲမွဲပြာကျခဲ့ရတဲ့ ကိစ္စမှာ စစ်အာဏာရှင်တွေက အဓိက တာဝန်ရှိသလို အဲဒီ အာဏာရှင်တွေ သက်ဆိုးရှည်အောင် ထောက်ခံအားပေးတဲ့၊ သဘာ၀ သယံဇာတကိုပဲ ဈေးပေါပေါနဲ့ ရယူဖို့ စိတ်ဝင်စားတဲ့ တရုတ် အစိုးရရဲ့ နိုင်ငံခြားရေး ပေါ်လစီ၊ စီးပွားရေး ပေါ်လစီကလည်း အများကြီး တာဝန်ရှိ ပါတယ်။ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝတဲ့ နိုင်ငံအဖြစ် မြင်လိုတယ်ဆိုတဲ့ စကား မှန်ကန်မှု မရှိပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်နေပါသေးတယ်။ ရခိုင်ကမ်းလွန်က ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေ ပိုက်လိုင်းသွယ် ဝယ်နေသလို လက်ပန်းတောင်းတောင်မှာ ကြေးနီထုတ်နေပါတယ်။ မြစ်ဆုံ ရေကာတာစီမံကိန်း ရပ်တန့်ထားရပေမယ့် အခြား မြစ်ဆုံအထက်ပိုင်းမှာ ရေကာတာတွေဆောက်ဖို့ လုပ်နေသလို သံလွင်မြစ်ပေါ်မှာလည်း ရေအားလျှပ်စစ်ထုတ် လုပ်ငန်းတွေလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါတင်မက တရုတ်နိုင်ငံရဲ့ သမုဒ္ဒရာနှစ်စင်း ပေါ်လစီအရ ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်း ဆောက်ဖို့ ကြိုးစားနေတဲ့အပြင် ကျောက်ဖြူ- ကူမင်း သဘာဝဓာတ်ငွေ့၊ ရေနံပိုက်လိုင်းနဲ့အပြိုင် ရထားလမ်း၊ ကားလမ်း ပါဝင်တဲ့ ဘက်စုံလမ်းမကြီးတစ်ခု ဖေါက်ဖို့လည်း ပြင်ဆင်နေပါတယ်။ နယ်စပ်တွေကနေလည်း သစ်နဲ့ ကျောက်မျက်ရတနာ ခိုးထုတ်တာတွေကို လက်ခံနေတုန်းပါပဲ။

ဦးစည်သူအောင်မြင့်။ ။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို တကယ်ပဲ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံအဖြစ် မြင်တွေ့ချင်ရင် မြန်မာနိုင်ငံထဲမှာ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့လိုပါတယ်။ နယ်စပ်ကနေ မှောင်ခို ကုန်သွယ်မှုတွေကို အားမပေးဖို့ လိုပါတယ်။ သဘာ၀ သယံဇာတ ခိုးထုတ်နေတာတွေကို အားမပေးဖို့ လက်မခံဖို့ လိုပါတယ်။ မြန်မာနိုင်ငံက တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်အောင် အားပေးဖို့ လိုပါတယ်။ ဒါတင်မက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ မြန်မာ့ဒီမိုကရေစီ အရေးကိုလည်း ထောက်ခံအားပေးဖို့ လိုအပ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
XS
SM
MD
LG