ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က မန္တလေး- မူဆယ် ပြည်ထောင်စု ကားလမ်းပေါ်က ပြင်ဦးလွင်နဲ့ နောင်ချို က နေရာ(၅) ခုကို မြောက်ပိုင်း မဟာမိတ်လို့ ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ဝင်ရောက် တိုက်ခိုက်ပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ စစ်ရေးပစ်မှတ်တွေ အပြင် မြန်မာနိုင်ငံမှာ နယ်စပ် ကုန်သွယ်ရေး ပမာဏ အများဆုံး လုပ်နေတဲ့ မန္တလေး -လားရှိုး- မူဆယ် နဲ့ ချင်းရွှေဟော် ကားလမ်းပေါ်က တံတားတစ်ချို့ကိုလည်း ဖျက်ဆီးခဲ့တာကြောင့် တရုတ်- မြန်မာ ကုန်သွယ်ရေးလည်း ရပ်တန့်သွားခဲ့ရပါတယ်။ နဂိုကလည်းက တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ အထိနာနေပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ အခုဖြစ်ရပ်ကြောင့် နယ်စပ်ကုန်သွယ်ရေးနဲ့ စီးပွားရေးမှာ ဘယ်လောက် ထိခိုက် နစ်နာ သွားမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ ခုတစ်ပတ် မြန်မာ့ နယ်စပ် ကုန်သွယ် စီးပွားရေး အခြေအနေ အလားအလာအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။
အခု ရခိုင် AA, ကိုးကန့် နဲ့ တအဲာန်းပလောင် ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ တရုတ်- မြန်မာ နယ်စပ် မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းဟာ ကုန်သွယ်မှု ပမာဏ အများဆုံး လမ်းကြောင်းကြီး ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး နယ်စပ်ကုန်သွယ်မှု အားလုံး စုစုပေါင်းရဲ့ ၄၈ ရာခိုင်နှုန်း၊ တရုတ်နယ်စပ် ကုန်သွယ်ရေး စုစုပေါင်းရဲ့ ၈၂ ရာခိုင်နှုန်းကျော် ရှိပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး စုစုပေါင်း ပမာဏ နဲ့ တွက်ရင်တောင် ၄၄ ရာခိုင်နှုန်းကျော် ရှိတာမို့ မြန်မာနိုင်ငံ အတွက် အတော့်ကို ကြီးတဲ့ ကုန်သွယ်ရေး လမ်းကြောင်းလို့ ဆိုရင်လည်း မမှားပါဘူး။ စီးပွား- ကူးသန်းက ၂၀၁၉ ဇွန်လ ကုန်အထိ နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတွေအရ အဲဒီ နယ်စပ် ကုန်သွယ်ရေး စခန်းကနေ တစ်နေ့ကို ပို့ကုန် - ဒေါ်လာ ၁၀သန်းခွဲဖိုး၊ သွင်းကုန် ၅ သန်းခွဲဖိုး နဲ့ တစ်နေ့ ဒေါ်လာ ၁၆ သန်းဖိုးလောက် ကုန်သွယ်မှု လုပ်နေကြတာပါ။ အခု ဒီ လမ်းကြောင်း ယာယီ ရပ်ဆိုင်းသွားပြီဖြစ်တဲ့အတွက် တစ်နေ့ ကုန်သွယ်မှုတန်ဘိုး ဒေါ်လာ ၁၆ သန်းဖိုးလောက် မလုပ်နိုင်တော့တဲ့ သဘောပါ။ ပို့ကုန်သမားတွေလည်း ကုန်မပို့နိုင်တော့ ပြောင်း၊ သစ်သီး သစ်နှံ၊ ရေထွက်ကုန် အပါအဝင် ကုန်တင်ပို့သူတွေ၊ စိုက်ပျိုးထုတ်လုပ်သူတွေနဲ့ အဲဒီ လုပ်ငန်းထဲ ပါဝင် ပတ်သက်နေကြသူတွေအားလုံး နစ်နာမှု ရှိကြပါတယ်။
တိုက်ပွဲအတွင်း အဓိက ပျက်စီးသွားတာက သီပေါနဲ့ နောင်ချိုကြားက ဂုတ်တွင်းတံတားပါ။ အစိုးရ ဆောက်လုပ်ရေး ဝန်ကြီးဌာနကတော့ အဲဒီတံတား ချက်ခြင်းပြင်ပါတယ်။ ၅ ရက်အတွင်း ပြင်ဆင်လို့ ပြီးသွားပေမယ့် လူစီးကားတွေ၊ ယာဉ်နဲ့ ကုန် အလေးချိန် ၃၆ တန်ထက် မပိုတဲ့ ကားတွေလောက်ပဲ ဖြတ်သန်းသွားနိုင်မယ့် ယာယီ ဘေလီတံတားလောက်ပဲ ထိုးနိုင်ခဲ့တာပါ။ ဒီအတွက် မန္တလေး - မူဆယ် ပြည်ထောင်စု ကားလမ်းကြီးမှာ ကုန်စည်တင်ပို့နေတဲ့ တန် ၅၀-၆၀ အလေးချိန်ရှိတဲ့ ၂၂ ဘီး တွဲကားကြီးတွေကတော့ မသွားနိုင်သေးပါဘူး။ အဲဒီ ကားကြီးတွေ သွားလာနိုင်ဖို့ နောက်ထပ် ခိုင်ခံ့တဲ့ တံတားအသစ် တစ်စင်း တည်ဆောက်ရမှာဖြစ်ပြီး အနည်းဆုံး တစ်လကျော် ကြာနိုင်တယ်လို့ စီးပွား- ကူးသန်း ဒုဝန်ကြီးက မီဒီယာတွေကို ပြောပါတယ်။ လက်ရှိ ဂုတ်တွင်းတံတား ကောင်းသွားလို့ ကုန်တင်ကားငယ်နဲ့ လူစီးကားတွေ ဖြတ်သန်းသွားလာနိုင်တဲ့တိုင် အဲဒီ လမ်းကြောင်းပေါ်မှာ တိုက်ပွဲတွေ မငြိမ်သက်သေးလို့ ကုန်တင်ကားတွေ လွတ်လွတ်လပ်လပ် ဖြတ်သန်းသွားလာလို့ မရသေးပါဘူး။ နောက် မြန်မာ့ ပို့ကုန်တွေ အဓိက သွားရာဖြစ်တဲ့ ချင်းရွှေဟော်လမ်းက တံတား တစ်ချို့ကိုလည်း ပြုပြင်ရပါဦးမယ်။
မြန်မာ နဲ့ တရုတ် နယ်စပ် ကုန်သွယ်ရေးမှာ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်း ကာလက စ မြန်မာဘက်က အတော်အထိနာခဲ့ပါတယ်။ အကြောင်းကတော့ နယ်စပ်ကုန်သွယ်ရေးကနေ တဆင့် နှစ်ပေါင်းများစွာ ကြာအောင် တရုတ်နိုင်ငံဘက် တင်ပို့နေတဲ့ မြန်မာ့ဆန်၊ ဆန်ကွဲနဲ့ အခြား ပို့ကုန် တစ်ချို့ကို တရားမဝင်လို့ ဆိုပြီး တရုတ်ဘက်က ဖမ်းဆီး အရေးယူမှုတွေ လုပ်နေတာကြောင့် သွင်းမရဖြစ်ပြီး မြန်မာ ကုန်သည်တွေ ဒုက္ခရောက်ခဲ့ကြတာပါ။
စာရင်းဇယားတွေကို ပြန်နှိုင်းယှဉ်ကြည့်ရင် ၂၀၁၇- ၁၈ ခုနှစ်က မူဆယ်နယ်စပ်ကနေ တရုတ်ကို ပို့ကုန် တစ်နေ့ ဒေါ်လာ ၁၁ ဒသမ ၃ သန်းကျော်ဖိုး သွင်းနေရာကနေ ၂၀၁၉ စာရင်းဇယားတွေအရ တစ်နေ့ ဒေါ်လာ ၁၀ သန်းခွဲ နီးပါးဖိုးပဲ သွင်းနိုင်ပါတော့တယ်။ ဒါဟာ မြန်မာ့ပို့ကုန်တန်ဘိုး တစ်ရက် ဒေါ်လာ တစ်သန်းဖိုးလောက် တစ်နှစ်အတွက်ဆို ဒေါ်လာ သန်း ၃၀၀ ကျော်ဖိုးလောက် မသွင်းနိုင်တော့တဲ့ သဘော၊ နစ်နာသွားတဲ့ သဘော ပြနေပါတယ်။ အဲဒါတွေဟာ မြန်မာ့ ဆန်နဲ့ ကောက်ပဲ သီးနှံတွေ မတင်ပို့နိုင်တဲ့ ပြသနာကြောင့် ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ တရုတ်ဘက်က သွင်းကုန်တန်ဘိုးက တစ်နေ့ ဒေါ်လာ တစ်သန်းကျော်၊ တစ်နှစ် ဒေါ်လာ သန်း ၃၅၀ကျော် မြင့်တက်လာတာ တွေ့ရပါတယ်။
အခုလို တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး၊ မြန်မာဘက်က အခက်အခဲ ဖြစ်နေချိန် နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးကို ဝင်တိုက်ခံရတော့ မြန်မာအစိုးရအတွက် ဗူးလေးရာ ဖရုံဆင့်သလို ဖြစ်သွားစေပါတယ်။ တကယ်တော့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်မှုတွေ ရှိနေပေမယ့် ဘာကြောင့် ဒီ နယ်စပ်ဂိတ် တစ်ခုတည်းနဲ့ပဲ အများကြီး ကုန်သွယ်မှု လုပ်နေရသလဲ ပြန်ပြီး သုံးသပ်ဖို့ လိုပါလိမ့်မယ်။ တရုတ်- မြန်မာ နယ်နိမိတ် တလျောက်ကို ပြန်ကြည့်ရင် တိုင်းရင်းသား လက်နက်ကိုင်တွေ ချုပ်ကိုင်ထားတဲ့ နယ်စပ်တွေကလည်း အတော်လေး ရှည်လျားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာအစိုးရအနေနဲ့ တရုတ်နိုင်ငံနဲ့ နယ်စပ် ကုန်သွယ်ရေး လုပ်ဖို့ နောက်ထပ် တရားဝင် နယ်စပ် ကုန်သွယ်ရေး စခန်း အသစ်တွေ ထပ်ဖွင့်လို့ လိုနေပြီ ဆိုတာကို ပြသ နေပါတယ်။
တရုတ်- မြန်မာ နယ်စပ်ဂိတ်တွေထဲမှာ တရုတ်ဘက်ကလည်း အဆင်သင့်ပြင်ထားပြီး အလားအလာလည်း ကောင်းတာက ကချင်ပြည်နယ်က ကမ်ပိုင်တီ နယ်စပ်ဂိတ်ပါ။ လက်ရှိ အချိန်ထိ နိုင်ငံတော် အဆင့် တရားဝင် နယ်စပ် ကုန်သွယ်ရေး စခန်းကြီး ဖြစ်မလာသေးသလို တစ်နေ့ ကုန်သွယ်မှု ပမာဏ ဒေါ်လာ တစ်သန်းကျော်ကျော်ပဲ ရှိပါသေးတယ်။ အဲဒီ နယ်စပ်ဂိတ်ကို နိုင်ငံအဆင့် ကုန်သွယ်ရေး စခန်း ဖွင့်နိုင်ရင်၊ ဖွံ့ဖြိုးအောင် လုပ်နိုင်ရင် မြန်မာနိုင်ငံ မြောက်ပိုင်းအတွက် ကြီးမားတဲ့ ကုန်သွယ်ရေး လမ်းကြောင်းကြီး ဖြစ်လာမှာပါ။ ဒါပေမယ့် ဒီလမ်းကြောင်းရဲ့ တစ်ချို့ အစိတ်အပိုင်းတွေကို ကေအိုင်အေ ကချင်လက်နက်ကိုင်တွေ စိုးမိုးထားတာကြောင့် အစိုးရဘက်က ကုန်သွယ်ရေး လမ်းကြောင်းကြီးအဖြစ် အဆင့်မြှင့်တင်ဖို့ စိတ်ပါလက်ပါ သိပ်မရှိလှတာလည်း တွေ့မြင်နေရပါတယ်။
နောက်ဆုံးတော့ ကုန်သွယ်ရေး ပြသနာဟာ ငြိမ်းချမ်းရေး ကိစ္စကို ပြန်ရောက်လာပါတယ်။ အဲဒီ တရုတ်နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်ရပ်နိုင်ခဲ့ရင်၊ ခိုင်မာတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့ရင် နယ်စပ်ကုန်သွယ်ရေးကို ဒီထက် အများကြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။ ခုဆိုရင် အစိုးရဟာ မန္တလေး- မူဆယ် ရထားလမ်း ဖေါက်ဖို့ ဖြစ်နိုင်ခြေ ရှိတာ လေ့လာနေပါပြီ။ ChinaRailway Eryuan Engineering Group Co.,Ltd. (CREEC) ရဲ့ လေ့လာချက်အရ ၂၅၈ မိုင်လောက် ရှည်မယ့် အဲဒီ ရထားလမ်းအတွက် ဒေါ်လာ ၇ ဘီလျံလောက် ကုန်ကျနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အခုလို မတည်မငြိမ် အခြေအနေမျိုး ဆိုရင်တော့ ဒီလောက် ရင်းနှီးမြှုပ်နှံမှုမျိုး လုပ်သင့် မလုပ်သင့် မေးခွန်းထုတ်စရာတောင် လိုမယ် မထင်ပါဘူး။ ဒီအတွက် အစိုးရနဲ့ တပ်မတော်ဟာ တရုတ်နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး ရအောင် စိတ်ပါလက်ပါ ကြိုးစားသင့်ပါတယ်။ အဲဒီကနေ တဆင့် တည်တန့်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရတဲ့ အခြေအနေထိ မရောက်သေးရင်တောင် နှစ်ဖက် နားလည်မှု တည်ဆောက်ပြီး ပြည်သူလူထု အကျိုးစီးပွား၊ တိုင်းပြည် အကျိုးစီးပွားအတွက် နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းတွေကို ပူးပေါင်း လုပ်ကိုင်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။