သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်မှု တစ်စုံတစ်ရာ ပြနိုင်တော့မလား


မိုင်းလား (Photo - U Hla Maung Shwe )

အခုရက်ပိုင်း အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ခပ်စိပ်စိပ် လုပ်လာတာ တွေ့မြင်ရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ အထူးဒေသ(၄) မိုင်းလား တပ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေး နှစ်(၃၀) ပြည့်ပွဲကျင်းပရာ မိုင်းလားမှာ အစိုးရနဲ့ မြောက်ပိုင်း လက်နက်ကိုင် (၄) ဖွဲ့ကိုယ်စားလှယ်တွေ တွေ့ကြပါတယ်။ အဲဒီနောက် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ ပူးပေါင်း ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူး အဖွဲ့ အစည်းဝေး ကျင်းပခဲ့ပြီး ဇူလိုင် ၉ ရက်နေ့မှာတော့ ကရင်လက်နက်ကိုင် တပ်ဖွဲ့ KNU ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တဆက်တည်း ဆိုသလို ဇူလိုင် ၁၁ ရက်နေ့မှာ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ RCSS/SSA ကိုယ်စားလှယ်တွေနဲ့ တွေ့ပါတယ်။ အခု ဇူလိုင်လ ထဲမှာကိုပဲ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA လက်မှတ် မထိုးရသေးတဲ့ ကရင်နီ လက်နက်ကိုင်အဖွဲ့ KNPP နဲ့ တွေ့ဆုံဖို့ ရှိသလို၊ တိုက်ခိုက်မှုတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ AA အပါအ၀င် မြောက်ပိုင်း လက်နက်ကိုင် (၄) ဖွဲ့နဲ့ အမြန်ဆုံး ပြန်တွေ့ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်မှု မရှိပဲ ရပ်တန့်နေတဲ့ အခြေအနေကို ကျော်လွှားနိုင်ဖို့၊ အောင်မြင် တိုးတက်မှုတွေကို ပြသနိုင်ဖို့ အခုလို တွေ့ဆုံဆွေးနွေးမှုတွေ အဆက်မပြတ် လုပ်နေတယ်လို့ ယူဆနိုင်ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်မှုတွေ ရလာနိုင်မလား ဆိုတာကို ခုတစ်ပတ် တင်ပြသွားပါ့မယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အပိုင်းသုံးပိုင်းခွဲပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ပထမ တစ်ပိုင်းက NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ ဆောင်ရွက်မှု အပိုင်း၊ ဒုတိယ ပိုင်းက လက်ရှိ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေဆဲ ရခိုင် AA တပ်ဖွဲ့အပါအ၀င်၊ ကိုးကန့်၊ ကချင်၊ တအဲာန်းပလောင် လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်ရပ်နိုင်မယ့် အခြေအနေ၊ တတိယပိုင်းကတော့ အပစ်အခတ် ရပ်စဲထားတာ နှစ် ၃၀ ကြာပြီဖြစ်တဲ့တိုင် NCA စာချုပ် လက်မှတ် မထိုးနိုင်သေးတဲ့၊ ငြိမ်းချမ်းရေး အပြည့်အ၀ မရသေးတဲ့ ၀ နဲ့ မိုင်းလား လို အင်အားကြီး လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဆက်ဆံရေး တွေပဲ ဖြစ်ပါတယ်။

ပထမပိုင်း NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည် ဖော်ရာမှာတော့ တစ်ဆို့မှုတွေ ရှိနေပြီး ကေအဲန်ယူ ကရင်လက်နက်ကိုင် အဖွဲ့က တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်မှု ရပ်ဆိုင်းထားသလို၊ ရှမ်းလက်နက်ကိုင် RCSS/SSA တပ်ဖွဲ့ကလည်း အပစ်ရပ်စောင့်ကြည့်ရေး JMC လုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့ ယာယီ ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ ပြသနာ အရင်းခံကို ပြန်ကြည့်ရင် ပြီးခဲ့တဲ့နှစ် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး အစည်းအဝေးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တစ်ခုတည်းသော တပ်မတော်ကိစ္စ၊ ပြည်ထောင်စုကနေ ခွဲမထွက်ရ ကိစ္စ ပြောဆိုရာကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။ ဒီပြသနာကို ကျော်လွှားဖို့ လက်ရှိ အစိုးရ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ဘက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အပြိုင် ဆောင်ရွက်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ရှင်းပြ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ တစ်ဆို့နေတဲ့ ကိစ္စတွေကိုလည်း ပြေလည်အောင် ဆွေးနွေး၊ အခြား တစ်ဖက်မှာလည်း NCA စာချုပ်ပါ ပုံမှန် ငြိမ်းချမ်းရေး လုပ်ငန်းတွေ အတိုင်းလည်း ဆက်သွားရအောင် ဆိုတဲ့ သဘောမျိုးပါ။

ဒါပေမယ့် ပြသနာ မြစ်ဖျားခံရာ ဖြစ်တဲ့ တပ်မတော်ဘက်ကတော့ တစ်ခုတည်းသော တပ်မတော် မူဝါဒ အတိုင်း ဆက်ပြီး ရပ်တည်နေတဲ့အကြောင်း၊ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီကို လက်ခံပေမယ့် ခွဲထွက်လို့ မရတဲ့ မူဝါဒကို စွဲကိုင်ထားကြောင်း၊ ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ် ချမှတ်ထားပြီးဖြစ်လို့ လုံးဝ ပြောင်းလဲမှာ မဟုတ်ကြောင်း ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ကတည်းက တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ဝင်တွေက တရားဝင် ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်နေပါတယ်။

အခြားတစ်ဖက်မှာလည်း ကာကွယ်ရေး ဦးစီးချုပ်ရဲ့ တစ်ခုတည်းသော တပ်မတော် ပြောဆိုချက်အပေါ် NCA လက်မှတ်ထိုးထားတဲ့ အစဉ်အလာကြီး၊ အင်အားကြီး KNU တပ်ဖွဲ့အတွင်း ဂယက်အကြီးအကျယ် ရိုက်သွားပြီး ဦးဆောင်မှု အတွင်း သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စပါ။ NCA လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည် ဖော်ခဲ့သူတွေနဲ့ သံသယ ကြီးသူတွေအကြား သဘောထားကွဲလွဲမှုကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တရားဝင် ပြန်ပြီး ပါဝင်နိုင်ရေး ကြံ့ကြာနေရတာ ဖြစ်ပါတယ်။ ဒီအချက်တွေ အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် NCA စာချုပ် ဆက်ပြီး အကောင်အထည် ဖော်ဖို့၊ ၂၀၁၉ ခုနှစ်အတွင်း ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံကြီး တစ်ခု ကျင်းပနိုင်ရေးဟာ ရည်မှန်းချက်ပဲ ဖြစ်ပြီး တကယ်လက်တွေ့ ဖြစ်လာမယ်လို့တော့ တပ်အပ် မပြောနိုင်သေးပါဘူး။

ဒုတိယ တစ်ပိုင်းက လက်ရှိ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင် AA တပ်ဖွဲ့ အပါအ၀င် ကိုးကန့်၊ တအဲာန်း ပလောင်၊ KIA ကချင် လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဆက်ဆံရေးပါ။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က အစိုးရဟာ မိုင်းလားမှာ အဲဒီ လက်နက်ကိုင် (၄) ဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး၊ နှစ်ဖက် Bilateral Ceasefire Agreement အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရေး အဆိုပြု မူကြမ်း တစ်ခု ပေးအပ်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီ တွေ့ဆုံမှုကလည်း တရုတ်အစိုးရရဲ့ မြန်မာငြိမ်းချမ်းရေး ဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ဆွန်းကိုရှန်းရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဖြစ်ပေါ်လာတာပါ။

အဲဒီ မူကြမ်းထဲမှာ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ဘယ်နေရာမှာ အခြေပြုရမယ်၊ တပ်မတော်ဘက်က ဘယ်တပ်ဖွဲ့တွေ နယ်မြေတွင်းက ထွက်ခွာပေးမယ် အစရှိသဖြင့် ဖော်ပြထားသလို၊ အပစ်ရပ်လက်မှတ်ထိုးပြီး သတ်မှတ် အချိန်ကာလ တစ်ခုအတွင်း NCA စာချုပ် လက်မှတ်ထိုးရမယ်လို့ အဆိုပြုထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ ဘက်က အဖြေပြန်ပေး၊ ပြန် ညှိနှိုင်းဆွေးနွေးဖို့ လိုပါတယ်။ လတ်တလော ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တပ်ဖွဲ့ တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပေမယ့် အစိုးရဘက်က AA တပ်ဖွဲ့ ရခိုင်ပြည်နယ်မှာ အခြေချခွင့်မပေးပဲ၊ နဂိုမူလ KIA နယ်မြေထဲမှာပဲ တပ်နေရာချဖို့ အဆိုပြုထားပါတယ်။ AA တပ်ဖွဲ့ဘက်ကလည်း ရခိုင်ပြည်နယ်မှာ အခြေချဖို့ သန္ဓိဌာန်ချ ကြိုးစားနေတာမို့ ဒီအဆိုပြုချက်နဲ့ ပတ်သက်ပြီး နှစ်ဖက် ခါးခါးသီးသီး သဘောထား ကွဲလွဲနိုင်ပါတယ်။ နောက်အရေးကြီး တစ်ချက်ဖြစ်တဲ့ အပစ်ရပ်စာချုပ် ကို NCA စာချုပ်နဲ့ ချိတ်ဆက်ထားတဲ့ အတွက် အပစ်အခတ် ရပ်စဲနိုင်ဖို့ကိုတောင် ခက်ခဲနိုင်ပါတယ်။

အစိုးရနဲ့ နှစ်ပေါင်း ၃၀ကြာ အပစ်ရပ်ထားတဲ့ ၀ တပ်ဖွဲ့ဘက်ကတော့ သူတို့ NCA ထိုးနိုင်ရေး အဆိုပြုချက်တစ်ရပ် အစိုးရဆီ ပေးပို့ထားပြီးပါပြီ။ အလားတူ မိုင်းလား တပ်ဖွဲ့ဘက်က သူတို့လည်း အခြား မဟာမိတ်တွေ NCA ထိုးရင် တစ်ပြိုင်နက်တည်း ထိုးကြမယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဝိုင်းတွေမှာ ပါဝင်မယ် ဆိုပြီး ချိုသာတဲ့ အသုံးအနှုန်းတွေနဲ့ ပြောဆိုထားတာ ရှိနေပါတယ်။ တကယ်တော့ NCA စာချုပ်မှာ ပါဝင်ဖို့ တရုတ်နိုင်ငံဘက်က အမြဲလိုလို ပေးနေတဲ့ ဖိအားကြောင့် မငြင်းနိုင်ပဲ ပြောဆိုရတာ ဖြစ်နိုင်ပြီး တကယ်လက်တွေ့ ၀တပ်ဖွဲ့နဲ့ မိုင်းလား တပ်ဖွဲ့ NCA ထိုးလာမယ့် အချိန်ကို မမှန်းဆနိုင်သေးပါဘူး။ ပြောရရင် ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ မပြောင်းလဲတဲ့ တင်းမာတဲ့ သဘောထား မူဝါဒ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ကိုင်စွဲထားတဲ့ ရပ်တည်ချက် စတာတွေ နှိုင်းယှဉ် ချင့်တွက်ရင် သိပ်မကြာခင်ကာလ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တိုးတက်မှုတွေပါလို့ ပြသနိုင်မယ့် အကြောင်းခြင်းရာတွေ ပေါ်ထွက်လာဖို့ မမျှော်မှန်းနိုင်သေးကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG