သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆလင် ဒုက္ခသည်တွေ ပြန်လက်ခံရေး လုပ်ငန်းစဉ် အကောင်အထည် ပေါ်လာနိုင်မလား


ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ (ဇူလိုင် ၂၈၊ ၂၀၁၉)
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ (ဇူလိုင် ၂၈၊ ၂၀၁၉)

နှစ်နိုင်ငံ သဘောတူညီချက်ရတာ နှစ်နဲ့ချီရှိခဲ့ပေမယ့် တကယ် လက်တွေ့ လုပ်ငန်းစဉ် မစတင်နိုင်သေးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ပြန်ပို့မယ့် ကိစ္စ လာမယ့်စက်တင်ဘာမှာ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး အဗ္ဗဒူမိုမင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က မြို့တော် ဒက္ကားမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း သူက သတင်းထောက်တွေကို အဲဒီလို ပြောလိုက်တာပါ။ ဒါဟာ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က အဓိက တာဝန်ရှိသူတစ်ယောက် အနေနဲ့ မူဆလင်တွေ ပြန်လာရေး အကောင်းမြင် သဘော ပထမဦးဆုံး အကြိမ် ပြောတာလည်း ဖြစ်ပါတယ်။ ဒီ့မတိုင်ခင်ကတော့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အပါအဝင် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေဟာ ဒုက္ခသည်တွေ ပြန်ပို့ရေး၊ အကောင်အထည် ပေါ်မလာတဲ့ကိစ္စ မြန်မာအစိုးရဘက်ကိုပဲ အပြစ်တင်နေခဲ့တာ ဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ သူတို့အနေနဲ့ နှစ်နိုင်ငံ သဘောတူညီချက်တွေနဲ့အညီ ထွက်ပြေးသွားသူတွေ ပြန်လက်ခံဖို့ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ဆန်းပိုင်းကတည်းက အဆင်သင့် ဖြစ်နေပြီ၊ တကယ် မစတင်နိုင်သေးတာ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ပြန်မပို့လို့ ဆိုပြီး ငြင်းဆိုနေခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ် ထဲ ရောက်သွားတဲ့ မူဆလင် ဒုက္ခသည်တွေ နေရပ်ပြန်ရေး လုပ်ငန်းစဉ် စတင်နိုင်တော့မလားဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ က နယ်ခြားစောင့်တပ်ဖွဲ့ ကွပ်ကွဲမှု ဌာနချုပ်နဲ့ အခြား စခန်း ၂ ခုကို ARSA အကြမ်းဖက် အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုနောက်ပိုင်း တပ်မတော် နဲ့ ရဲတပ်ဖွဲ့ဘက်က အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းတဲ့ စစ်ဆင်ရေး လုပ်ခဲ့ပြီး အဲဒီအချိန်ကတည်းက မူဆလင် ကျေးရွာသား တစ်ချို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးမှု ရှိခဲ့ပါတယ်။ အရည်အတွက် သိပ် အများကြီးတော့ မဟုတ်ပါဘူး။ ဒီ့မတိုင်ခင်ကတည်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မူဆလင်တွေ သိန်းနဲ့ချီ ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ပြောဆိုထားပါတယ်။ အဲဒီ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အခြေအနေတွေ တည်ငြိမ်မှု မရှိသေးခင် ၂၀၁၇ သြဂုတ်လ မှာတော့ ARSA အကြမ်းဖက် အဖွဲ့ကနေ ရဲကင်းစခန်း ၃၀ လောက်ကို တစ်ပြိုင်ထဲ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားအပြီး တပ်မတော်ကနေ တန်ပြန်နှိမ်နင်းရာမှာ တစ်ပတ် မပြည့်မီ အချိန်အတွင်း လူအယောက် ၃၇၀ လောက် သေဆုံးသည် အထိ ပြင်းထန်ခဲ့ပါတယ်။

အဲဒီအချိန်ကစ မူဆလင်နေအိမ်တွေ မီးလောင်မှုတွေ ဖြစ်ပေါ် ၊ ရွာသားတွေလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခဲ့ကြပြီး လက်ရှိ အချိန်ထိ လူ(၇) သိန်းကျော် ရောက်လာတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်က ဆိုပါတယ်။ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ ပြောတာကတော့ မောင်တောခရိုင်မှာ မူဆလင် တစ်သန်းကျော် ရှိတဲ့အနက် ၅၃၅၀၀၀ ကျော် ထွက်ပြေးသွားကြတယ်လို့ ဆိုထားပါတယ်။ မောင်တောခရိုင်မှာ ရှိတဲ့ မူဆလင် အရည်အတွက် တစ်ဝက်ကျော် နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားတယ် ဆိုတဲ့ သဘောပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ အလွန်များတဲ့ အရည်အတွက် ဖြစ်ပြီး ဒီ ဒုက္ခသည်တွေ ပြန်လက်ခံရေးဟာလည်း ကြီးမားတဲ့ လုပ်ငန်းစဉ်ကြီးတစ်ခု ဖြစ်ပါလိမ့်မယ်။

ဒီ လက်ခံရေး အစီအစဉ်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က ပြောဆိုထားတာတွေက ပြန်ဝင်လာမယ့်သူတွေကို လက်ခံမယ့် တောင်ပြိုလက်ဝဲနဲ့ ငါးခူရ စခန်းနှစ်ခု တည်ဆောက်ပြီးသွားလို့ အဲဒီမှာ စိစစ်မယ့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ဝန်ထမ်းတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ အစရှိသဖြင့် တာဝန်ချထား အသင့်ရှိနေပြီလို့ ဆိုပါတယ်။ အဲဒီ ကြားစခန်း ၂ ခုကနေ တစ်နေ့ လူအယောက် ၃၀၀ လောက် စိစစ် လက်ခံနိုင်မယ်လို့လည်း ပြောထားပါတယ်။

စိစစ်ပြီး ယာယီထားမယ့် လှဖိုးခေါင် ကြားစခန်းကိုလည်း တည်ဆောက်ပြီးသွားပြီ၊ အဲဒီ စခန်းကြီးဟာ လူ ၃ သောင်းလောက် ဆန့်ပြီး နေအိမ်တွေ တည်ဆောက်လို့ မပြီးသေးမီစပ်ကြား ယာယီပဲ နေကြရမယ်လို့ ဆိုထားပါတယ်။ မြန်မာအစိုးရဟာ ဒီလို ပြင်ဆင်ထားမှု အခြေအနေတွေကို နိုင်ငံတကာ သံတမန်တွေနဲ့ ပြည်တွင်း ပြည်ပ မီဒီယာတွေ သိအောင် မကြာခဏ ခေါ်သွားပြလေ့ ရှိပါတယ်။

မြန်မာအစိုးရဘက်က အဲလို လုပ်ကိုင်ဆောင်ရွက်နေပေမယ့် ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကတော့ မြန်မာအစိုးရဟာ ဒုက္ခသည်တွေကို ပြန်လက်ခံလိုစိတ် မရှိဘူးလို့ပဲ တွင်တွင်ပြောပြီး ဘယ်လို အကျိုးအကြောင်း ဆိုတာကိုတော့ အသေအခြာ ရှင်းပြတာ သိပ်မတွေ့ရပါဘူး။ နိုင်ငံတကာမှာ ရောက်နေတဲ့ ရိုဟင်ဂျာ အရေး တက်ကြွ လှုပ်ရှားသူတွေ ဘက်ကတော့ မူဆလင်တွေ ရခိုင်ပြည်နယ် ပြန်သွားရင် လုံခြုံမှု ရှိတယ် ဆိုတာ အာမခံ ပေးရမယ်၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရမယ်၊ သူတို့ ကျေးရွာတွေမှာပဲ သူတို့ကို ပြန်နေရာချပေးရမယ်လို့ တောင်းဆိုတာမျိုး ကြားကြရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ASPI လို့ ခေါ်တဲ့ သြစတြေးလျ မဟာဗျူဟာ မူဝါဒ ဆိုင်ရာ အဖွဲ့ဟာ ဂြိုလ်တုက ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး ဒုက္ခသည်တွေ ပြန်လက်ခံရေး မြန်မာအစိုးရ လုပ်ဆောင်ချက်တွေကို လေ့လာတာ လုပ်ခဲ့ပါတယ်။ သူတို့တွေ့ရှိချက်ကတော့ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ် အတွင်း အဲဒီ ဒေသမှာ အစိုးရဘက်ကနေ နေအိမ်တွေကို ဖြိုချရှင်းလင်းတာမျိုး လုပ်နေတာပဲ တွေ့ရပြီး ပြန်ဝင်လာမယ့်သူတွေ နေထိုင်ဖို့ ဘယ်လို အဆောက်အဦတွေမှ ဆောက်နေတာ မတွေ့ရဘူး ဆိုပြီး ထုတ်ပြန်ပါတယ်။

အဲဒီ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက နေအိမ်တွေ ကြိုတင်ပြီး ဆောက်မထားတာဟာ နေသူတွေ မရှိရင် ပျက်စီးသွားမှာ စိုးရိမ်ရလို့ ဖြစ်ကြောင်း၊ ပြန်ဝင်လာသူတွေကို နေအိမ်ဆောက်ဖို့ ငွေပေးမှာ ဖြစ်တဲ့အကြောင်း၊ ကိုယ်တိုင် မဆောက်နိုင်သူတွေကိုတော့ အစိုးရက ဆောက်ပေးမှာ ဖြစ်ပြီး ကြားစခန်းမှာ ယာယီနေထိုင် စောင့်ဆိုင်းရမှာ ဖြစ်ကြောင်း၊ ဒါတင်မက သူတို့အတွက် ဘာသာရေး အဆောက်အဦတွေ၊ စာသင်ကျောင်းတွေ၊ ဆေးခန်းတွေ နဲ့ အခြား အခြေခံ အဆောက်အဦတွေ ပါဝင်တဲ့ ပိုကောင်းတဲ့ ကျေးရွာတွေ တည်ထောင်ပေးသွားမယ်လို့ CAN သတင်းဌာနကို ဖြေကြားတာ တွေ့ကြရပါတယ်။ အခုဆိုရင် ဒုက္ခသည်တွေ ပြန်လက်ခံရေး ကိစ္စ ဘင်္ဂလားဒေ့ရှ် အစိုးရပိုင်းနဲ့ ဆွေးနွေးဖို့၊ ဖြစ်နိုင်ရင် ဒုက္ခသည် စခန်းတွေထဲ အထိ သွားပြီး အစီအစဉ်တွေ ရှင်းပြဖို့ မြန်မာ အစိုးရကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားရောက်နေပါတယ်။

လက်ရှိ အခြေအနေ အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် ဒုက္ခသည်တွေ ပြန်လက်ခံရေး မြန်မာအစိုးရဘက်က ပြင်ဆင်မှုတွေ လုံလောက်မှု မရှိသေးဘူး ဆိုတာကိုတော့ လက်ခံနိုင်စရာ ရှိပါတယ်။ ဒါပေမယ့် ဒီ ပြသနာတွေကို ဒုက္ခသည်တွေ ပြန်ပို့ရင်း အာစီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဖြေရှင်းပေးရင် တဖြေးဖြေး အဆင်ပြေသွားနိုင်စရာ ရှိပါတယ်။ ပြန်ဝင်လာတဲ့ ဒုက္ခသည်တွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ပြသနာကတော့ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေအရ ရေရှည်ဖြေရှင်းရမယ့် ပြည်တွင်းရေး ကိစ္စဖြစ်ပြီး အဲဒါကို တောင်းဆိုနေလို့ သိပ် အကျိုးထူးမယ့်ပုံတော့ မတွေ့ရပါဘူး။ အရေးကြီးတာက ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ရပ်တည်ချက်ပါပဲ။ ဒုက္ခသည် စခန်းထဲမှာ အကြောက်တရား လွှမ်းမိုးနေတာ၊ လူတစ်စု တစ်ဖွဲ့ကနေ ဒုက္ခသည်တွေရဲ့ တကယ့်ဆန္ဒကို ကြိုးကိုင်နေတာမျိုး မဖြစ်ရအောင် ကူညီပေးဖို့ လိုပါတယ်။ ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ ကိုယ် နေရပ်ပြန်နိုင်တဲ့အခါကျမှသာ အဲဒီ ဒုက္ခသည်တွေ အတွက်လည်း အဆင်ပြေ၊ ဘင်္ဂလားဒေ့ရှ် အစိုးရလည်း ဝန်ထုတ်ဝန်ပိုးလျော့၊ မြန်မာအစိုးရ အတွက်လည်း နိုင်ငံတကာ ဖိအားတွေ လျော့ကျ ဆိုတဲ့ သုံးဦးသုံးဖလှယ် အကျိုးရှိတဲ့ အခြေအနေမျိုး ရောက်နိုင်မှာ ဖြစ်ကြောင်းပါ။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG