အခုဆိုရင် ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပြီးတာ ၃၁ နှစ် ပြည့်ခဲ့ပြီးပါပြီ။ ထုံးစံအတိုင်း အမှတ်တရ အခန်းအနားတွေ ကျင်းပ၊ ကြေငြာချက်ထုတ်၊ သဝဏ်လွှာတွေပို့ စတာတွေ လုပ်ခဲ့ကြပါတယ်။ ထုတ်ပြန်ချက်တွေ သဝဏ်လွှာတွေထဲမှာ တူညီတဲ့ အချက်တစ်ခုကတော့ ဒီကနေ့အချိန်ထိ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်ခြင်း မရှိသေးဘူး ဆိုတာပဲ ဖြစ်ပါတယ်။ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးက စခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ တိုက်ပွဲ ဒီကနေ့ ဘယ်အခြေအနေ ရောက်နေပြီလဲ၊ ရှစ်လေးလုံး အရေးတော်ပုံကြီးကနေ ဘာသင်ခန်းစာတွေ ယူပြီး အရေးတော်ပုံ ရည်မှန်းချက် ပေါက်မြောက်အောင် ဘာတွေ ဆက်လုပ်ကြရင် ကောင်းမလဲ ဆိုတာ လေ့လာ ဆွေးနွေးကြည့်ကြရအောင်ပါ။
မြန်မာ့သမိုင်းကို ပြန်ကြည့်ရင် လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်ကနေ ဗိုလ်ချုပ်ကြီးနေဝင်း စစ်အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ မတိုင်ခင် ပါလီမန် ဒီမိုကရေစီခေတ် ထွန်းကားခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းဟာ တည်ဆဲ နိုင်ငံ့ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နင်းခြေပြီး စစ်အာဏာသိမ်း အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၈၈ ဒီမိုကရေစီ တောင်းဆိုတဲ့ လူထု အရေးတော်ပုံကြီး ဖြစ်ပွားလာတဲ့ အချိန်ထိ ဗိုလ်ချုပ်ကြီးနေဝင်းဟာ တော်လှန်ရေး ကောင်စီ ဥက္ကဌ၊ နိုင်ငံတော် သမ္မတ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌ အစရှိသဖြင့် ရာထူးအမျိုးမျိုးရယူပြီး တိုင်းပြည်ရဲ့ နံပတ်တစ် ခေါင်းဆောင်အနေနဲ့ အုပ်ချုပ်ခဲ့တာမို့ အာဏာရှင်၊ တစ်နည်း အာဏာရှင် အုပ်ချုပ်တဲ့ တိုင်းပြည်လို့ ပြောနိုင်ပါတယ်။ စစ်တပ်ကို ကျောထောက်နောက်ခံထား အုပ်ချုပ်ခဲ့တာမို့လည်း သူ့ကို စစ်အာဏာရှင်၊ မြန်မာနိုင်ငံကိုတော့ စစ်အာဏာရှင် စနစ်ကျင့်သုံးတဲ့ တိုင်းပြည် အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါတင်မက စစ်အာဏာရှင် စနစ် အုပ်ချုပ်မှုအောက်မှာ တိုင်းပြည်ဟာ စစ်ပြီးခေတ် အာရှနိုင်ငံတွေထဲမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ အကောင်းဆုံး နိုင်ငံ အဖြစ်ကနေ စီးပွားရေး၊ ပညာရေး အဖက်ဖက်ကနေ ယိုယွင်းကျဆင်းပြီး ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် အိမ်နီးချင်းနိုင်ငံတွေရဲ့ နောက်ကိုတောင် ရောက်သွားစေခဲ့ပါတယ်။ အဲလို အခြေအနေ ဆိုက်ရောက်ခဲ့လို့လည်း ပြည်သူလူထု တရပ်လုံး တခဲနက် အုံကြွပြီး ဒီမိုကရေစီ အရေး တောင်းဆို ဆန္ဒပြ၊ အရေးတော်ပုံကြီးတစ်ခု ဆင်နွဲှခဲ့ကြတာပါ။
ပြည်သူလူထု တစ်ရပ်လုံးရဲ့ အဲဒီ လိုအင်ဆန္ဒအပေါ် အာဏာရှင် ဦးနေဝင်း ပြန်ပေးလိုက်တာကတော့ စစ်အာဏာသိမ်းမှု တစ်ခုပါပဲ။ ရိုးရိုး စစ်အာဏာသိမ်းမှုမျိုး မဟုတ်တဲ့ ကိုယ့်တိုင်းသူပြည်သားတွေကို ကိုယ့်တပ်မတော် ကိုယ်တိုင်ကပဲ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ် နှိမ်နင်းခဲ့တဲ့ သွေးထွက်သံယို အာဏာသိမ်းမှုမျိုး ဖြစ်ပါတယ်။ နောက်ပိုင်း စစ်ခေါင်းဆောင်တွေကပဲ စစ်အာဏာရှင်စနစ် နဲ့ အုပ်ချုပ်ခဲ့လိုက်တာ ၂၀၁၁ ခုနှစ်အထိ ၂၃နှစ် တိုင်ခဲ့ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ ပတ်သက်ရင် သင်ခန်းစာ ယူစရာ အများကြီး ရှိနိုင်ပါတယ်။ ဒီအထဲမှာမှ အရေးကြီးတဲ့ သင်ခန်းစာ တစ်ခုက တပ်မတော် စစ်ခေါင်းဆောင် အဆင့်ဆင့်ဟာ အာဏာရှင် ဒါမှမဟုတ် အာဏာရှိသူ တစ်ယောက်ယောက်က ကိုယ့်တိုင်းရင်းသား ပြည်သူလူထုကို ပစ်ဆိုပစ်၊ သတ်ဆိုသတ် အမိန့်ပေးတာ မှန်သမျှ မျက်စေ့မှိတ်ပြီး လိုက်နာနေမယ် ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့ မဖြစ်နိုင်ဘူး ဆိုတာပါပဲ။ ဒါကြောင့်လဲပဲ ဒီမိုကရေစီ လိုလားသူတွေဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်ဖို့ အမြဲတစေ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၁၁ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာတဲ့အခါ စစ်အာဏာရှင်စနစ် တခန်းရပ်သွားပါတယ်။ ဒါဟာ စစ်အာဏာရှင်စနစ် ကျရှုံးသွားလို့ မဟုတ်ပဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခုအောက်မှာ စစ်ခေါင်းဆောင်တွေဟာ စစ်ဘုရင်မင်းဆက်တွေလို နိုင်ငံ့အာဏာ ဆက်ကာ ဆက်ကာ ရယူသွားနိုင်မယ့် အခြေအနေ တစ်ခု ပြောင်းလဲ ဖန်တီးထားရစ်ခဲ့လို့ပဲ ဖြစ်ပါတယ်။
ဒီကြားထဲ မျှော်လင့်မထားတဲ့ ကံကြမ္မာကောင်း တစ်ခုကတော့ ၂၀၁၅ ရွေးကောက်ပွဲအပြီး ၂၀၁၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီ အစိုးရအာဏာ ရလာခြင်းပါ။ ဗိုလ်ချုပ်ကြီးနေဝင်း စစ်အာဏာသိမ်းပြီး ၁၉၆၂ ခုနှစ်ကစ ရေတွက်ရင် နှစ်ပေါင်း ၅၀ကျော်အတွင်း မြန်မာ့သမိုင်းမှာ ဒါဟာ အကြီးမားဆုံး အလှည့်အပြောင်းတစ်ခုပါ။ ဒီ အလှည့်အပြောင်း တစ်ခု ပေါ်ပေါက်လာရတာဟာ အတိုက်အခံတွေ၊ ဒီမိုကရေစီ တော်လှန်ရေးသမားတွေ ပြည်သူတွေရဲ့ ကြိုးပမ်းမှု သက်သက်ကြောင့်မဟုတ်ပဲ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အသိုင်းအဝိုင်းအကြား ကြီးမားတဲ့ အကွဲအပြဲ ပြသနာကြီးကြောင့်လည်း ဖြစ်တယ်ဆိုတာ အထူး သတိပြုကြဖို့တော့ လိုပါတယ်။ ဒါကြောင့်လဲ ဒီမိုကရေစီ လိုလားသူတွေ၊ အတိုက်အခံတွေ အစိုးရအာဏာ ရလာသည့်တိုင် ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ဒီမိုကရေစီ ရည်မှန်းချက် ပြည့်မြောက်ခြင်း မရှိသေးပါ လို့ ပြောနေကြရတာပါ။
အဓိက အချက်ကတော့ မြန်မာနိုင်ငံဟာ နောက်ပြန်လှည့်သွားနိုင်တဲ့ အခြေအနေကနေ လုံး၀ ကင်းဝေးသွားပြီလို့ မဆိုနိုင်သေးလို့ပဲ ဖြစ်ပါတယ်။ ဒါဟာ စကားလုံးလှအောင် ပြောနေကြတာမျိုးဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပြန်ပေါ်ပေါက်မလာတော့ပါဘူး ဆိုတဲ့ အာမခံချက်မျိုး ရှိမနေသေးလို့ပါပဲ။ ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်း ရခဲ့တဲ့ သင်ခန်းစာနဲ့ လက်ရှိ အခြေအနေကို နှိုင်းယှဉ်ကြည့်လိုက်ရင် တပ်မတော်ဟာ အာဏာရှိသူ တစ်စုံတစ်ယောက် အမိန့်ပေးလိုက်တာနဲ့ အာဏာသိမ်းဆိုသိမ်း၊ ကိုယ့်တိုင်းရင်းသား ပြည်သူတွေပဲ ဖြစ်နေနေ၊ ကျောင်းသူကျောင်းသားပဲ ဖြစ်နေနေ ပစ်ဆိုပစ်၊ သတ်ဆိုသတ် မျက်စေ့မှိတ် လိုက်နာနေတဲ့ တပ်မတော် ဖြစ်နေသေးသ၍ ဒီမိုကရေစီ ပန်းတိုင် မရောက်နိုင်ဘူး ဆိုတာ အားလုံးနားလည်နိုင်ပါတယ်။ တဆက်တည်း တိုင်းရင်းသားတွေ အားလုံး လိုလားတောင့်တ နေတဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေမယ့် ဖက်ဒရယ် ပြည်ထောင်စုကိုလည်း တည်ထောင်နိုင်မှာ မဟုတ်ပါဘူး။ ပြောရရင် မြန်မာနိုင်ငံမှာ ဒီကနေ့ လိုအပ်နေတာ တိုင်းပြည် နောက်ကြောင်း ပြန်မလှည့်ဖို့၊ တပ်မတော်ဟာ နောက်ထပ် ဥပဒေမဲ့ အာဏာသိမ်းတာမျိုး မလုပ်တဲ့ တပ်မတော် ဖြစ်ဖို့ လိုအပ်နေပါတယ်။ တိုင်းပြည်ကို အဖက်ဖက်က ယိုယွင်း ကျဆင်းစေခဲ့တဲ့ အရင် စစ်အာဏာရှင်တွေ သွတ်သွင်းပေးခဲ့တဲ့ မှားယွင်းတဲ့ အတွေးအခေါ် ဆိုးတွေကနေ လမ်းခွဲထွက်ပြီး တိုင်းပြည်အတွက်၊ တိုင်းရင်းသား ပြည်သူလူထု အကျိုးကို ဦးထိပ်ပန်တဲ့ ကောင်းမွန်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ စစ်ဥပဒေ၊ စစ်စည်းကမ်းတွေကို လိုက်နာတဲ့ ပရော်ဖက်ရှင်နယ် တပ်မတော် ဖြစ်လာဖို့ လိုအပ်နေပါတယ်။
လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို လိုက်နာ၊ ကာကွယ်၊ စောင့်ရှောက်မယ်လို့ ပြောထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များ အခန်းမှာပဲ သမ္မတ က တာဝန်ပေးခဲ့ရင် တပ်မတော်က နိုင်ငံ့အာဏာကို အချိန်အကန့်အသတ်နဲ့ ရယူကျင့်သုံး နိုင်တယ် ဆိုတာလောက်ပဲ ပါပြီး တပ်မတော်က အာဏာသိမ်းနိုင်တဲ့ ပြဌာန်းချက်မျိုး မပါတာကြောင့် တပ်မတော်ခေါင်းဆောင်တွေ အခြေခံဥပဒေကို လိုက်နာနေသ၍ စစ်အာဏာသိမ်းတာမျိုး၊ နောက်ကြောင်းပြန်လှည့်တာမျိုး ဖြစ်ဖို့ မရှိဘူးလို့ မှန်းဆ နိုင်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် ဖွဲ့စည်းပုံ ပြင်ဖို့လိုအပ်တာကြောင့်၊ ဖွဲ့စည်းပုံ ပြင်ရာမှာ တပ်မတော်က ပါဝင်လာအောင်၊ ပြည်သူလူထုကို အမိအဖ သဖွယ် သဘောထား စောင့်ရှောက်တဲ့၊ စစ်ဥပဒေ၊ စစ်စည်းကမ်းတွေ လိုက်နာတဲ့ တပ်မတော်တစ်ရပ် ဖြစ်လာအောင် ဒီမိုကရေစီ လိုလားသူတွေနဲ့ ပြည်သူတစ်ရပ်လုံးက တပ်မတော် ခေါင်းဆောင်တွေကို နည်းလမ်းပေါင်းစုံနဲ့ ဝိုင်းဝန်း စည်းရုံး ဆွဲဆောင်နိုင်မှသာ ရှစ်လေးလုံး ရည်မှန်းချက်တွေ ပြည့်မြောက်နိုင်မယ် ဖြစ်ကြောင်းပါ။