သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန စွမ်းဆောင်ရည် ဘယ်လောက်ရှိသလဲ


Ministry of Electricity and Energy,Myanmar
Ministry of Electricity and Energy,Myanmar
တိုက်ရိုက် လင့်ခ်

Zawgyi/ Unicode

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ခံရသူ (၂) ယောက် စတွေ့ပါတယ်။ အဲဒီနောက်ပိုင်းကစ အစိုးရဟာ COVID-19 ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အစီအမံ တစ်ချို့ စ အကောင်အထည် ဖော်ပါတယ်။ အဲဒီထဲမှာ အခြားသော အစီအမံ များစွာနဲ့ အတူ အစိုးရ ဝန်ထမ်းတွေကို တစ်ဝက်စီပဲ ရုံးတက်စေတာ၊ ပြည်သူတွေကိုလည်း တတ်နိုင်သလောက် stay at home အိမ်မှာပဲ နေခိုင်းတာ စတာတွေ ပါဝင်ပါတယ်။ နိုင်ငံခြားသံရုံးတွေ၊ နိုင်ငံတကာ အင်န်ဂျီအို အဖွဲ့အစည်းတွေ နဲ့ ကုမ္ပဏီလုပ်ငန်း တစ်ချို့ကတော့ အိမ်ကနေ အလုပ်လုပ်ရတဲ့ work from home အစီအစဉ် အကောင်အထည် ဖော်ကြပါတယ်။ ဒီအတွက် အစိုးရဟာ လျှပ်စစ်မီး သုံးစွဲတဲ့ အိမ်ထောင်စုတိုင်းအတွက် ဧပြီလ အတွက် ကျသင့်တဲ့ မီတာခ ကနေ မီတာ ယူနစ် ၁၅၀ စာ ကျပ်ငွေ ၁၁၅၅၀ ကို COVID-19 ကာလ အထောက်အပံ့အဖြစ် ပေးမယ် ဆိုပြီး ကြေငြာပါတယ်။ ကြေငြာချက် ထွက်ပြီး မကြာခင် အဲဒီမီတာခ သက်သာမယ့် ငွေကျပ် ၁၁၅၅၀ ကို အစိုးရရဲ့ COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီရဲ့ ဘဏ်အကောင့်န်တွေထဲ ပြန်ပြီး လှူဒါန်းသူတွေလည်း အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ အစိုးရရဲ့ မီတာခ သက်သာပေးတဲ့ အစီအစဉ်ကို ထောက်ခံကြတဲ့ သဘောပါ။

ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာပဲ ဧပြီလ အတွက် မီတာဘေလ်တွေ ထွက်လာတဲ့ မေလဆန်းအရောက်မှာတော့ မီတာခ အများကြီး ကျနေတယ်၊ မီတာ ဖတ်တာတွေ မှန်ကန်မှု မရှိဘူး၊ အစိုးရက မီတာခ သက်သာခွင့် ပေးပေမယ့် ဘာမှ မခံစားရဘူး၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ဆောင်မှု ညံ့ဖျင်းတယ် ဆိုတဲ့ ဝေဖန်မှုတစ်ချို့ ထွက်ပေါ်လာပါတယ်။ အဲလို ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ရှင်းပါတယ်။ ဒီ ပြသနာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုသူတွေ ထောက်ပြတဲ့အချက် မှန်ပါရဲ့လား၊ သူတို့ ထောက်ပြသလို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ စွမ်းဆောင်မှုတွေ အရည်အသွေး နိမ့်ကျနေပါသလား ဆိုတဲ့ ပြသနာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အင်န်အယ်လ်ဒီ အစိုးရလက်ထက် လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန စွမ်းဆောင်ရည် ဘယ်လောက် ရှိသလဲ ဆိုတာ လေ့လာကြည့်ပါမယ်။

လျှပ်စစ် ထုတ်လုပ် ဖြန့်ဖြူးမှု အကြောင်းပြောရင် မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ နီးပါး အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် အစိုးရတွေ လက်ထက်က အခြေအနေ အကျဉ်းလောက် ပြောဖို့ လိုပါလိမ့်မယ်။ သူတို့လက်ထက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုဟာ နိုင်ငံတကာ အဆင့်ဝေးလို့ အိမ်နီးချင်းနိုင်ငံတွေနဲ့တောင် နှိုင်းယှဉ်လို့ မရအောင် နည်းပါးလွန်းလှပါတယ်။ ၂၀၁၁ မတိုင်ခင်က ဆိုရင် လျှပ်စစ်ဓာတ်အား အမြင့်ဆုံး ထုတ်လုပ်နိုင်မှု မဂ္ဂါဝပ် ၁၃၀၀ နဲ့ ၁၅၀၀ ကြားလောက်ပဲ ထုတ်လုပ်နိုင်ပြီး နိုင်ငံ့မိသားစု လေးပုံတစ်ပုံ အောက်လောက်ကိုပဲ လျှပ်စစ်မီး ပေးနိုင်ပါတယ်။ လျှပ်စစ်မီး အရဆုံးလို့ ဆိုတဲ့ ရန်ကုန်မှာတောင် အင်ဗက်တာတွေကို အားပြန်ဖြည့်လို့ မရနိုင်တော့တဲ့အထိ ရက်နဲ့ချီ မီးပြတ်တာမျိုး ကြုံခဲ့ရဖူးပါတယ်။ အကျိုးဆက်ကတော့ ပြည်သူတွေ ဒုက္ခရောက်ကြရသလို၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း မဆွဲဆောင်နိုင်ခဲ့ပါဘူး။

အဲဒီအချိန်က ရခိုင်၊ တနင်္သာရီနဲ့ မြို့ရွာ အတော်များများမှာ ကိုယ့်အစီအစဉ်နဲ့ ကိုယ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုတွေ လုပ်ခဲ့ကြရပြီး လျှပ်စစ်အတွက် ကုန်ကျစားရိတ် အများကြီး သုံးခဲ့ကြရပါတယ်။ လျှပ်စစ်မီး ရတဲ့ မြို့ပြတွေမှာလည်း မီးပြတ်တဲ့အခါ အသုံးပြုလို့ရအောင် မီးစက်ကိုယ်စီ ဆောင်ထားရတာ၊ ဘတ္တရီနဲ့ အားဖြည့်ပြီး သုံးလို့ရတဲ့ အင်ဗက်တာတွေ ဝယ်ထားရတာ၊ မီးအားဟာ လျှပ်စစ်ပစ္စည်း သုံးလို့ မရလောက်အောင် နည်းနေတာမို့ ဈေးကြီးလှတဲ့ မီးအားမြှင့်စက်တွေ ဝယ်ယူ တပ်ဆင်ကြရတာဟာ ထုံးစံ တစ်ခုလို ဖြစ်ခဲ့ပါတယ်။ အိမ်တိုင်းလိုလိုလောက်မှာ အစိုးရလျှပ်စစ်မီးလာရင် သုံးဖို့ မီးလိုင်းတစ်လိုင်း၊ မီးပျက်တဲ့အခါ မီးစက်၊ ဒါမှမဟုတ် အင်ဗက်တာနဲ့ အသုံးပြုရမယ့် မီးလိုင်းတစ်လိုင်း ခွဲခြားထားရတဲ့အထိပါပဲ။

ဒီထက် ဆိုးတာက လျှပ်စစ်မီး မှန်မှန် မပေးနိုင်ရာကနေ နောက်ဆက်တွဲပေါ်လာတဲ့ အဂတိလိုက်စားမှုပါ။ လျှပ်စစ်မီး မီတာဘောက်စ် ရဖို့ လာဘ်ပေးရသလို၊ မီးမှန်တဲ့ မီးလိုင်းနဲ့ ချိတ်ဆက်နိုင်ဖို့ကိုလည်း လာဘ်ငွေ ပေးကြရပါတယ်။ အဲဒီအချိန်က သာမန်ပြည်သူတွေ အတွက်ဆို မီးတစ်လိုင်း၊ ဗွီအိုင်ပီ လို့ ခေါ်တဲ့ အစိုးရအရာရှိကြီးတွေ၊ တပ်မတော် အရာရှိကြီးတွေ၊ သူဌေးကြီးတွေ နေထိုင်တဲ့ အိမ်မျိုးတွေ အတွက် မီးတစ်လိုင်း အစရှိသဖြင့် ခွဲခြားမှုတွေတောင် ရှိခဲ့ပါတယ်။ လျှပ်စစ်မီး မမှန်တာ၊ သွယ်တန်းထားတဲ့ ဓာတ်အားလိုင်းတွေ စိတ်မချရတာ၊ မီးအားမပြည့်တာ စတဲ့ ပြသနာပေါင်းစုံကြောင့် နောက်ဆက်တွဲ လျှပ်စစ်ပစ္စည်းတွေ ပျက်စီးတာမျိုးအပြင် မီးလောင်တာ၊ လူသေတာမျိုး အထိ ဆိုးကျိုးမျိုးစုံကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။

၂၀၁၁ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာတဲ့အခါ အဲဒီ အခြေအနေကို ပြုပြင်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ဒီမိုကရေစီ နည်းနည်းပါးပါး ရလာတဲ့ အခြေအနေအောက်မှာ အားကောင်းလာတဲ့ အင်န်ဂျီအို အဖွဲ့အစည်းတွေရဲ့ ရေအားကနေ လျှပ်စစ် မထုတ်ဖို့၊ ကျောက်မီးသွေးကနေ လျှပ်စစ်မထုတ်ဖို့ စတဲ့ ခုခံ ဆန့်ကျင်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် သူတို့ သက်တမ်းကုန်တဲ့ ၂၀၁၆ နှစ်ဆန်းအထိ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၄၀၀ ဝန်းကျင်လောက်ပဲ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ မိသားစုပေါင်း ၃၄ ရာခိုင်နှုန်းကိုပဲ လျှပ်စစ်မီးပေးနိုင်သေးတဲ့ အနေအထားပါ။

၂၀၁၆ အင်န်အယ်လ်ဒီ အစိုးရ တက်လာတဲ့အခါ ပြည်သူတွေအတွက်ရော၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ဖို့ အတွက်ကိုပါ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးဘက်ကို ပိုပြီး အာရုံစိုက်လာပါတယ်။ ၄ နှစ်ပြည့်ပြီးတဲ့ ကနေ့ အချိန်မှာတော့ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၇၀၀ လောက်အထိ ထုတ်လုပ်နိုင်လာပါပြီ။ အရင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က ထုတ်လုပ်ခဲ့တဲ့ ပမာဏ ထက် ၅၄% လောက် ပိုထုတ်နိုင်ပေမယ့် တစ်နိုင်ငံလုံး မိသားစုတွေရဲ့ တစ်ဝက်ဖြစ်တဲ့ ၅၀ ရာခိုင်နှုန်းကိုပဲ လွှမ်းခြုံ လျှပ်စစ်ဓာတ်အား ပေးနိုင်ပါသေးတယ်။ တစ်နိုင်ငံလုံး လွှမ်းခြုံ လျှပ်စစ်ဓာတ်အားပေးနိုင်ဖို့၊ အခုလက်ရှိ ထုတ်လုပ်နိုင်တာထက် နောက်ထပ် တစ်ဆ လောက် ထပ်ထုတ်လုပ်နိုင်ဖို့ အများကြီးလိုအပ်နေသေးပေမယ့် အရင်ခေတ်က ဒုက္ခနဲ့ ဝန်ထုတ်ဝန်ပိုး တစ်ချို့တော့ သက်သာသွားစေတာ တွေ့ရပါတယ်။

ရန်ကုန်နဲ့ မြို့ကြီး အတော်များများက နေအိမ်တွေက မီးစက် အငယ်လေးတွေ၊ အင်ဗက်တာတွေ ပျောက်ကွယ်ကုန်ပါပြီ။ နေရာ အတော်များများမှာ မီးအားမြှင့်စက်တွေ သုံးဖို့ မလိုတော့ပါဘူး။ ဗွီအိုင်ပီ အထူးသီးသန့်လိုင်းတွေ ပျောက်ကွယ်ကုန်ပြီး လျှပ်စစ်ဌာနဟာ အရင်ခေတ်ကလို နေရာတကာ အဂတိလိုက်စားမှု ပြည့်နှက်နေတဲ့ အနေအထားမျိုးနဲ့လည်း ခြားနားလာတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် အခြား လိုအပ်ချက်တွေ ပြသနာတွေကတော့ အများကြီးကျန်နေဆဲပါ။

လတ်တလော ဧပြီလ မီတာခ များတယ် ဆိုတဲ့ ပြသနာဟာ တကယ်တော့ သိပ် မထူးဆန်းပါဘူး။ ရာသီဥတု ပူပြင်းတာ၊ လူတွေအားလုံး နေအိမ်တွေမှာ အချိန်ပြည့်နီးပါးနေပြီး အဲကွန်းအပါအဝင် လျှပ်စစ်ပစ္စည်း သုံးစွဲမှု မြင့်တက်ခြင်းဟာ လျှပ်စစ်မီတာ ယူနစ် မြင့်တက်စေတဲ့ အကြောင်းရင်းပါပဲ။ ကျသင့်တဲ့ မီတာယူနစ်ထက် မီတာခ ကို ပိုပြီးကောက်ခံတယ် ဆိုတဲ့ ပြသနာမျိုး မပေါ်ပေါက်ခဲ့ပေမယ့် မီတာခ မှန်းဖတ်တာကြောင့် လစဉ် ကျသင့်မီတာယူနစ် အတိုင်း တိတိကျကျ ကောက်ခံတာမျိုး မလုပ်နိုင်ခဲ့တဲ့ အားနည်းချက်မျိုးကိုတော့ ဝန်ကြီးဌာန တာဝန်ရှိသူတွေဘက်က ဝန်ခံပြီး ပြုပြင်မယ်လို့ ကတိပေးထားပြီး ဖြစ်တာ တွေ့ရပါတယ်။ မီတာပုံးတွေ ရှိသင့်တဲ့ နေရာမှာ ရှိမနေလို့ မီတာယူနစ် မှန်မှန် မဖတ်နိုင်တဲ့ ပြသနာကိုလည်း ဖြေရှင်းပေးရပါဦးမယ်။ ပြည်သူတွေကို အမြဲတန်း ဒုက္ခပေးနေတဲ့ လျှပ်စစ်ရုံးကို သွားပြီး လစဉ် မီတာခ တိုးကြိတ် ဆောင်နေရတဲ့ ကိစ္စကိုလည်း ရန်ကုန်၊ ပဲခူးနဲ့ မန္တလေး မြို့တွေမှာ Mobile Banking ကနေ တဆင့်၊ Application တွေကနေ တစ်ဆင့် ပေးလို့ရတဲ့နည်းတွေ ရှိလာပြီမို့ အဲဒီဒုက္ခလည်း သက်သာလာပါပြီ။ ပြောရရင် လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနအနေနဲ့ ပြည်တွင်း လျှပ်စစ်ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ဝန်ဆောင်မှု အပိုင်းတွေနဲ့ ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံတွေ အဆင့်လောက် လိုက်မီဖို့ အများကြီး အကောင်အထည် ဖော်ဖို့ လိုနေသေးပေမယ့် ၄ နှစ်အတွင်း စွမ်းဆောင်မှုကတော့ အသင့်အတင့် ခရီးရောက်တာ တွေ့မြင်ရကြောင်းပါ။

-------------------------












XS
SM
MD
LG