သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် မြန်မာသတင်းမီဒီယာလောကကို နားလည်ပါရဲ့လား


မြန်မာ့သတင်းမီဒီယာနဲ့ ညစာစားပွဲအခမ်းအနား တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာလ ၂၃၊ ၂၀၁၈) နေပြည်တော်
မြန်မာ့သတင်းမီဒီယာနဲ့ ညစာစားပွဲအခမ်းအနား တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာလ ၂၃၊ ၂၀၁၈) နေပြည်တော်

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့က နေပြည်တော် နိုင်ငံတော်သမ္မတ အိမ်တော်မှာ သက်တန်းအသစ် တစ်ခု တာဝန်ယူမယ့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်တွေ ကတိသစ္စာပြုတဲ့ အခန်းအနား ကျင်းပပါတယ်။ ညပိုင်းမှာတော့ သတင်းမီဒီယာကောင်စီဝင်တွေကို ဂုဏ်ပြုညစာစားပွဲ ကျင်းပပေးပြီး အဲဒီပွဲကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပါတယ်။ ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကား ပြောတဲ့အပြင် ကောင်စီဝင်တွေရှိတဲ့ စားပွဲဝိုင်းတွေဆီ သွားပြီးတော့လည်း စကားပြောဆိုပါတယ်။ အဲဒီည ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ နှုတ်ခွန်းဆက် စကား၊ ဝိုင်းတစ်ချို့မှာ မီဒီယာ ကောင်စီဝင်တွေနဲ့ ပြောဆိုတဲ့ သတင်းမီဒီယာတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ မှတ်ချက်၊ စတာတွေနဲ့ ပတ်သက်ပြီး ဝေဖန်စရာ၊ ငြင်းခုံစရာတွေ ထွက်ပေါ်ခဲ့တာ တွေ့ရပါတယ်။ အဲဒီည သတင်းမီဒီယာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘာတွေ မှတ်ချက်ပေးခဲ့သလဲ၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာသတင်းမီဒီယာ လောက အခြေအနေ နားလည်ပါရဲ့လား ဆိုတာ လေ့လာဆွေးနွေးကြည့်ကြရအောင်ပါ။

ညစာစားပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က “ သတင်းဆိုတာ အခုခေတ်မှာ ဆိုရှယ်မီဒီယာခေတ်၊ ကျမတို့ခေတ်က သတင်းဌာနတွေကနေပဲ သတင်းရနေတာ၊ ဒီလို ဆိုရှယ်မီဒီယာဆိုတာ မရှိတဲ့အခါကျတော့ သတင်းဌာနတွေကို အားကိုးရတယ်၊ အခုကျတော့ သတင်းဌာနတွေရဲ့ သြဇာနဲ့ ဆိုရှယ်မီဒီယာတွေရဲ့ သြဇာတွေ ပြိုင်နေတယ်လို့ ကျမ ဒီလိုမြင်တယ်။ ပြိုင်နေတဲ့အခါကျ ဘယ်သူနိုင်နေလဲ ဆိုတာ ပြောရခက်တယ်” လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ သတင်းဌာနတွေနဲ့ ဆိုရှယ်မီဒီယာ ဆိုတာ နှိုင်းယှဉ်လို့ရတဲ့ အကြောင်းခြင်းရာတွေ မဟုတ်ကြပါဘူး။ သတင်းဌာန ဆိုတာ အများပြည်သူသိအောင် သတင်းတွေကို စုံစမ်း၊ ဖော်ထုတ်၊ တည်းဖြတ်ပြီး ဖြန့်ဖြူးနေတဲ့ လုပ်ငန်းဌာနပါ။ သတင်းတွေကို ဖြန့်ဖြူးရာမှာတော့ ပုံနှိပ် စက္ကူ၊ ရေဒီယို၊ ရုပ်သံ၊ အင်တာနက်လိုင်း၊ အင်တာနက် လိုင်းထဲမှာမှ ဝက်ဘ်ဆိုက်၊ ဆိုရှယ်မီဒီယာ၊ အပလီကေးရှင်း စသဖြင့် ပက်လက်ဖေါင်း မျိုးစုံသုံးပြီး ဖြန့်ဖြူးတာမျိုး လုပ်ပါတယ်။ ဆိုရှယ် မီဒီယာ ဆိုတာကတော့ သတင်းစာသား၊ ရုပ်ပုံ၊ အသံ၊ ဗီဒီယို စတာတွေကို ဖြန့်ဖြူးရာ၊ လက်ခံရာ၊ အပြန်အလှန် ပြောဆိုရာ ပက်လက်ဖေါင်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီ ဆိုရှယ်မီဒီယာ ပက်လက်ဖေါင်းမှာ လူပုဂ္ဂိုလ် တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ၊ ဌာန တစ်ခု အနေနဲ့ဖြစ်စေ ၊ သတင်းတွေဖြန့်ဖြူး၊ လက်ခံ၊ ဖလှယ်နိုင်ကြပါတယ်။ နမူနာအားဖြင့် မြန်မာနိုင်ငံမှာ ရေပန်း အစားဆုံး Facebook ဆိုရှယ်မီဒီယာထဲမှာ လူပုဂ္ဂိုလ် တစ်ဦးချင်းစီနဲ့ အုပ်စုလိုက် ပါဝင် အသုံးပြုနေကြသလို၊ သတင်းဌာန ပေါင်းစုံ၊ အစိုးရ ဌာနဆိုင်ရာ၊ တပ်မတော်၊ အသင်းအဖွဲ့ အစရှိသဖြင့် အားလုံး ပါဝင် အသုံးပြုနေကြတာပဲ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာလို့ ဆိုလိုက်ရင် လူပုဂ္ဂိုလ်တွေရော သတင်းဌာနတွေရော၊ အခြား ဌာနဆိုင်ရာ၊ အဖွဲ့အစည်း အားလုံး ပါဝင်သွားပြီဖြစ်ပါတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နှိုင်းယှဉ်ချင်တယ် ဆိုရင် အရင်ခေတ်ဟောင်းတုန်းက ရှိခဲ့တဲ့ ပုံနှိပ်၊ ရေဒီယို၊ ရုပ်သံ မီဒီယာတွေနဲ့ အင်တာနက်ပေါ်က ဆိုရှယ် မီဒီယာ ဘယ်ပက်လက်ဖေါင်းက သာမလဲ နှိုင်းယှဉ်ကြည့်တာမျိုး ဆိုရင်တော့ သဘာ၀ ကျပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်လည်း သတင်းဌာနတွေနဲ့ သတင်းဌာနမဟုတ်တဲ့ လူတွေ၊ အစိုးရ ဌာနဆိုင်ရာတွေ၊ အဖွဲ့အစည်းတွေရဲ့ သတင်းထုတ်လုပ်၊ ဖြန့်ဖြူးမှု၊ ပရိသတ်လက်ခံမှု ဘယ်သူသာမလဲ၊ ဘယ်သူက သြဇာ ပိုရှိမလဲ နှိုင်းယှဉ်ကြည့်တာမျိုး ဆိုရင်လည်း လုပ်လို့ ရနိုင်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်က သတင်းဌာန နဲ့ ပက်လက်ဖေါင်းတစ်ခုကို နှိုင်းယှဉ်တာမို့ မှားယွင်းတဲ့ နှိုင်းယှဉ်မှုလို့ ဆိုနိုင်ပါတယ်။

နောက်တစ်ခု စကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောတာက ဆိုရှယ်မီဒီယာတွေကို မယုံရသလို၊ mainstream media တွေကိုလည်း မယုံရဘူးလို့ ဆိုပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး သူက သိပ်မကြာသေးခင်တုန်းက ဗြိတိန်က နာမည်ကြီး ဂါဒီးယန်း သတင်းစာမှာ ကမ္ဘောဒီးယားမှာ နှိပ်စက်ခံနေရတဲ့ ကလေးနှစ်ယောက်ရဲ့ သတင်းဓာတ်ပုံကို ရခိုင်ပြည်နယ်မှာ မြန်မာအစိုးရတပ်တွေက ညှဉ်းပန်းနေပုံအဖြစ် ဖော်ပြထားတာကို ဥပမာ ပေးပါတယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဆန်းစစ်ကြည့်ဖို့ လိုတာက mainstream media တွေမှာ ဖော်ပြတဲ့ သတင်းအများစုဟာ အဲလို မှားယွင်းမှုတွေချည်းပဲလား၊ ဒါမှမဟုတ် မကြာမကြာလား၊ ဒါမှမဟုတ် တစ်ခါတစ်ရံလား ဆန်းစစ်ကြည့်ဖို့ပါ။ အလားတူ သတင်းဌာနက မဟုတ်တဲ့ ဆိုရှယ်မီဒီယာတွေပေါ်က ဖော်ပြချက်တွေကရော အများစုဟာ အမှားတွေလား၊ ပြည့်စုံလား၊ ယုံကြည်ရသလား၊ တစ်ခါတစ်ရံမှပဲ အမှားတွေ ပါနေသလား၊ စသဖြင့် ဆန်းစစ်ကြည့်လိုက်တာနဲ့ လွယ်လွယ်ကူကူ အဖြေပေါ်သွားနိုင်ပါတယ်။

နောက်တစ်ခုက Right to information RTI ကိစ္စပါ။ စကားဝိုင်း တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းရင်းမြစ်ရှိတဲ့နေရာ သတင်းဌာနတွေကို သွားခွင့်ပေးတိုင်းလည်း သတင်းကို အမှန်အတိုင်း ရေးချင်မှ ရေးမှာပေါ့ ဆိုပြီး မှတ်ချက်ပေးတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာလည်း ဒေါ်အောင်ဆန်းစုကြည် လွဲချော်နေတယ်လို့ သုံးသပ်နိုင်ပါတယ်။ တကယ်တော့ Right to information ဆိုတာဟာ ပြည်သူတွေရဲ့ သိပိုင်ခွင့် ကိစ္စပါ။ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ပြည်သူတွေဟာ အစိုးရဆီကနေ လျှို့ဝှက်ထားတာ မဟုတ်တဲ့ သတင်းအချက်အလက်တွေ သိပိုင်ခွင့်ရှိပါတယ်။ ဥပမာ အခွန် ဘယ်လိုဆောင်ရမလဲ၊ နိုင်ငံကူးလက်မှတ် ဘယ်လို လုပ်ရမလဲ၊ အစိုးရက ဘတ်ဂျက်တွေကို ဘယ်လို သုံးနေသလဲ၊ ဘယ်နေရာမှာ ဘယ်သူတွေကို ဘာလုပ်ငန်းတွေ လုပ်ပိုင်ခွင့်ပေးထားသလဲ စသဖြင့် စသဖြင့် အစိုးရဆီက သတင်းအချက်အလက် သိပိုင်ခွင့်ကိစ္စပါ။ ပြည်သူတွေက သိချင်တယ်ဆိုရင် အဲလို အချက်အလက်မျိုးကို အစိုးရဌာနဆိုင်ရာတွေဘက်က ထုတ်ပြန်ပေးရမယ် ဆိုတဲ့ သဘောပါ။ လက်ရှို မြန်မာနိုင်ငံမှာ Right to information Law မရှိသေးတာကြောင့် ဌာနဆိုင်ရာတွေဟာ သတင်းအချက်အလက်တွေကို ပေးချင်ပေးမယ်၊ မပေးချင်လည်း မပေးပဲ နေနိုင်တဲ့ သဘောဖြစ်နေပြီး အဂတိလိုက်စားမှု အပါအဝင် ပြည်သူတွေအတွက် အခက်အခဲပေါင်းများစွာ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ ဒါဟာ သတင်းမီဒီယာသမားတွေနဲ့တော့ တိုက်ရိုက် သက်ဆိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲလို မှတ်ချက်တွေကနေ တဆင့် သူဟာ သတင်းမီဒီယာသမားတွေရဲ့ တာဝန်ကို အသေအခြာ သဘောမပေါက်၊ သတင်းမီဒီယာတွေကို မယုံကြည်ဘူး ဆိုတဲ့ ကောက်ချက်မျိုး ပေါ်ပေါက်လာတာ ဘာမှ မဆန်းပါဘူး။

ဒီလိုပြောလိုက်လို့ မြန်မာသတင်းမီဒီယာလောကဟာ ခြောက်ပစ်ကင်း သဲလဲစင် ဖြစ်နေတယ်လို့ ဆိုလိုလိုက်တာ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေ ဖွဲ့စည်းပေးခဲ့တဲ့ စာပေကင်ပေတိုင်လို့ ခေါ်တဲ့ ဆင်ဆာ အဖွဲ့ကို ရုပ်သိမ်းလိုက်တဲ့ ၂၀၁၂ နှစ်လည်မှ စတင်ရတဲ့ မြန်မာမီဒီယာလုပ်ငန်း သက်တန်းဟာ အလွန်ကို တိုတောင်းပါသေးတယ်။ စနစ်တကျ သင်ကြားခွင့်ရခဲ့တဲ့၊ ပညာရည်ပြည့်ဝတဲ့ ဂျာနယ်လစ်တွေလည်း အလွန်ပဲ နည်းသလို၊ သတင်းမီဒီယာ လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေဟာ ဆိုးရွားလှတဲ့ ပညာရေးစနစ်အောက်မှာ ကြီးပြင်းလာကြသူတွေ ဖြစ်နေတယ် ဆိုတာကိုလည်း မမေ့ဖို့ လိုပါတယ်။

တဆက်တည်း သတင်းမီဒီယာ လုပ်ငန်းတွေမှာလည်း အားနည်းချက်တွေ အများကြီးပါ။ အထူးသဖြင့် မီဒီယာလောကရဲ့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး အလွန်အားနည်းနေတာမျိုးပါ။ ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံကို ဦးဆောင်သူ တစ်ယောက် အနေနဲ့ မြန်မာသတင်းမီဒီယာလောက အခြေအနေကို အမှန်အတိုင်း နားလည်သင့်ပေမယ့် တကယ် ပြည့်ပြည့်၀၀ နားမလည်ဘူး ဆိုရင်လည်း ဘာမှ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ သူက သူ့နိုင်ငံရေးအလုပ် သူလုပ်နေသလို၊ မီဒီယာသမားတွေကလည်း ကျင့်ဝတ်လိုက်နာမှု၊ ပရော်ဖက်ရှင်နယ် ပီသမှုတွေကနေ တဆင့် ပြည်သူလူထု ယုံကြည်မှုရအောင် ကြိုးစားဖို့ပဲ လိုအပ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG